ရုရှားအထူးစစ်ဆင်ရေး၏ တစ်ပတ်တာ အစီရင်ခံစာကောက်နှုတ် ဖော်ပြချက်

0

ရုရှားအထူးစစ်ဆင်ရေး၏ တစ်ပတ်တာ အစီရင်ခံစာကောက်နှုတ် ဖော်ပြချက်

(၈/ ၁၂/ ၂၀၂၂ မှ ၁၂/ ၁၂/ ၂၀၂၂)

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံတွင်း အထူးစစ်ဆင်ရေး ဆက်လက်ဆင်နွှဲလျက်ရှိသည်။ အဓိကအားဖြင့် ယူကရိန်းအရှေ့ဘက်စစ်မျက်နှာဖြစ်သော Donbass ဒေသနှင့် Kharkiv ဒေသများဘက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ဒီဇင်ဘာ ၈ ရက်နေ့က ရုရှားတပ်ဖွဲ့များသည် Krasnyi Liman မြို့ဘက်တွင် ထိုးစစ်ဆက်လက်ပြုလုပ်ခဲ့ပြီး ခုခံနေသော ယူကရိန်းတပ်ဖွဲ့များဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရုရှားအမြှောက်တပ်နှင့် လေတပ်တို့၏ တိကျပဲ့ထိန်းတိုက်ခိုက်မှုကြောင့် အဆိုပါဒေသတွင် တပ်စွဲထားသော ယူကရိန်းတပ်များ၏ သံချပ်ကာယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့ရသည်။ အဆိုပါဒေသ စစ်မြေပြင်၏ အခြေအနေသည် လွန်စွာတင်းမာနေပြီး တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ တိုက်ခိုက်နေသောကြောင့် အကျအဆုံး များပြားသည်ကို တွေ့ရသည်။

Donetsk ဒေသဘက်တွင် ယူကရိန်းတပ်ဖွဲ့များသည် တပ်ကူအင်အားများ ထပ်မံဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်လျက်ရှိသည်။ ရုရှားတပ်ဖွဲ့များ တပ်စွဲထားသော Spornoye နှင့် Berestovoye မြို့များသို့ ထိုးစစ်ဆင်ခဲ့သည်။  ဒီဇင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သော ယူကရိန်းတပ်များ၏ ကန့်သက်တန်ပြန်ထိုးစစ်အား ရုရှားတပ်များမှ အမြှောက်တပ်နှင့် လေတပ်တို့ ပူးပေါင်းတားဆီးနိုင်ခဲ့သည်။ အဆိုပါတန်ပြန်ထိုးစစ်တွင် ပိုလန်နိုင်ငံမှ ကြေးစားစစ်သည်များနှင့် အခြားနိုင်ငံခြားသား ဗော်လန်တီယာစစ်သည်များ အကျအဆုံးများခဲ့ပြီး စစ်သည် ၉၀ ခန့် ထိခိုက်ကျဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ယူကရိန်းတို့ထိန်းချုပ်ထားသည် Donetsk ပြည်နယ်ဘက်အခြမ်း Dyleevka ရွာအနီးတွင် အမေရိကန်ထုတ် AN/TPQ-50 Counter Battery Radar တစ်စုံအား ရုရှားတပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Kupynsk နှင့် Krasno – Lyamnsk မြို့များတွင် ယူကရိန်းတပ်များနှင့် ရုရှားတပ်များ လက်တစ်ကမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။ ယူကရိန်းစစ်သည် ၇၀ ခန့် ကျဆုံးဒဏ်ရာရမှုများ ဖြစ်ပွားပြီး သံချပ်ကာယာဉ်သုံးစီးအား ရုရှားတပ်များမှ ဖျက်ဆီးနိုင်ခဲ့သည်။

Donetsk မြို့ စစ်မျက်နှာတွင် ရုရှားတပ်များသည် ထိုးစစ်များဆက်တိုက်ပြုလုပ်နေသည်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပင် ယူကရိန်းတို့၏ အမှတ် ၅၉ ယန္တရားတင်ခြေလျင်တပ်ရင်းသည် အပေါ့စားသံချပ်ကာယာဉ်များစွာဖြင့် လျင်မြန်မှုကို အသုံးချကာ တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။ ရုရှားတပ်များ သိမ်းပိုက်တပ်စွဲထားသော Piski မြို့အား တန်ပြန်ထိုးစစ်ဆင်ခဲ့သော်လည်း ရုရှားအမြှောက်တပ်ဖွဲ့မှ တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် တပ်လန်ကျသွားခဲ့ရသည်။ ယူကရိန်းစစ်သည် ၃၀ ဦးခန့် ကျဆုံးဒဏ်ရာရသွားပြီး သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်မြေပြင်သုံး ပစ်ကပ်ယာဉ် သုံးစီးတို့ ပျက်စီးသွားသည်ဟု ဒရုန်းမှ ရရှိသော ဗီဒီယိုဖိုင်မှတ်တမ်းအရ သိရသည်။

ရုရှားအမြှောက်တပ်ဖွဲ့သည် တစ်ပတ်တာအတွင်း ယူကရိန်းစစ်တပ်၏ ပစ်မှတ် ၈၃ ခုအား တိုက်ခိုက်နိုင်ခဲ့သည်။ Zapozachyie ပြည်နယ်တွင်ရှိသော ယူကရိန်း အမှတ် ၁၀၂ ဒေသကာကွယ်ရေးတပ်ရင်း၏ စစ်မြေပြင်လက်နက်စုပုံစခန်းကိုပါ တိုက်ခိုက်နိုင်ခဲ့သည်။ Kharkov ဒေသတွင် ယူကရိန်းတို့၏ Smerch အတွဲလိုက်ပစ်ဒုံးယာဉ်တစ်စီး၊ Lyman မြို့တွင် Grad အတွဲလိုက်ပစ်ဒုံးယာဉ်တစ်စီးတို့ကို တိကျပဲ့ထိန်းကျည်များဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

ယူကရိန်းတို့ ထိန်းချုပ်ထားသော Donetsk ပြည်နယ်ဘက်တွင်ရှိသော Rodinzkoye နှင့် Pavlovka ရွာများပေါ်တွင် ယူကရိန်းလေတပ်၏ Mig-29 တိုက်လေယာဉ်နှစ်စီးကို ရုရှားတို့မှ ပစ်ချခဲ့သည်။ သို့သော် အသေးစိတ်အခြေအနေများကို မသိရှိရပေ။

Donetsk ပြည်နယ် ယူကရိန်းတို့ဘက်ခြမ်းတွင်ရှိသော Kurakhova ရွာပေါ်တွင် Mi-8 ရဟတ်ယာဉ်တစ်စီးအား ယူကရိန်းစစ်တပ်မှ အချင်းချင်း မှားယွင်းပစ်ချခဲ့မိသောကြောင့် ပိုင်းလော့များနှင့် လိုက်ပါလာသူအားလုံး ကျဆုံးသွားခဲ့သည်။ Kostyantynivk မြို့ဘက်တွက်မူ အခြား Mi-8 ရဟတ်ယာဉ်တစ်စီးအား ရုရှားစစ်တပ်မှ ပစ်ချခဲ့သည်။

ယူကရိန်းတို့ဘက်မှ ရုရှားတို့ ထိန်းချုပ်ထားသော Kherson ပြည်နယ်ဘက်အခြမ်းသို့ တာတိုပစ် Ballistic Missile ဖြင့် ပစ်ခတ်ခဲ့သည်။ Touchka-U ဒုံးပျံနှစ်စင်းအား ရုရှားတို့မှ ပစ်ချနိုင်ခဲ့သည်။ ထို့အတူ HIMARS ပဲ့ထိန်းရော့ကဒ်အချို့အားလည်း ပစ်ချနိုင်ခဲ့သည်။

ယူကရိန်းတို့၏ စစ်ပွဲအတွင်း ဥပဒေမဲ့ပြစ်မှုကျူးလွန်မှုများကို ရှာဖွေဖော်ထုတ် မှတ်တမ်းတင်ရန် JCCC ဟူသော ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ရုရှားနိုင်ငံမှ ဖွဲ့စည်းထားသည်။ JCCC ၏ တင်ပြချက်အရ ယူကရိန်းအမြှောက်တပ်သည် Donetsk မြို့အတွင်းရှိ လူနေအဆောက်အဦး နှစ်လုံးအပေါ် အမြှောက်များ MLRS များဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ Ststovo မြို့တွင်လည်း ယူကရိန်းဘက်မှ ပစ်လွှတ်သော HIMARS ရော့ကဒ်များကြောင့် လူနေအဆောက်အဦးများ ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။ Donetsk ပြည်နယ်တွင်းရှိသော Kalininksy ခရိုင်အတွင်းသို့လည်း အတွဲလိုက်ပစ်ရော့ကဒ်များ အသုံးပြု ပစ်ခတ်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ ပြည်နယ်လေးခုအား ရုရှားတို့၏ ပြည်နယ်များအဖြစ် ကြေညာပြီးချိန်မှစ၍ ယူကရိန်းတို့ ပြုလုပ်ထားသော War Crime များ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ၊ အရပ်သားများအပေါ် တိုက်ခိုက်သောမှတ်တမ်းများအား ကုလသမ္မဂလူ့အခွင့်အရေးကောင်စီ UNHCR ထံသို့ ဆက်တိုက်တင်ပြထားသည်။ သက်သေများနှင့်တကွ တိုင်ကြားထားသော အမှုပေါင်း ၁၈၀၀ ကျော်ခန့် ရှိနေပြီလည်းဖြစ်သည်။ ၎င်းတို့ထဲတွင် အရပ်သားများ နေထိုင်နေသော လူနေဧရိယာများအတွင်းသို့ အမြှောက်များဖြင့် ပစ်ခတ်ခြင်း၊             ဒုံးများဖြင့်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့သောအမှုများ ပါဝင်ပြီး အမြှောက်ကျည် ၄၀၀၀ ကျော် ပစ်ခတ်ခဲ့သော အထောက်အထားများကိုလည်း တင်ပြထားသည်။ ထို့အတူ ဆောင်းဦးတွင် ဖြစ်ပေါ်ခဲ့သော ယူကရိန်းတပ်ဖွဲ့များ၏ ရုရှားစစ်သည်သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများကိုလည်း သက်သေများနှင့်တကွ တိုင်ကြားထားသည်။

ရုရှားတပ်မတော်သည် လူသစ်စုဆောင်းခြင်းကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး စစ်သည် ၃၀၀၀၀၀ ကျော်ကို လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေကြောင်း သိရသည်။ ၎င်းတို့အတွင်းမှ စစ်သည် ၁၅၀၀၀၀ မှာ စစ်ဆင်ရေးဇုန်နှင့် နီးကပ်သောဒေသများတွင် လေ့ကျင့်မှုများ ပြုလုပ်နေပြီး လေ့ကျင့်မှုများပြီးပါက အဆိုပါတပ်ဖွဲ့များမှာ ယူကရိန်းစစ်မြေပြင်သို့ လိုအပ်ပါက ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သည်။ အခြားတစ်ဝက်ဖြစ်သော ၁၅၀၀၀၀ မှာ နိုင်ငံအတွင်းပိုင်းတွင် ဆက်လက်လေ့ကျင့်နေပြီး အရန်တပ်ဖွဲ့များအဖြစ် စုဆောင်းထားရှိဦးမည်ဖြစ်သည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply