ယူကရိန်းစစ်မြေပြင်တွင် ပင်နီစီလင် နှစ်ဆထိုးမည့် ရုရှားတပ်မတော်

0

(သုတကမ္ဘာဂျာနယ် အတွဲ (၆) အမှတ် (၁) ပါ မျက်နှာဖုံးဆောင်းပါး)

ယူကရိန်းစစ်မြေပြင်တွင် ပင်နီစီလင် နှစ်ဆထိုးမည့် ရုရှားတပ်မတော်

နိဒါန်း

ဆောင်းပါး၏ ခေါင်းစဉ်ကို ကြည့်လိုက်သည်နှင့် ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ပေလောဟု ထင်မှတ်မှားကောင်း မှားနိုင်ကြပါမည်။ မဟုတ်ပါ။ ရုရှားတပ်မတော်၏ အသံတုံ့ပြန်မှုစနစ်သုံး အမြောက် ပစ်ခတ်မှု တန်ပြန်ထောက်လှမ်းရေးစနစ် (Acoustic – Thermal Artillery Reconnaissance System) ဖြစ်သည့် ပင်နီစီလင် (Penicillin or 1B75 Penicillin) အကြောင်းသာ ဖြစ်ပါသည်။ ရုရှားတပ်မတော်သည် ယူကရိန်းစစ်မြေပြင်တွင် ဆင်နွှဲနေသော အထူးစစ်ဆင်ရေးအတွင်း ပင်နီစီလင်စနစ်အား စတင်တပ်ဖြန့်ချထားပြီးနောက် လပေါင်းများစွာအကြာတွင် ရန်သူ့တပ်တည်နေရာများအား ထောက်လှမ်းသိရှိနိုင်နှင့် ရန်သူပစ်ခတ်မှုများအား ကာကွယ်နိုင်ရန် ထိုစနစ်၏ အရေအတွက်အား နှစ်ဆ တိုးမြှင့် တပ်ဖြန့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မည်သည့်အတွက်ကြောင့် တိုးမြှင့် တပ်ဖြန့်သနည်း

ယခုနှစ်ကုန်တွင် ဒွန်းနက်ခ်နှင့် လူးဟန့်ခ်တို့ ပါဝင်သည့် နိုဗာရပ်စီးယား (New Russia) သို့မဟုတ် NVO Zone အတွင်း ထိုပင်နီစီလင်စနစ်များအား နှစ်ဆ တိုးမြှင့် တပ်ဖြန့်သွားမည်ဟု သိရှိရသည်။ ထိုသို့ တိုးမြှင့် တပ်ဖြန့်ချထားခြင်အားဖြင့် ယူကရိန်းအမြောက်များအား ရုရှားတပ်များ၏ တန်ပြန်ပစ်ခတ်ချေမှုန်းမှု စွမ်းရည်များ ပိုမိုတိုးတက်လာမည်ဖြစ်သည်။

ထိုစနစ်များအား အထူးစစ်ဆင်ရေး စတင်ချိန်တွင် စတင်သုံးစွဲခဲ့ခြင်းဖြစ်ရာ ယူကရိန်းတပ်မတော်က အသုံးပြုနေသည့် ပြည်ပနိုင်ငံလုပ် ဟောင်ဝစ်ဇာအမြောက်များအား ပစ်ခတ်ဖျက်စီးခြင်းများ အပါအဝင် စစ်ပွဲအတွင်း အဆိုပါစနစ်များ၏ ထိရောက်မှုစွမ်းရည်ကို ပြသနိုင်လျက် ရှိပါသည်။ သို့သော် ယူကရိန်းစစ်မြေပြင်တွင် ထိုပင်နီစီလင်စနစ် အရေအတွက် မည်မျှသုံးစွဲနေသည်ကိုတော့ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ထိုစနစ်များသစ်များအား ယူကရိန်းစစ်မြေပြင်သို့ ထပ်မံပို့ဆောင် အသုံးပြုနေကြောင်း ရုရှားမီဒီယာများတွင် ဖော်ပြပါရှိပါသည်။ ထိုအမြောက်ပစ်ခတ်မှု တန်ပြန်ထောက်လှမ်းရေးစနစ်သည် ယူကရိန်းတွင် နေတိုးထုတ် အမြောက်စနစ်များအား တိကျစွာ ထောက်လှမ်းချေမှုန်းနိုင်ကြောင်း ပြသနိုင်ခဲ့ပါသည်။ ဥပမာအားဖြင့်၊ စစ်ဘက်သတင်းရင်းမြစ်များက ပင်နီဆီလင်သည် ရုရှားတပ်များကို အတိုင်းအတာတစ်ခုအထိ အကွာအဝေးမှ ယူကရိန်း တာဝေးပစ်အမြောက်များကို တိတိပပ ပစ်မှတ်ထားနိုင်စေခြင်းဖြင့် ပြင်းထန်သော အကျိုးသက်ရောက်မှု ရှိသည်ဟု အခိုင်အမာဆိုထားကြသည်။ ယူကရိန်း၏ အမြောက်များအား ရုရှားတို့က ပြင်းပြင်းထန်ထန် ချေမှုန်း‌နေစဉ်အတွင်းမှာပင်  ၎င်း၏လေကြောင်းစွမ်းအားကိုလည်း ဖြတ်တောက်ချေမှုန်းရန် တစ်ပြိုင်နက်တည်း လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

တစ်ချိန်တည်းမှာပင် ရုရှားဘက်မှ သတင်းရင်းမြစ်များ၏ အဆိုအရ ထိုစနစ်များသည် ရှေ့တန်းစစ်မြေပြင်၏ အဝေးရှိ ကြားစခန်းများတွင် ချထားသော အမြောက်များအားလည်း ကာကွယ်ပေးနိုင်သည်ဟု ဆိုသည်။ ယူကရိန်းတို့ အသုံးပြုနေသည့် အမေရိကန်က ထောက်ပံ့ပေးထားသော တန်ပြန်အမြောက် ထောက်လှမ်းရေးစနစ်များအား ဖိဖျက်ခြင်း (Jamming) နှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးနည်းလမ်းများဖြင့် ကြားဖြတ်ဟန့်တားနိုင်ကြောင်း သိရှိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် အတည်ပြုခြင်းမရှိသော်လည်း ထိုစနစ်များအား Bakhmut မြို့တွင် နှစ်ဘက်တပ်များ အပြင်းအထန်တိုက်ခိုက်နေပြီး ခဲယမ်းမီးကျောက်များ လျော့နည်းပြတ်လပ်ကာ ထိခိုက်ဒဏ်ရာရရှိသူများ များပြားနေချိန်တွင် စတင်တပ်ဖြန့်ချထားသည်ဟု ယူဆရပါသည်။ ထို့အပြင် ယူကရိန်းသည် နေတိုးမဟာမိတ်များ အထူးသဖြင့် အမေရိကန်က HIMARS အပေါ့စား အတွဲလိုက်ပစ် ဒုံးစနစ်များအတွင် ခဲယမ်းများ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် စစ်ရေးအကူအညီသစ် ပေးအပ်ရန် ကြေညာခြင်းများကဲ့သို့ တဖြည်းဖြည်း ပုံမှန်ဖြည့်တင်းပေးခြင်းများ ပြုလုပ်လာချိန်တွင် ထိုစနစ်များအား ပိုမိုတပ်ဖြန့်ချထားခြင်း ဖြစ်သည်ဟု သိရှိရသည်။ ယူကရိန်းက နေတိုးအဖွဲ့က ထောက်ပံ့သည် လက်နက်ခဲယမ်းများဖြင့် အင်အား တိုးချဲ့လာရာ ရုရှားတပ်များအတွက် ရန်သူ့တည်နေရာအား မျက်ခြေမပြတ် ရှာဖွေထောက်လှမ်းကာ တိုက်ခိုက်နိုင်ရေးမှာ ပိုမိုအရေးကြီးလာပါသည်။ ဤနည်းဖြင့် ပင်နီစီလင်အား သုံးစွဲမှု ပုံပေါ်လာပါတော့သည်။

ရုရှား၏ ပင်နီစီလင်ခေါ် အသံတုံ့ပြန်မှုစနစ်သုံး အမြောက်ပစ်ခတ်မှု တန်ပြန်ထောက်လှမ်းရေးစနစ်ဆိုသည်မှာ အဘယ်နည်း

ပင်နီစီလင်စနစ်အား အမြောက်နှင့် ရော့ကက်ကျည်များ၊ လေယာဉ်ပစ်လက်နက်များနှင့် နည်းဗျူဟာ ဒုံးစနစ်များ၏ ပစ်ခတ်မှုတည်နေရာအား ရှာဖွေဖော်ထုတ်နိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပင်နီစီလင်သည် အမေရိကန်က ယူကရိန်အား ထောက်ပံ့ပေးထားသည့် HIMARS အတွဲလိုက်ပစ်ဒုံးစနစ်များအား တုံ့ပြန်ရန် ရုရှား၏ အဖြေဖြစ်လာသည်။

ပင်နီစီလင်စနစ်အား Ruselectronics ၏ လက်အောက်ခံ The Research Institute “Vector” က တီထွင်ထုတ်လုပ်ခြင်း ဖြစ်သည်။ ထုတ်လုပ်သူများ၏ အဆိုအရ ထိုစနစ်သည် အပူချိန် အနှုတ် ၄၀ ဒီဂရီစင်တီဂရိတ်မှ အပေါင်း ၅၀ ဒီဂရီစင်တီဂရိတ်အတွင်း တစ်နေ့တာပတ်လုံး အသုံးပြုနိုင်သည်။ ၎င်းစနစ်အား ၈ ဘီးယက် ကားမတ်ဇ် – ၆၃၅၀ ထရပ်ကား ကိုယ်ထည်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထောက်လှမ်းရေးစနစ်ဖြစ်သည့် Optoelectronic Module အား ဆန့်ထုတ်နိုင်သည့် တိုင်အမြင့်ပေါ်တွင် တပ်ဆင်ထားသည်။

စနစ်အားတည်ဆောက်ရာတွင် 1B75 ဆင်ဆာစနစ်အား ဆန့်ထုတ်နိုင်သည့် လက်တံတွင် တပ်ဆင်ထားကာ သီးခြားအနေဖြင့် မြေပြင်ပေါ်တွင် ချထားနိုင်သည့် တုန်ခါမှုတိုင်းတာရေးစနစ်များနှင့် အသံတုံ့ပြန်မှု ဖမ်းယူရေးကိရိယာများ ပါဝင်သည်။ ၎င်းစနစ်သည် ကီလိုမီတာ ၄၀ ပတ်လည်အတွင်း ကိုင်တွယ်သူအဖွဲ့သားများ ပါဝင်ခြင်း မရှိပဲ အလိုအလျောက် ထောက်လှမ်းလုပ်ဆောင်နိုင်ပါသည်။

အရေးအကြီးဆုံးအချက်မှာ ဤဆန်းသစ်သော ရုရှားနည်းပညာအခြေခံ လက်နက်ထောက်လှမ်းရေးစနစ်အား တုန်ခါမှုတိုင်းတာရေး ကိရိယာများ၊ အပူပုံရိပ်ဖော် ကိရိယာများနှင့် အသံတုန့်ပြန်မှု ဖမ်းယူရေးဆင်ဆာများဖြင့် ပေါင်းစပ်တီထွင် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

လူဖြင့်ကိုင်တွယ်၍ဖြစ်စေ၊ အလိုအလျောက်ဖြစ်စေ ရန်သူ့လက်နက်တည်နေရာအား အီလက်ထရောနစ် မြေပုံပေါ်တွင် တိကျစွာ ပုံဖော်ပေးနိုင်ရန်အတွက် ဤစနစ်သည် ရန်သူ့အမြောက်၊ စိန်ပြောင်းနှင့် အခြားလက်နက်ကြီးများ ပစ်ခတ်မှုနှင့် ကျည်ကျပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော အသံလှိုင်းများနှင့် အပူလှိုင်းများအား စုစည်းတွက်ချက်ပေးပါသည်။ တစ်ချိန်တည်းမှာပင် အဝေးဆုံး ၂၅ ကီလိုမီတာ အချင်းဝက် အကွာအဝေးရှိ ရန်သူ့ပစ်ခတ်မှု တည်နေရာအား ၅ စက္ကန့်ထက် မပိုသော အချိန်တွင်း ရှာဖွေဖော်ထုတ်ပေးနိုင်ကြောင်း သိရှိရပါသည်။

ပင်နီစီလင်စနစ်၏ တစ်ပန်းသာမှုမှာ ရေဒီယိုလှိုင်းများအား အသုံးပြုရန် မလိုအပ်ခြင်း ဖြစ်သည်။ လက်ရှိ ယူကရန်းတို့အသုံးပြုနေသည့် အမေရိကန်လုပ် AN/TPQ-36 ပစ်ခတ်မှုတန်ပြန်ထောက်လှမ်းရေး ရေဒါမှာမူ ရေဒီလှိုင်းများ အသုံးပြုထောက်လှမ်းရခြင်း ဖြစ်သည်။ ပင်နီစီလင်စနစ်တွင် ရေဒီယိုလှိုင်းများ အသုံးမပြုခြင်းကြောင့် ရေဒီယိုလှိုင်းသုံး ကိရိယာများ ရှာဖွေနိုင်ခြင်း မရှိသည့်အပြင်၊ အခြား အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များဖြင့် ဖိဖျက်ဦးနှိမ်ထားနိုင်ခြင်းလည်း မရှိချေ။ ထို့အပြင် ပင်နီစီလင်စနစ်အား ရေဒါဖျက်ဒုံးများဖြင့် ပစ်ခတ်ဖျက်စီးနိုင်စွမ်းလည်း မရှိတော့ချေ။

ပင်နီစီလင်စနစ်တစ်စုံသည် တပ်မတစ်ခုအား ရန်သူ့အမြောက်ပစ်ခတ်မှုမှ အကာကွယ်အပေးထားနိုင်သည်။ ထို့အပြင် ထိုစနစ်သည် မိမိဘက်မှ အမြောက်ပစ်ခတ်မှုများအားလည်း ကျည်ကျ ပြင်ဆင်ပေးနိုင်ကာ ပစ်ခတ်မှု ပေါင်းစပ်ညှိနှိုင်းမှုအားလည်း ပြုလုပ်ပေးနိုင်လေသည်။

နိဂုံး

လူမှုကွန်ယက်များနှင့် မီဒီယာများတွင် ရုရှားတပ်မတော် အမြောက်တပ်ဖွဲ့၏ တိကျစွာ ပစ်ခတ်နိုင်စွမ်းအား မကြာခဏဆိုသလို မြင်တွေ့ရမည် ဖြစ်ပါသည်။ ဤသည်မှာ အမြောက်တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုအပြင် ပင်နီစီလင်ကဲ့သို့သော ခေတ်မီစနစ်များ၏ စွမ်းရည်များကြောင့်လည်း ဖြစ်ပါသည်။ ပင်နီစီလင် အသံတုံ့ပြန်မှုစနစ်သုံး အမြောက်ပစ်ခတ်မှု တန်ပြန်ထောက်လှမ်းရေးစနစ်အား ၂၀၁၇ ခုနှစ်တွင် တီထွင်ကာ ၂၀၁၈ ခုနှစ်တွင် စမ်းသပ်ခဲ့ပြီး ရုရှားတပ်မတော်တွင် ၂၀၂၀ ပြည့်နှစ်၌ စတင်အသုံးပြုခဲ့ပါသည်။ နေတိုးက ထောက်ပံ့ပေးထားသည့် ဒုံးပစ်လောင်ချာစနစ်များနှင့် လူမဲ့တိုက်ခိုက်ရေးလေယာဉ်များကို အသုံးပြုကာ ယူကရိန်းက ရုရှားတို့၏ တပ်တည်များအား တိုက်ခိုက်နေချိန်တွင် ပင်နီဆီလင်သည် စစ်မြေပြင်တွင် အမှန်တကယ်အသုံးဝင် လက်နက်စနစ်တစ်ခုပင် ဖြစ်ပါတော့သည်။

ရင်းမြစ်

– Sakshi Tiwari, “Ukraine War: Russia to Double The ‘Dose’ Of Penicillin Sound-Thermal Systems To Neutralize Western Howitzers, MLRS”, The Eurasian Times, March 9, 2023

– Cranny-Evans, Samuel “Russia’s Penicillin artillery reconnaissance system completes state trials”, Jane’s Defence Weekly, 7 December 2018.

– Sudakov, Dmitry “Russia works on powerful ‘Penicillin’ pill for enemy guns”, Pravda.ru, 7 January 2019.

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply