ဒေသဆိုင်ရာ အဖွဲ့အစည်းသစ်များနှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ

0

(မြန်မာ့ရေးရာ အတွဲ (၂၅) အောက်တိုဘာ ၂၀၂၃ တွင် ဖော်ပြပါရှိသော အထူးဆောင်းပါး ဖြစ်ပါသည်။)

ဒေသဆိုင်ရာ အဖွဲ့အစည်းသစ်များနှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ

နိဒါန်း

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း စစ်အေးတိုက်ပွဲ (Cold War) ပြီးဆုံးသွားပြီးနောက် ကမ္ဘာကြီးသည် ဒွိဝင်ရိုးကမ္ဘာ (Bipolar World) ဆီမှသည် အင်အားကြီး အမေရိကန်နိုင်ငံက ဦးဆောင်သည့် ဧကဝင်ရိုးကမ္ဘာ (Unipolar World) ဆီသို့ ပြောင်းလဲ ရောက်ရှိသွားပါသည်။ ကမ္ဘာကြီး၏ တစ်ချိန်က မျှခြေသည် ပျက်ယွင်းသွားရသည်ဟု ဆိုနိုင်ပါသည်။ ထိုအချိန်အခါသည် နိုင်ငံငယ်များအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသော ကာလဟုလည်း ဆိုနိုင်သည်။ ဤအခြေအနေကို တုန့်ပြန်နိုင်ရန်အတွက် ပထဝီရေမြေသဘာဝချင်း နီးစပ်သောနိုင်ငံများ စုပေါင်း၍ ဖြစ်စေ၊ သဘောထားတူညီသော နိုင်ငံများစုပေါင်း၍ ဖြစ်စေ ဒေသတွင်း သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အစည်းသစ်များ ဖွဲ့စည်းကာ အင်အားကြီးနိုင်ငံများအား ရင်ဆိုင်နိုင်ရန် ကြိုးပမ်းလာကြပါသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂ (European Union – EU) ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့ ပထဝီရေမြေချင်း နီးစပ်သော နိုင်ငံများ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization – SCO) နှင့် BRICS တို့တွင် ပါဝင်သော နိုင်ငံအချို့မှာ ပထဝီရေမြေချင်း နီးစပ်သော နိုင်ငံများ မဟုတ်ချေ။ ဒေသဆိုင်ရာ အဖွဲ့အစည်းသစ်များ ဖွဲ့စည်းလာခြင်းအားဖြင့် ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) အခြေအနေသို့ ဦးတည်လာပါသည်။ ပေါ်ပေါက်လာသော ဗဟုဝင်ရိုးကမ္ဘာ့အစီအစဉ် (Multipolar World Order) သည် ကမ္ဘာ့အစီအစဉ်သစ်တစ်ခု ဖြစ်လာပါသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်ရာ ရှိပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် ပူးပေါင်း ပါဝင်ခြင်းသာမက၊ အသစ်ပေါ်ထွက်လာသည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရရှိလာနိုင်သော အကျိုး/ အပြစ်များအား လေ့လာရန် လိုအပ်ပါသည်။

ဒေသဆိုင်ရာအဖွဲ့အစည်း (Regional Organization) ဆိုသည်မှာ

ဒေသတွင်း သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အစည်းဆိုသည်မှာ ပထဝီဒေသတစ်ခုခုအတွင်းရှိ နိုင်ငံများ သို့မဟုတ် နယ်မြေများက အဖွဲ့အစည်း အဖြစ် ဖြစ်စေ၊ အသင်းအဖွဲ့အဖြစ် ဖြစ်စေ စုပေါင်း ဖွဲ့စည်းထားခြင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ယနေ့ခေတ်တွင် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများထက်လည်း ပိုမိုနိုင်သည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် အဖွဲ့ဝင် နိုင်ငံများအတွင်း ဒေသတွင်း စိန်ခေါ်မှုများနှင့် ပြဿနာများ ဖြေရှင်းနိုင်ရန်၊ နိုင်ငံရေး၊ စီးပွါရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတို့အား အားပေးမြှင့်တင်ရန် ရည်ရွယ် ဖွဲ့စည်းကြခြင်း ဖြစ်ပါသည်။ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအတွက်လည်း ရည်ရွယ် ဖွဲ့စည်းကြသည်များ ရှိပါသည်။ ယနေ့ကမ္ဘာ့ပထဝီနိုင်ငံရေး အပြောင်းအလဲတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာပါသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခင်အကျင်းအားလည်း ပုံဖော်နေပြီး နိုင်ငံများအနေဖြင့် ပူးတွဲလုပ်ဆောင်ရန်နှင့် စိန်ခေါ်မှုများအား စုပေါင်းရင်ဆိုင်ဖြေရှင်းနိုင်ရန် အခွင့်အလမ်းများ ဖြစ်ပေါ်စေပါသည်။

ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်ထားပုံ

ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် အများအားဖြင့် ပထဝီဝင်၊ ယဉ်ကျေးမှု သို့မဟုတ် နိုင်ငံရေးဆက်နွယ်မှုများ မျှဝေသော အဖွဲ့ဝင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပုံမှာ အဖွဲ့အစည်းများ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအဆင့်ပေါ် မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။ ဤအဖွဲ့အစည်းများကို နိုင်ငံတကာ သဘောတူညီချက်များမှတစ်ဆင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏ဖွဲ့စည်းပုံမှာ ပုံမှန်အားဖြင့်-

(က) ဆုံးဖြတ်ချက်ချမှတ်နိုင်သည့်အဖွဲ့

၎င်းသည် ကိစ္စရပ်များအတွက် အခါအားလျော်စွာ ခေါ်ယူဆွေးနွေးပြီး ဆုံးဖြတ်ချက်များချရန် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံ့ခေါင်းဆောင်များ ပါဝင်သည့် ထိပ်သီးအစည်းအဝေးများလည်း ပါဝင်သည်။

(ခ) အတွင်းရေးမှူးချုပ်ရုံးများ

၎င်းသည် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ရန်၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်မှုလွယ်ကူစေရန်အတွက် တာဝန်ရှိသော အုပ်ချုပ်ရေးဌာနတစ်ခု ဖြစ်သည်။

(ဂ) အကြံပေးအဖွဲနှင့် လုပ်ငန်းတာဝန်အလိုက် သီးခြားကော်မတီများ

၎င်းတို့အား သုတေသနပြုလုပ်ရန်နှင့် သီးခြားကိစ္စရပ်များအတွက် အကြံဉာဏ်ပေးသော ကျွမ်းကျင်သူပညာရှင်များဖြင့် ဖွဲ့စည်းထားလေ့သည်။

ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

(၂၁) ရာစုတွင်း ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ ပိုမိုသိသာထင်ရှားလာပြီး၊ ဘက်ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်လာကြပါသည်။ ကမ္ဘာကြီးသည် ပိုမို ရင်းနှီးဆက်သွယ်လာပြီး၊ အပြန်အလှန် မှီခိုမှုမှာလည်း မျိုးပြားလာသည်နှင့်အမျှ ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံဖြိုးတိုးတက်မှုတို့တွင် ဒေသတွင်းနိုင်ငံများအတွက် အရေးပါသော ပလက်ဖောင်းများအဖြစ် ပေါ်ပေါက်လာကြပါသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ပူပေါင်းဆောင်ရွက်ရေး၊ ဘက်ပေါင်းစုံ ပေါင်းစည်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင် အကောင်အထည်ဖော်ရေးတို့တွင် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေပါသည်။ ဒေသတွင်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းတည်ဆောက်ထားပုံမှာ အမျိုးမျိုးဖြစ်နိုင်ပါသည်။ ဆွေးနွေးညှိနှိုင်း တိုင်ပင်မှုများ ပြုလုပ်ရန် ရံဖန်ရံခါပြုလုပ်လေ့ရှိသော ဖိုရမ်များမှသည် ဥပဒေမူဘောင်များဖြင့် ဖွဲ့စည်းထားပြီး အဆုံးအဖြတ်ပေးနိုင်သည့် အာဏာရှိသည့် အဖွဲ့အစည်းများအထိ ပုံစံအမျိုးမျိုးအထွေထွေ ရှိနိုင်ပါသည်။ ဒေသတွင်းအဖွဲ့အစည်းများအနက် ဥပမာအချို့မှာ ဥရောပသမဂ္ဂ (European Union)၊ အာဖရိကသမဂ္ဂ (African Union) နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Association of Southeast Asian Nations) တို့ ဖြစ်ပါသည်။

ဒေသဆိုင်ရာအဖွဲ့အစည်းများသည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အရေးကိစ္စများ ဖြေရှင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရန် လုပ်ဆောင်နိုင်ပါသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေး တည်ငြိမ်အေးချမ်းမှု၊ ပဋိပက္ခ ဖြေရှင်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲ/ ပူးပေါင်းဆောင်ရွက်မှုတို့တွင် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေပါသည်။

(က) စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ

အရေးကြီးသောအခန်းကဏ္ဍတစ်ခုမှာ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမြှင့်တင်ခြင်း ဖြစ်ပါသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ဒေသတွင်း နိုင်ငံများအချင်းအချင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်ရရှိမှု တိုးမြှင့်ခြင်းအား ဦးဆောင်နိုင်ခြင်း၊ အလုပ်အကိုင် ဖန်တီးပေးခြင်းတို့အပါအဝင် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုအားလုံးအား အားပေး အထောက်အကူပြုနေပါသည်။ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများအား လျော့ချပေးခြင်း၊ စည်းမျည်း စည်းကမ်းများအား ညီညွတ်ဆီလျော်စေရန် ထိန်းညှိပေးခြင်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုနှင့် အရင်းအနှီးတို့၏ အပြောင်းအလဲအား လွယ်ကူချောမွေ့စေရန် လုပ်ဆောင်ပေးခြင်းတို့အားဖြင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် စီးပွါးရေးလုပ်ငန်းများ ကြီးပွါးတိုးတက်စေရန် အထောက်အကူပြုသော ဝန်းကျင်တစ်ခု ပေါက်ထွန်းလာစေရန် အားပေးကူညီနေပါသည်။ ထို့အပြင် ထိုအဖွဲ့အစည်များသည် ကျွမ်းကျင်မှုနှင့် အရင်းအနှီးများကို စုစည်းပေးထားနိုင်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွါးရေး ပိုမိုကြီးထွားလာပြီး အခြားကမ္ဘာ့နိုင်ငံများနှင့် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာစေပါသည်။

(ခ) နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ

ဒေသဆိုင်ရာအဖွဲ့အစည်းများအတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုမှာ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်မှု မြှင့်တင်ရေး ဖြစ်သည်။ ၎င်းအဖွဲ့စည်းများသည် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးရန်၊ ညှိနှိုင်းအဖြေရှာရန်နှင့် သဘောတူညီမှု တည်ဆောက်ရန် ပလက်ဖောင်းများ ဖြစ်ပြီး ပဋိပက္ခများ တားဆီးရန် အကူအညီပေးခြင်း၊ အငြင်းပွါးမှုများအား ဖြေရှင်းပေးခြင်းနှင့် ငြိမ်းချမ်းမှု ထိန်းသိမ်းပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးနိုင်ပါသည်။ ဒေသတွင်း အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ ဖော်ဆောင်ပေးခြင်းအားဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် အချုပ်အခြာအာဏာ တောင့်တင်းခိုင်မာစေသည့်နည်းတူ စုပေါင်း အဖြေရှာ အဆုံးအဖြတ်ပေးခြင်း လုပ်ငန်းစဉ်များတွင်လည်း ချောမွေ့စေခြင်းဖြင့် ပိုမိုကောင်းမွန်သာလွန်သော နိုင်ငံများ ဖြစ်ပေါ်လာစေပါသည်။ ထို့အပြင် ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် အဖွဲ့ဝင်နိုင်ငံများအကြား ဒီမိုကရေစီ စံနှုန်းများ၊ လူ့အခွင့်အရေးနှင့် တရာဥပဒေစိုးမိုးရေးတို့အား တက်ကြွစွာ အားပေးမြှင့်တင်လျက် ရှိပြီး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် တာဝန်ယူမှု ဓလေ့များအား ဖော်ဆောင်ပေးပါသည်။

သို့သော် အရေးကြီးသည့်အချက်မှာ အထက်ဖော်ပြပါအတိုင်း နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်ရောက် မစွက်ဖက်ရေးပင် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် ဒေသဆိုင်ရာ အဖွဲ့အစည်းအချို့သည် ဒီမိုကရေစီနှင့် လူအခွင့်အရေး အကြောင်းပြကာ ထိုအချက်အား ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်နေကြပါသည်။

(ဂ) လူမှုရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ခြင်းဆိုင်ရာ အခန်းကဏ္ဍ

လူမှုရေးနှင့် ယဉ်ကျေးမှု အပြန်အလှန် ပူးပေါင်းဖလှယ်ခြင်းသည် ဒေသဆိုင်ရာအဖွဲ့အစည်းများအတွက် အရေးကြီးပါသည်။ ထိုအဖွဲ့အစည်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအား အပြန်အလှန် နားလည်ခြင်းနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုတို့အား အားပေးမြှင့်တင်ပေးပါသည်။ ကျောင်းသူ/ ကျောင်းသားများ အပြန်အလှန် စေလွှတ်ဖလှယ်ခြင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းနှင့် ရိုးရာယဉ်ကျေးမှု ကပွဲများ စသည်တို့ကို လုပ်ဆောင်ပေးခြင်းအားဖြင့်လည်း အပြန်အလှန် နားလည်ယုံကြည်မှု၊ လေးစားမှုနှင့် ညီညွတ်မျှတစွာ အတူယှဉ်တွဲနေထိုင်မှုတို့အား ဖြစ်ပေါ်လာစေပါသည်။ ၎င်းအပြင် ဘုံလူမှုစိန်ခေါ်မှုများဖြစ်သည့် ဆင်းရဲမွဲတေမှု၊ ဆင်းရဲ ချမ်းသာ မညီမျှမှုနှင့် ကျန်းမာရေးနှင့် ပညာသင်ကြားမှု အခွင့်အရေးများ စသည်တို့ကို ကိုင်တွယ်ဖြေရှင်းကြခြင်းအားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝ ကောင်းကျိုးချမ်းသာမှုတို့အား ဖြစ်ပေါ်လာစေပါသည်။ အတူတကွ ပူပေါင်း လုပ်ဆောင်ကြခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများသည် ရင်းမြစ်များအား စုဆောင်းထည့်ဝင် အရန်သင့်ထားနိုင်ကြပြီး၊ လူမှုရည်မှန်းချက်များ အောင်မြင်နိုင်ရန်အတွက် ပိုမိုထိရောက်ကောင်းမွန်သော အမူအကျင့်များအားလည်း မျှဝေပေးနိုင်ပါသည်။

(ဃ) လုံခြုံရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အခန်းကဏ္ဍ

လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စုပေါင်းအရေးယူမှုများသည် ၂၁ ရာစုအတွင်း ဒေသဆိုင်ရာအဖွဲ့အစည်းများအတွက် ပဓာနကျသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုများ၊ စနစ်တကျ ကြိုတင်စီစဉ်ထားသည့် ရာဇဝတ်မှုများနှင့် ဆိုင်ဘာတိုက်ခိုက်မှုများ ပိုမိုများပြားလာသည်ဖြစ်ရာ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှုများ လိုအပ်လာပါသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများအား တိုက်ဖျက်ရာတွင် ပူးတွဲ စစ်ဆင်ရေးလုပ်ဆောင်ခြင်း၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် လေ့ကျင့်သင်ကြားရေးစသည်တို့ ထိရောက်စေရန်အတွက် မူဘောင်များနှင့် လုပ်ဆောင်မှုယန္တရားများအား အထောက်အကူပြုနိုင်ပါသည်။ ထို့အပြင် ၎င်းတို့သည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပေးခြင်း လုပ်ငန်းစဉ်များတွင်လည်း အရေးပါသော အခန်းကဏ္ဍက ပါဝင်နေပါသည်။ တုံ့ပြန် ကြိုးပမ်းမှုများအား ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊ ရင်းမြစ်များ မျှဝေသုံးစွဲခြင်း၊ လျှင်မြန်စွာ ဖြန့်ဝေမှုပေးနိုင်ရန် လုပ်ဆောင်ပေးခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား လျော့ပါးစေပြီး၊ ထိခိုက်ခံစားရသည့် လူမှုအသိုက်အဝန်းများအား ကူညီထောက်ပံ့မှု ဖြစ်ပေါ်စေပါသည်။

ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ပါဝင်ခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

ဒေသဆိုင်ရာအဖွဲ့အစည်းများသည် အဖွဲ့ဝင်နိုင်ငံများ၏ ရင်ဆိုင်နေရသော ရှုပ်ထွေးပြီး မျှဝေထားသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေပါသည်။ ၎င်းတို့၏ ပံ့ပိုးကူညီမှုများကို ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ရှုထောင့်အမျိုးမျိုးတွင် တွေ့နိုင်သည်-

(က) အသိပညာမျှဝေခြင်း

ဤအဖွဲ့အစည်းများသည် အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံများ၊ အကောင်းဆုံးအလေ့အကျင့်များနှင့် ဆန်းသစ်တီထွင်သောဖြေရှင်းနည်းများကို ဖလှယ်နိုင်စေရန် ကူညီဆောင်ရွက်ပေးပါသည်။ ၎င်းသည် မူဝါဒများ၊ အုပ်ချုပ်မှုနှင့် လူမှုရေးဆိုင်ရာ ရလဒ်များတွင် သိသာထင်ရှားသောတိုးတက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

(ခ) မူဝါဒညှိနှိုင်းရေး

ဆွေးနွေးညှိနှိုင်းခြင်းအတွက် ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးခြင်းဖြင့် ဒေသဆိုင်ရာ အကြံပေးအဖွဲ့အစည်းများသည် အဖွဲ့ဝင်နိုင်ငံတစ်ဝှမ်းရှိ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုကောင်းမွန်စွာ ချိန်ညှိနိုင်စေကာ ပိုမိုသဟဇာတရှိပြီး တည်ငြိမ်သော ဒေသတွင်းပတ်ဝန်းကျင်ကို မြှင့်တင်ပေးပါသည်။

(ဂ) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

သုတေသန၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် မူဝါဒအကြံဉာဏ်များမှတစ်ဆင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် စီးပွားရေးတိုးတက်မှုအတွက် ဖွဲ့စည်းပုံဆိုင်ရာ ကန့်သတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို မြှင့်တင်ရန် နိုင်ငံများအား ကူညီပေးနိုင်ပါသည်။

(ဃ) နည်းပညာအကူအညီ

ဒေသဆိုင်ရာအဖွဲ့အစည်းများစွာသည် အဖွဲ့ဝင်နိုင်ငံများအား စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် နည်းပညာဆိုင်ရာအကူအညီများကို ပံ့ပိုးပေးကာ နယ်ပယ်အသီးသီးတွင် ပစ်မှတ်ထားရှိသော ရည်မှန်းချက်များအောင်မြင်ရန် ၎င်းတို့၏စွမ်းရည်ကို တိုးတက် အားကောင်းစေပါသည်။

(င) ပဋိပက္ခဖြေရှင်းခြင်း

ဆွေးနွေးမှုများအတွက် ကြားနေနေရာတစ်ခုအဖြစ် ပံ့ပိုးပေးခြင်းဖြင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် ဒေသတွင်းပဋိပက္ခများကို တားဆီးရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

စိန်ခေါ်မှုများနှင့် ကန့်သတ်ချက်များ

ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် ပိုမိုထင်ရှားလာသည် မှန်သော်လည်း စိန်ခေါ်မှုများနှင့် ကန့်သတ်ချက်များစွာအား ရင်ဆိုင်နေရပါသည်။ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကွဲပြားခြားနားမှုကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား အဆုံးအဖြတ်ပေးရသည့် လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေပြီး ပူးပေါင်းဆောင်ရွက်မှုအား နှေးကွေးစေနိုင်ပါသည်။ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွါးနှင့် ဒေသတွင်း ဦးစားပေး အခြင်းအရာများအကြား မျှခြေဖြစ်စေရန် ကြိုးပမ်းမှုမှာ ဒေသဆိုင်ရာအဖွဲ့အစည်းများ လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်ပါသည်။ ထို့အပြင် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်ခြင်းအားဖြင့် နိုင်ငံတော်၏ အချုပ်အာဏာပိုင်ဆိုင်မှုနှင့် မိမိကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်များအား အားနည်းစေသည်ဟူသော ဝေဖန် သုံးသပ်မှုများလည်း ရှိပါသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများအတွင်း ပူးပေါင်းပါဝင်မှုနှင့် ညီတူညီမျှ ကိုယ်စားပြုခွင့်ရခြင်းတို့သည် တူညီသော ရလဒ်များ ထွက်ပေါ်လာရန်အတွက် ရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ခု ဖြစ်ပါသည်။

ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ၎င်းတို့၏ ထိရောက်မှုကို ဟန့်တားနိုင်သည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။ အထင်ရှားဆုံးသော အတားအဆီးအချို့မှာ-

(က) မညီမျှသောစွမ်းရည်များ

အဖွဲ့ဝင်နိုင်ငံများတွင် အရင်းအမြစ်များ၊ ကျွမ်းကျင်မှုနှင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှု အဆင့်အမျိုးမျိုး ရှိတတ်ပါသည်။ ဤမညီမျှမှုသည် နိုင်ငံအားလုံးအတွက် အကောင်းဆုံးသော အကျိုးစီးပွားကို မဖော်ဆောင်နိုင်ပါ။ ဤသို့ဖြစ်ရာ မူဝါနှင့် ရလဒ်များကို ပုံဖော်ရာတွင် မညီမျှသော ပူးပေါင်းပါဝင်မှုကို ဖြစ်ပေါ်စေပါသည်။

(ခ) နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှု

ဒေသဆိုင်ရာအဖွဲ့အစည်းများသည် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် ဖွဲ့စည်းထားသော်လည်း ၎င်းတို့၏ ဦးစားပေးမှုများ လွဲချော်မှုတတ်မှုများကြောင့် ၎င်းတို့၏ ထိရောက်မှုကို ပျက်ပြားစေနိုင်ပါသည်။ ထို့အပြင် ပြင်ပနိုင်ငံရေးဖိအားများကလည်း အဆိုပါအဖွဲ့အစည်းများ၏ အကျိုးစီးပွါး အကောင်အထည်ဖော်မှုအပေါ် လွှမ်းမိုးနိုင်သည်။

(ဂ) အဖွဲ့အစည်း၏ စွမ်းဆောင်ရည် နိမ့်ကျခြင်း

ဗျူရိုကရေစီ ကြိုးနီစနစ်နှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များသည် အရင်းအမြစ်များအား ထိရောက်စွာ အသုံးပြုရန် နှောင့်နှေးမှုများကို ဖြစ်ပေါ်စေနိုင်ပြီး၊ ရည်မှန်းချက်များ အောင်မြင်ရန် အဟန့်အတား ဖြစ်စေနိုင်သည်။

(ဃ) ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ အခက်အခဲများ

မတူညီသော ဦးစားပေးမှုများနှင့် ရှုမြင်သုံးသပ်ချက်များရှိသော ကွဲပြားသော နိုင်ငံများအား အုပ်စုတစ်စုအဖြစ် စုစည်းခြင်းသည် စိန်ခေါ်မှု ဖြစ်သည်။ ထိုအခက်အခဲများကြောင့် မူဝါဒများနှင့် လုပ်ဆောင်ချက်များအပေါ် သဘောတူညီမှုရရှိရန် လုပ်ငန်းစဉ်သည် အချိန်ကုန်နိုင်ပြီး အကြံပြုချက်များ၏ ထိရောက်မှုလည်း လျော့ပါးသွားနိုင်ပါသည်။

(င) စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ ပြီးပြည့်စုံမှုမရှိခြင်း

ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် ယန္တရားများ မရှိပါက အကြံပြုချက်များအား အကောင်အထည်ဖော်မှုကို ထိထိရောက်ရောက် စောင့်ကြည့်အကဲဖြတ်ရန် အကန့်အသတ် ဖြစ်ပေါ်စေပါသည်။

အနာဂတ်အား လှမ်းမျှော်ကြည့်မည်ဆိုပါက ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ၂၁ ရာစု၏ အခွင့်အလမ်းများနှင့် လိုအပ်ချက်များအား ပြည့်မှီရန်အတွက် လိုအပ်သလို လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲသွားရပါမည်။ ထိရောက်မှုနှင့် တာဝန်ခံမှုတို့အား မြှင့်တင်ခြင်းတို့သည် ၎င်းတို့အား ပေးအပ်ထားသည့် ပြဌာန်းချက်များအား အလုပ်ဖြစ်စေရန်အတွက် အရေးကြီးပါသည်။ အဖွဲ့ဝင်မဟုတ်သော အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သော်လည်းကောင်း၊ အခြားသော ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုတို့အား မြှင့်တင်ပေးနိုင်ပါသည်။ ထို့အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals – SDGs) တို့ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ မူဘောင်များဖြင့် ချိန်ညှိလုပ်ဆောင်ခြင်းအားဖြင့် ဒေသတွင်း ကြိုးပမ်းလုပ်ဆောင်မှုများ၏ ထိရောက်မှုအား မြှင့်တင်ပေးနိုင်ပါသည်။ ဒီဂျီတယ်အသွင်ကူးပြောင်းခြင်းနှင့် ဉာဏ်ရည်တူ နည်းပညာအသုံးချခြင်းစသည့် နည်းပညာဆိုင်ရာ တိုးတက်မှုများအား ထိန်းချုပ်အသုံးချခြင်းအားဖြင့် ဒေသတွင်း ပေါင်းစည်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်စေပါသည်။

ဒေသဆိုင်ရာအဖွဲ့အစည်းများသည် နိုင်ငံတကာဖိုရမ်များနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် တစ်စုတစ်စည်းတည်းအားကို ပြသနိုင်ပြီး အသံတစ်သံတည်း ထွက်နိုင်သည်ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာပေါ်တွင် ဩဇာလွှမ်းမိုးရပ်တည်မှုအဆင့်ကို မြှင့်တင်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာမူဝါဒများကို ပုံဖော်လုပ်ဆောင်ရာတွင် ၎င်းတို့၏ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံအတွက် အနာဂတ်တွင် အရေးပါလာနိုင်သည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအချို့အား ဆက်လက် ဖော်ပြသွားပါမည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Shanghai Cooperation Organization SCO)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Shanghai Cooperation Organization – SCO) ဆိုသည်မှာ ဥရောပအာရှဒေသမှ နိုင်ငံအချို့က နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုကြရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပထဝီနယ်မြေအကျယ်အဝန်းနှင့် လူဦးရေအရဆိုရလျှင် ကမ္ဘာ့အကြီးဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ အဆိုပါအဖွဲ့အစည်းဝင်နိုင်ငံများ၏ စုစုပေါင်း အကျယ်အဝန်းမှာ ဥရောပအာရှဒေသတခုလုံး၏ ၆ဝ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ၏ ၄ဝ ရာခိုင်နှုန်း နှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃ဝ ရာခိုင်နှုန်းကျော် ရှိပါသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ရှန်ဟိုင်းငါးနိုင်ငံ (Shanghai 5) (တရုတ်၊ ကာဇက်စတန်၊ ကီဂစ်စတန်၊ ရုရှားနှင့် တာဂျစ်ကစ္စတန်) အဖွဲ့မှ စတင်သည်။

SCO ၏ အဓိက ရည်မှန်းချက်များမှာ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှုနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေး ခိုင်မာစေရေး၊ နိုင်ငံရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုအပြင် ပညာရေး၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အခြားနယ်ပယ်များတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရန်နှင့် သေချာမှုရှိစေရန်၊ ဒီမိုကရေစီနည်းကျ၊ တရားမျှတပြီး ဆင်ခြင်တုံတရားရှိသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ နိုင်ငံတကာ အစီအစဉ်သစ်တစ်ရပ် ထူထောင်ရေးဆီသို့ ဦးတည် ရွေ့လျားသွားမည် ဖြစ်သည်။

SCO သည် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးရှိမှု၊ တန်းတူညီမျှအခွင့်အရေး၊ ညှိနှိုင်းဆွေးနွေးမှု၊ ယဉ်ကျေးမှုကွဲပြားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုဆီသို့ မျှော်မှန်းချက်များအပေါ်တွင် အခြေခံပါသည်။ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအား အားကောင်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ပဋိပက္ခများကို တားဆီးခြင်းနှင့် တန်းတူညီမျှ ခွဲခြားနိုင်သော လုံခြုံရေးကို ထိန်းသိမ်းခြင်းဖြင့် SCO သည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် အပြန်အလှန်လေးစားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ တရားမျှတသော ဝင်ရိုးစုံ ကမ္ဘာအစီအစဉ်ကို တည်ဆောက်ရန် ရည်ရွယ်ပါသည်။ နိုင်ငံတိုင်းအတွက် ၎င်းတို့၏ အပြန်အလှန် လိုအပ်ချက်နှင့် မျှော်မှန်းချက်များအားလည်း ထည့်သွင်းစဉ်းစားပါသည်။ နိုင်ငံစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ အဖွဲ့အစည်းတစ်ခုအနေဖြင့် SCO သည် ၎င်း၏သက်ဆိုင်ရာဒေသများတစ်လျှောက် လူ့ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများအား တားဆီးရန် ကြိုးပမ်းလျက်ရှိသည်။

ပွင့်လင်းမြင်သာမှု အခြေခံမူများကို လိုက်နာခြင်းဖြင့် SCO သည် မဟာမိတ်ဖွဲ့ခြင်း သို့မဟုတ် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအား ဝင်ရောက်ကျူးကျော်ရန် ရည်ရွယ်ထားခြင်းမရှိပါ။ ဆွေးနွေးပွဲများ၊ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာနှင့် တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်နေပြီး၊ တန်းတူညီမျှမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တိုင်းတစ်ပါး၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိခြင်း၊ နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာခြင်းစသည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် ပါဝင်သည့် ရည်ရွယ်ချက်များနှင့် အခြေခံမူများအား တင်းကျပ်စွာ လိုက်နာလျက် ရပ်တည်နေပါသည်။

မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization – SCO) တွင် ဆွေးနွေးဖက် နိုင်ငံတစ်နိုင်ငံ (Dialogue Partner) ဖြစ်လာပါသည်။ ထိုမှတစ်ဖန် လေ့လာသူ (Observer) အဖြစ်လည်းကောင်း၊ ၎င်းမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံ (Member State) အဖြစ်လည်းကောင်း အဆင့်ဆင့် တက်လှမ်းသွားရပါမည်။

မြန်မာနိုင်ငံအတွက် ခြုံငုံသုံးသပ်ချက်များ

ဒေသတွင်း အဖွဲ့အစည်းသစ်များ ပေါ်ပေါက်လာခြင်းသည် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းများ ယူဆောင်လာပေးပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ပူးပေါင်း ပါဝင်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးတွဲလုပ်ဆောင်နိုင်ခြင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်း ပေါင်းစည်းလုပ်ဆောင်နိုင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာစင်မြင့်အဖြစ် ရရှိလာနိုင်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့အားလည်း ဆောင်ကြဉ်းပေးလာနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံမှ မီဒီယာတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မြန်မာနိုင်ငံတွင် ရန်သူနိုင်ငံဟူ၍ မရှိပါ။ မိတ်ဆွေနိုင်ငံများသာ ရှိသည်။ သို့သော် မိမိတို့အပေါ် စိတ်ရင်းစေတနာကောင်းထားသော နိုင်ငံများနှင့် ပိုမိုရင်းနှီးချစ်ကြည်စွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

မိမိတို့သည် ဒေသတွင်းအရေးပါသည့်အဖွဲ့အဖြစ် သတ်မှတ်နိုင်သည့် အာဆီယံအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်တွင် ဖြစ်လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌအဖြစ်လည်း အောင်မြင်စွာ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ပါသည်။ သို့သော် လက်ရှိအခြေအနေတွင် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူ လက်ခံထားသည့် ပဋိဉာဏ်အား ကိုယ်တိုင်ချိုးဖောက်က မြန်မာနိုင်ငံအား ဖိအားပေးရန် ကြိုးပမ်းနေကြောင်း တွေ့နေရပါသည်။ နိုင်ငံတော်အကြီးအကဲ မိန့်ဆိုခဲ့သည့်အတိုင်း မိမိတို့နိုင်ငံအပေါ် စိတ်ရင်းစေတနာကောင်းရှိသော၊ မိမိတို့၏ အကျိုးကို လိုလားသော နိုင်ငံများနှင့် ပိုမိုရင်းနှီးထိတွေ့ဆက်ဆံရမည့် အချိန်ပင် ဖြစ်ပါသည်။

နိဂုံး

ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ကမ္ဘာ့အခင်းအကျင်းကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ထင်ရှားပါသည်။ ပေါ်ပေါက်လာသော အဖွဲ့အစည်းသစ်များအနေဖြင့် ကြုံတွေ့လာနိုင်သည့် အားသာချက်များနှင့် စိန်ခေါ်မှုများအား ဂရုတစိုက် ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခု၏ အလုံးစုံထိရောက်မှုမှာ ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအဆင့်၊ ၎င်းတို့၏ မျှဝေခံစားနိုင်ခွင့်များနှင့် ဒေသတွင်း ပေါင်းစည်းခြင်းဆိုင်ရာ ကတိကဝတ်များပေါ်တွင် များစွာ မူတည်လျက်ရှိနေပါသည်။ လက်ရှိကမ္ဘာ့အစီအစဉ် (World Order) အပြောင်းအလဲသည် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ နှစ်ပေါင်း (၁၀၀) ကြာမြင့်သည့်အချိန်တိုင်း အင်ပါယာနိုင်ငံသစ်များ ပေါ်ထွန်းလာလေ့ရှိကြောင်း သုံးသပ်ချက်များလည်း ရှိပါသည်။ ကမ္ဘာကြီး၏ အနာဂတ်မှာလည်း လက်ရှိအခြေအနေတွင် မသေချာမရောရာသည့် အခြေအနေဖြစ်နေပါသည်။ ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်နေသော အချိန်ဟုလည်း သုံးသပ်ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကမာ့္ဘအစီအစဉ်အပြောင်းအလဲတွင် ပေါ်ထွက်လာသည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိမိတို့၏အင်အားကို တည်ဆောက်ကာ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွါးကို အလေးထား လုပ်ဆောင်သွားသင့်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

ရင်းမြစ်

– The Role of the Shanghai Cooperation Organization in counteracting Threats and Peace and Security, Rashid Alimov, October 2017, No. 3 Vol. LIV 2017, Prevention

– Regional Organizations, StudySmarter

 

Share.

About Author

Leave A Reply