ယူကရိန်းတွင် မည်သည့်အတွက်ကြောင့် စစ်ပွဲ၏ အဆုံးအဖြတ်အား ဖြစ်ပေါ်စေသည့် ဒုံးစနစ် မရှိသနည်း

0

(သုတကမ္ဘာဂျာနယ် အတွဲ (၆) အမှတ် (၂၃) တွင် ဖ်ောပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

ယူကရိန်းတွင် မည်သည့်အတွက်ကြောင့် စစ်ပွဲ၏ အဆုံးအဖြတ်အား ဖြစ်ပေါ်စေသည့် ဒုံးစနစ် မရှိသနည်း

နိဒါန်း

Storm Shadow ခရုဇ်ဒုံးပျံ သို့မဟုတ် ဒုံးလိမ္မာသည် ယူကရိန်းတွင် အသုံးပြုနေသော နောက်ဆုံးပေါ် နာမည်ကျော် ဒုံးစနစ်တစ်ခု ဖြစ်ပါသည်။ အဆိုပါဒုံးကျည်သည် ရုရှားထိန်းချုပ်နယ်မြေအတွင်းရှိ နက်ရှိုင်းသော အရေးကြီးပစ်မှတ်များအား ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ကြောင်း သက်သေပြခဲ့သနိုင်ခဲ့ပါသည်။ သို့သော်လည်း ကုန်လွန်ခဲ့သောနှစ်အတွင်း ရုရှားတို့၏ အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလွယ်၊ ပြင်လွယ် လုပ်ဆောင်မှုများကြောင့် Storm Shadow ခရုဇ်ဒုံးပျံ၏ ထိရောက်မှုမှာ အကန့်အသတ် ဖြစ်လာကြောင်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများအပြားက သုံးသပ်ကြပါသည်။

စာနယ်ဇင်းများက ယခု ဖြစ်ပွါးနေသည့် ရုရှား – ယူကရိန်း စစ်ပွဲအတွင်: ယူကရိန်းဘက်တွင် စစ်ပွဲ၏ အဆုံးအဖြတ်အား ဖြစ်ပေါ်စေမည့် လက်နက်များစွာ ရှိသည်ဟု အမွှန်းတင် ရေးသားကြသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့သော လက်နက်မျိုး မရှိပါ။ ထိုသို့သော လက်နက်များအနက် နှစ်မျိုး၏ အကြောင်းအား သုံးသပ်သွားပါမည်။

ပထမလက်နက်မှာ လူမဲ့လေယာဉ်များဖြစ်ပြီး ဒုတိယတစ်မျိုးမှာ HIMARS ဖြစ်ပါသည်။ ယူကရိန်းသည် တူကီးရေးထုတ် Bayraktar TB2 လူမဲ့တိုက်ခိုက်ရေး လေယာဉ်များအား စစ်ပွဲ၏ အစပိုင်းတွင် တွင်ကျယ်စွာ အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

Bayraktar TB2 အများစုမှာ ပစ်ချခြင်းခံရပြီးဟု ယူဆရပါသည်။ Bayraktar TB2 သည် စစ်ပွဲများအတွင်း အစွမ်းပြနိုင်သော လက်နက်စနစ် ဖြစ်သော်လည်း ယခုစစ်ပွဲအတွင်း စစ်ပွဲ၏ အဆုံးအဖြတ်အား မဖြစ်စေခဲ့ပါ။ နိုင်ငံများစွာက စစ်ပွဲ၏ အဆုံးအဖြတ်အား ဖြစ်ပေါ်စေမည့် လက်နက်အဖြစ် ယူကရိန်းအား ပုံမှန်ထောက်ပံ့ ပေးနေကြသော်လည်း ရုရှားတို့က အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလွယ်၊ ပြင်လွယ် လုပ်ဆောင်မှုများကြောင့် အဆိုပါလက်နက်များ၏ ယခင်က သတင်းမွှေးမှုများမှာ ပျောက်ဆုံးသွားရပါသည်။ ယူကရိန်းအား ထောက်ပံ့ပေးအပ်နေသော နိုင်ငံများအတွက်လည်း စိတ်ပျက်လက်ပျက် ဖြစ်စေပါသည်။

Storm Shadow ခရုဇ်ဒုံးပျံ

အထင်ရှားဆုံး ဥပမာတစ်ခုမှာ ပြင်သစ်နှင့် ယူကေတို့ ပူးပေါင်းထုတ်လုပ်ထားသည့် ဝေဟင်မှ ပစ်လွှတ်တိုက်ခိုက်နိုင်သော Storm Shadow ခရုဇ်ဒုံးပျံ ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ယူကရိန်းတောင်ပိုင်းနှင့် ခရိုင်းမီးယားကျွန်းဆွယ်အား ဆက်သွယ်ထားသည့် အရေးပါသော Chonhar တံတားအား Storm Shadow အသုံးပြု ဖျက်စီးနိုင်ခဲ့ပါသည်။ ပြင်သစ်သည် SCALP အမည်ဖြင့် ယူကရိန်းသို့ အလားတူ ဒုံးကျည်ကို ထောက်ပံ့ပေးရန် ဆုံးဖြတ်ထားကြောင်းလည်း တွေ့နိုင်ပါသည်။

Storm Shadow သည် အလေးချိန် ၁၃၀၀ ကီလိုဂရမ် အလေးချိန်ရှိသော ဝေဟင်မှ မြေပြင်ပစ် ခရုဇ်ဒုံးကျည် ဖြစ်သည်။ ၎င်းတွင် အားကောင်းသော Turbomeca Microturbo TRI 60-30 ဂျက်အင်ဂျင် တပ်ဆင်ထားပြီး တွန်းအား ၅ ဒဿမ ၄ kN ဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀၀ အမြန်နှုန်းဖြင့် ထူးကဲစွာ ပျံသန်းတိုက်ခိုက်နိုင်ပါသည်။ ဒုံးကျည်၏ အတိုင်းအတာမှာ ကိုယ်ထည် အလျား ၅ ဒဿမ ၁ မီတာ၊ အချင်း သုည ဒဿမ ၄၈ မီတာ နှင့် တောင်ပံအလျား ၃ မီတာ တို့ ဖြစ်ပါသည်။

Storm Shadow ၏ စစ်ဆင်နိုင်သော အကွာအဝေးမှာ ၅၆၀ ကီလိုမီတာ ဖြစ်ပါသည်။ သို့သော်လည်း ပြည်ပသို့တင်ပို့သည့် မျိုးကွဲတွင် အကွာအဝေး ၂၅၀ ကီလိုမီတာသို့ လျော့ချကန့်သတ်ထားသည်။ ဤအကွာအဝေးသည် ယူကရိန်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေတွင် လက်တွေ့ကျပြီး ဒုံးကျည်ပစ်လွှတ်သည့် လေယာဉ်အား အန္တရာယ်မဖြစ်စေဘဲ ရန်သူ့ပိုင်နက်အတွင်းသို့ နက်ရှိုင်းစွာ တိုက်ခိုက်နိုင်စေပါသည်။

ဒုံးကျည်တွင် ၄၅၀ ကီလိုဂရမ် ရှိ BROACH (Bomb Royal Ordnance Augmented Charge) ပေါက်ကွဲအားပြင်း ထိပ်ဖူးတပ်ဆင်ထားပြီး ပြင်းထန်သော အဖျက်စွမ်းအားကို ဖြစ်ပေါ်စေပါသည်။ လမ်းညွှန်စနစ်အနေဖြင့် Inertial၊ GPS နှင့် TERPROM (Terrain Profile Matching) စနစ်များ ပါဝင်သည်။ ထို့အပြင် ပစ်ခတ်ပျံသန်းမှု နောက်ဆုံးအဆင့်တွင် Storm Shadow သည် ပစ်မှတ်တိကျစေရန်အတွက် အနီအောက်ရောင်ခြည်သုံး DSMAC (Digital Scene-Mapping Area Correlator) ပုံရိပ်ဖော်စနစ်ကို အသုံးပြုပါသည်။

Storm Shadow ကို နိုင်ငံအသီးသီးက လက်ခံအသုံးပြုကြပါသည်။ ၎င်းအဆင့်မြင့်ခရုဇ်ဒုံးကျည်အား ဝယ်ယူအသုံးပြုသည့် နိုင်ငံများတွင် အီဂျစ်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ အိန္ဒိယ၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်းနှင့် ယူကရိန်းတို့ အပါအဝင် ဖြစ်ပါသည်။ ယူကရိန်း၏ တန်ပြန်ထိုးစစ်အတွက် Storm Shadow ဒုံးသည် အရေးပါလာမည်ဟု လေ့လာသူအချို့က ယုံကြည်ထားကြပါသည်။

HIMARS စနစ်

သို့သော် ထောက်ပံ့ပို့ဆောင်ရေးစခန်းများနှင့် ကွပ်ကဲမှုဌာနချုပ်များအား တိုက်ခိုက်ရာတွင် အဖျက်စွမ်းအား ကြီးမားကြောင်း သက်သေပြခဲ့သည့် HIMARS (High Mobility Artillery Rocket System) စနစ်အား တုံ့ပြန်ရန် နည်းလမ်းများကို ရုရှားတို့က ရှာဖွေနိုင်ခဲ့သည်ဖြစ်ရာ HIMARS ၏ ထိရောက်မှုမှာ ကျဆင်းသွားခဲ့ရပါသည်။ အီလက်ထရွန်းနစ်စစ်ဆင်ရေး နည်းလမ်းများ အသုံးပြုခြင်းနှင့် HIMARS ဒုံးပျံများ ရောက်ရှိနိုင်သည့် အကွာအဝေးထက် ကျော်လွန်၍ ထောက်ပံ့ပို့ဆောင်ရေးစခန်းများနှင့် ကွပ်ကဲမှုဌာနချုပ်များအား ပြောင်းရွှေ့နေရာ ချထားခြင်းတို့သည် ရုရှားတို့၏ နည်းဗျူဟာပင် ဖြစ်သည်။ ဆက်လက်၍ HIMARS ၏ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ သုံးသပ်ကြည့်ပါမည်။

HIMARS သည် အတွဲလိုက်ပစ် (Multiple Launch Rocket System – MLRS) ဒုံးပျံခြောက်စင်း သို့မဟုတ် Army Tactical Missile System (ATACMS) နည်းဗျူဟာ ဒုံးကျည်တစ်စင်း တပ်ဆင်နိုင်သည့် စွယ်စုံရ လက်နက် ပလပ်ဖောင်းစနစ်တစ်ခု ဖြစ်သည်။ စနစ်တစ်စုံလုံး၏ အလေးချိန်သည် ၁၀၈၈၆ ကီလိုဂရမ်ရှိပြီး ဤစနစ်သည် လျှင်မြန်စွာ ရွေ့လျားစစ်ကစားနိုင်မှုအတွက် ဒီဇိုင်းထုတ်ထားသည်ဖြစ်ရာ အမျိုးမျိုးသော မြေပြင်အနေအထားနှင့် အခြေအနေများတွင် ထိထိရောက်ရောက် စစ်ဆင်နိုင်ပါသည်။

ဒုံးယာဉ်သည် ဒုံးယာဉ်အဖွဲ့သားများအား လက်နက်ငယ် ပစ်ခတ်မှုနှင့် လက်နက်ကြီး ကျည်အစများမှ အကာအကွယ် ပေးထားပြီး စစ်ဆင်ရေးအတွင်း ဘေးကင်းစေပါသည်။ လမ်းမများပေါ်တွင် အမြန်ဆုံး တစ်နာရီလျှင် ၈၅ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ရာ HIMARS သည် ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် လျှင်မြန်စွာ ပြန်လည်နေရာချထားနိုင်ပြီး လိုအပ်သည့်နေရာများတွင် တိကျသော ပစ်ခတ်မှုအား ပံ့ပိုးပေးနိုင်ပါသည်။

နိုင်ငံအများအပြားသည် ဤစနစ်ကို ၎င်းတို့၏ တပ်မတော်များတွင် ပေါင်းစပ် အသုံးပြုနေကြသည်။ HIMARS အသုံးပြုသူများတွင် သြစတြေးလျ၊ ကနေဒါ၊ အက်စတိုးနီးယား၊ ဖင်လန်၊ ဂျော်ဒန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန်၊ ရိုမေးနီးယား၊ စင်ကာပူ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အမေရိကန်နှင့် ယူကရိန်းတို့ ဖြစ်သည်။

HIMARS တွင် မတူညီသော အကွာအဝေးမှ ပစ်မှတ်များကို တိုက်ခိုက် ဖျက်စီးနိုင်ရန် ခဲယမ်းအမျိုးအစား အမျိုးမျိုးရှိပါသည်။ Extended-Range Guided MLRS (ER-MLRS) ဒုံးပျံကို တပ်ဆင်ထားသောအခါ၊ ၎င်းသည် ပစ်မှတ်များအား ၄၅ ကီလိုမီတာအကွာအဝေးအထိ တိုက်ခိုက်နိုင်သည်။

Extended-Range Guided MLRS (GMLRS) ဒုံးကျည်အသစ်သည် ကီလိုမီတာ ၇၀ အကွာအဝေးရှိ ပစ်မှတ်များသို့ ရောက်ရှိ တိုက်ခိုက်နိုင်ပါသည်။ HIMARS စနစ်အား ဒုံးယာဉ်အဖွဲ့သုံးဦးဖြင့် ပစ်ခတ်နိုင်ပါသည်။ ဒုံးယာဉ်သည် အလျား ၅ ဒဿမ ၀၄၆ မီတာ၊ အကျယ် ၂ ဒဿမ ၁၆ မီတာ နှင့် အမြင့် ၂ ဒဿမ ၂၅၁ မီတာ ရှိပါသည်။

တာဝေးပိုမိုလိုအပ်သည့် တိုက်ခိုက်မှုများအတွက် HIMARS တွင် ကီလိုမီတာ ၃၀၀ အကွာအထိပစ်မှတ်များကို ရောက်ရှိနိုင်သည့် Army Tactical Missile System (ATACMS) ကဲ့သို့သော နည်းဗျူဟာ ဒုံးကျည်များ တပ်ဆင်ထားနိုင်ပါသည်။ ယူကရိန်းတို့အနေဖြင့် အတွင်းပိုင်းရှိ ရုရှားပစ်မှတ်များထံ နက်ရှိုင်းစွာ ပစ်ခတ် တိုက်ခိုက်နိုင်ရန်အတွက် ထိုစွမ်းရည်အား လိုအပ်နေပါသည်။

သုံးသပ်ချက်

Chonhar တံတား တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရက်သတ္တပတ်များအတွင်း Storm Shadow သည် ခရိုင်းမီးယားရှိ ရုရှားယာဉ်ပြုပြင်ရေးစခန်းအား တိုက်ခိုက်ခြင်းနှင့် အဆင့်မြင့် ရုရှားတပ်မှူးတစ်ဦးအား သတ်ဖြတ်နိုင်ခြင်းတို့ အပါအဝင် အောင်မြင်သော တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒုံးကျည်ကို စတင်မိတ်ဆက်အသုံးပြုသည့် မေလလယ်က စတင်ကာ ရုရှားတပ်များအား သိသာထင်ရှားသည့် ထိခိုက်ဆုံးရှုံးစေမှုမျိုး မဖြစ်ပေါ်စေခဲ့ပါ။

ဤသည်မှာ HIMARS အား တုံ့ပြန်သည့်ရန်အတွက် ရုရှားတပ်မတော်အနေဖြင့် ပြီးခဲ့သည့် ဇွန်လက စတင်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ယူဆရသည်။

သို့သော်လည်း ရုရှား အခြေခံအဆောက်အအုံများ၏ အားနည်းချက်များနှင့် ကြီးမားကျယ်ပြောသော ရှေ့တန်းစစ်မျက်နှာအား ထိန်းထားရခြင်းတို့ကြောင့် ဤစစ်ပွဲအတွင်း ယူကရိန်း၏ တာဝေးပစ်လက်နက်များ ဆက်လက်ပါဝင် တိုက်ခိုက်နေဦးမည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း ယူကရိန်းသည် လက်ခံရရှိသည့် Storm Shadow ဒုံးကျည်အရေအတွက် အကန့်အသတ်ရှိခြင်းနှင့် ၎င်းတို့ကို ပစ်လွှတ်သည့် တိုက်လေယာဉ်များအနေဖြင့် လေပိုင်နက်အား အပြည့်အဝ စိုးမိုးထားနိုင်ခြင်း မရှိသည့်အတွက် လွတ်လပ်စွာ စစ်ကစားခွင့် မရခြင်း စသည့် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းသည် ၁၅၅ မိုင်အကွာအဝေးသို့ ပစ်ခတ်နိုင်သော Storm Shadow ဒုံးကျည်နှင့် မိုင် ၅၀ အကွာအဝေး ပစ်ခတ်နိုင်သော HIMARS စနစ်များထက် အကွာအဝေးပိုမိုသော မိုင် ၁၉၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် အမေရိကန်ထံမှ ကြည်းတပ်နည်းဗျူဟာမြောက် ဒုံးကျည်စနစ် (Army Tactical Missile System – ATACMS) ကို ရယူရန် ကြိုးပမ်းနေပါသည်။ သို့သော်လည်း ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များအား တိုက်ခိုက်ရာတွင် အသုံးပြုမည်ကို စိုးရိမ်နေသော အမေရိကန်တို့၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။ Storm Shadow ကဲ့သို့ပင် ATACMS ၏ ထိရောက်မှုအား ရုရှားတို့က ထပ်မံပြီး တုံ့ပြန် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားနိုင်ပါသည်။

နိဂုံး

တာဝေးပစ်လက်နက်အသစ်များသည် ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်ပြီး ရုရှားတို့အနေဖြင့် ၎င်း၏စစ်ဆင် ရေးများအား မွမ်းမံပြုပြင်ပြောင်းလဲရန် တွန်းအားပေးမှုများ ဖြစ်ပေါ်စေသော်လည်း ၎င်းတို့၏ ထိရောက်မှုသည် နည်းဗျူဟာအဆင့်တွင်သာ အကန့်အသတ် ဖြစ်နေခြင်းလော သို့မဟုတ် ယူကရိန်းအတွက် စစ်မြေပြင်တွင် အပြောင်းအလဲ ဖြစ်သွားစေရန် ထိရောက် နက်နဲမှု ရှိမရှိဟူဟောအချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင် ဖြစ်သည်။ မမေ့မလျော့ သတိမူရမည့်အချက်မှာ ယူကရိန်းတွင် စစ်ပွဲ၏ အခြေအနေအား လုံးဝပြောင်းလဲပစ်နိုင်ပြီး အဆုံးအဖြတ်အား ဖြစ်ပေါ်စေသည့် လက်နက်မရှိ ဟူသောအချက်ပင် ဖြစ်ပါတော့သည်။

ရင်းမြစ်

Analysis: Why there is no game-changer missile system in Ukraine, Army Recognition, August 2, 2023

ဒေါက်တာ နိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply