(သုတကမ္ဘာဂျာနယ် အတွဲ (၆) အမှတ် (၂၀) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)
(၁၈) လကြာ ရုရှား – ယူကရိန်းစစ်ပွဲ (သို့မဟုတ်) ပုံစံသစ် ကမ္ဘာစစ်အား လေ့လာခြင်း အပိုင်း (၂)
ဂျာမနီ
ဂျာမနီသည် ယူကရိန်းအား Leopard 2A6 ပင်မတိုက်ပွဲဝင်တင့်ကားများ၊ ၂၂၇ မမ M270 ”MARS” အတွဲလိုက်ပစ်ဒုံးစနစ်များ၊ BMP-1A1 ၊ Marder 1A3 နှင့် BVP-1 သံချပ်ကာတိုက်ယာဉ်များ၊ M113G3DK/G4DKs သံချပ်ကာလူသယ်ယာဉ်များ၊ ၁၅၅ မမ PzH 2000 ယာဉ်တင်အမြောက်များနှင့် Gepardလ လေကြောင်းရန်ကာကွယ်ရေးစနစ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။ နောက်ဆုံးထောက်ပံ့ခဲ့သည့် စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွင် ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များအား ထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆက်လက်ထောက်ပံ့ပေးသွားရန်လည်း ရှိကြောင်း သိရှိရသည်။
ဗြိတိန်
ယူကရိန်းအား ထောက်ပံ့ပေးနေသော နိုင်ငံများတွင် ဗြိတိန်သည် အသံအကျယ်လောင်ဆုံးဟု ဆိုနိုင်သည်။ ၎င်းသည် တာဝေးပစ် Storm Shadow ဒုံးကျည်များကဲ့သို့သော နောက်ဆုံးပေါ် လက်နက်များအား အဆက်မပြတ် ထောက်ပံ့ပေးနေပါသည်။ Challenger 2 ပင်မတိုက်ပွဲဝင်တင့်ကားများ၊ ၁၅၅ မမ AS-90 နှင့် M109A4BE ယာဉ်တင်အမြောက်များ၊ FV103 Spartans နှင့် FV104 Samaritan သံချပ်ကာလူသယ်ယာဉ်များလည်း ပါဝင်သည်။ ထို့အပြင် ယူကရိန်းတပ်မတော်အား F-16 အပါအဝင် စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ ပံ့ပိုးပေးရေးအတွက် ဗြိတိန်သည် ပထမဆုံး ထောက်ခံအားပေးသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ယနေ့အထိ စစ်ရေးနှင့် ဘဏ္ဍာရေးထောက်ပံ့မှု စုစုပေါင်းမှာ ပေါင်စတာလင် ၆ ဒဿမ ၅ ဘီလီယံ ဖြစ်ပါသည်။
ပိုလန်
ပိုလန်၏ စုစုပေါင်းအကူအညီသည် နယ်ပယ်အသီးသီးတွင် ယူရို (၇) ဘီလီယံခန့်ရှိသည်။ ဥပမာအားဖြင့် ပိုလန်တို့သည် ဒုက္ခသည်များအား ပထမဆုံး စတင်လက်ခံခြင်း၊ လူသားချင်းစာနာမှုအကူအညီများ အဆက်မပြတ်ပေးပို့ခြင်း၊ နိုင်ငံရေးနယ်ပယ်တွင် ယူကရိန်းအား ပံ့ပိုးပေးခြင်းနှင့် လက်နက်များ ထောက်ပံ့ကူညီခြင်းတို့ ဖြစ်သည်။ စစ်လက်နက်များ ထောက်ပံ့မှုအနေဖြင့် T-72M ၊ T-72M1(R) ၊ Leopard 2A4 နှင့် PT-91 ပင်မတိုက်ပွဲဝင် တင့်ကားများ၊ ၁၅၅ မမ AHS Krab ယာဉ်တင်အမြောက်များ၊ ၁၂၂ မမ BM-21 Grads အတွဲလိုက်ပစ်ဒုံးစနစ်များအပါအဝင် လက်နက်ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးခဲ့သည်။
လတ်တလော ထောက်ပံ့မှုများ
၁၁။ ယူကရိန်းအား ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီကို မကြာမီထပ်မံထောက်ပံ့ပေးအပ်သွားရန် အမေရိကန်က ကတိပြုထားကြောင်း အမေရိကန်တာဝန်ရှိသူများက ဇူလိုင် ၁၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ယခင်က ထုတ်ပြန်ကြေညာထားခြင်းမရှိသော လက်နက်များစာရင်းတွင် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ၊ တန်ပြန်ဒရုန်းစနစ်များ၊ အသေခံဒရုန်းများနှင့် ခဲယမ်းမီးကျောက်များ ပါဝင်ကြောင်း သိရှိရသည်။ အမေရိကန်သည် ၎င်း၏ အရန်လက်နက်သိုလှောင်မှုမှ လက်နက်များအား ထုတ်ယူထောက်ပံ့ခြင်းမပြုပဲ သမ္မတဂျိုးဘိုင်ဒင်အစိုးက ခွင့်ပြုထားသည့် ယူကရိန်းလုံခြုံရေး အကူအညီပေးရေးအစီအစဉ် (USAI) အစီအစဉ်အောက်ရှိ ရန်ပုံငွေများကို အသုံးပြုကာ လက်နက်ကုမ္ပဏီကြီးများထံမှ ဝယ်ယူလျက်ရှိသည်။
ယူကရိန်းအတွက် အမေရိကန်က ဝယ်ယူမည့် စနစ်များနှင့် ခဲယမ်းမီးကျောက်များတွင် L3Harris Technologies (LHX.N) မှ ထုတ်လုပ်သော တန်ပြန်လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြစ်သည့် Vehicle-Agnostic Modular Palletized ISR Rocket Equipment သို့မဟုတ် VAMPIRE ပါဝင်ကြောင်း သိရှိရသည်။ ထို့အပြင် Loitering Munition များ ဖြစ်သော ကယ်လီဖိုးနီးယားရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် AVEVEX က ထုတ်လုပ်သည့် Phoenix Ghost ဒရုန်းနှင့် AeroVironment Inc. (AVAV.O) ကထုပ်လုပ်သည့် Switchblade အသေခံဒရုန်းတို့လည်း ပါဝင်သည်။
ထို့အပြင် ယူကရိန်းသည် သြစတြေးလျနိုင်ငံမှ DroneShield Ltd (DRO.AX) ထံမှ ရေဒါများ၊ အာရုံခံကိရိယာများနှင့် ခွဲခြမ်းစိတ်ဖြာမှုစနစ်များနှင့်အတူ တန်ပြန်ဒရုန်းစနစ်များစွာကို ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်နက်များနှင့် စနစ်များအား ပေးပို့ခြင်းတို့သည် ၎င်းတို့၏ ရရှိနိုင်မှုနှင့် ထုတ်လုပ်မှုအချိန်ဇယားအပေါ် မူတည်ပါသည်။ အဆိုပါ လက်နက်အစုံလက် ထောက်ပံ့မှုတွင် ပါဝင်မည့် လက်နက်စနစ်များနှင့် တန်ဖိုးသည်လည်း တရားဝင် ထုတ်ပြန်ကြေညာချိန်တွင် အပြောင်းအလဲရှိနိုင်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ယူကရိန်းနိုင်ငံအတွက် USAI အစီအစဉ်ဖြင့် လုံခြုံရေးအကူအညီ အမေရိကန်ဒေါ်လာ ၁၀.၈ ဘီလီယံကျော်ကို ခုနစ်ကြိမ် ခွဲခြား ထောက်ပံ့ပေးခဲ့သည်။ ယခုစီစဉ်ထားသည့် ထောက်ပံ့ရေးအစီအစဉ်မှာ ရှစ်ခုမြောက်ဖြစ်လာမည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အမေရိကန်အစိုးရသည် ယူကရိန်းကာကွယ်ရေးအတွက် ဝယ်ယူရန် ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံအား USAI ရန်ပုံငွေသို့ ထည့်ဝင်ခဲ့သည်။
အထက်ဖော်ပြပါအတိုင်း နေတိုးနိုင်ငံများအနေဖြင့် ယူကရိန်းအား လက်နက်၊ ခဲယမ်းနှင့် ယာဉ်ယန္တရားများ အစုလိုက်အပြုံလိုက် ထောက်ပံ့ကူညီနေကြသော်လည်း အောင်မြင်မှု မရရှိခြင်းအပေါ် စိတ်ပျက်စပြုလာနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ယူကရိန်အား ရေရှည်ထောက်ပံ့ကူညီနိုင်မှုနှင့် ပတ်သက်ပြီး နေတိုးနိုင်ငံများအနေဖြင့် ပြန်လည် စဉ်းစားသုံးသပ်လာနိုင်ဖွယ်ရှိပါသည်။
မည်သည့်အတွက်ကြောင့် တောင်ကမ္ဘာခြမ်း နိုင်ငံများ (Global South) က ရုရှားအား ထောက်ခံကြသနည်း
ယခုစစ်ပွဲတွင် အနောက်နိုင်ငံများအား လူကောင်းများဟုလည်းကောင်း၊ ရုရှားအား လူဆိုးဟုလည်းကောင်း ရှုမြင်၍ မရနိုင်ပါ။ သမိုင်းကြောင်းအား စေ့ငုစွာ သဘောပေါက် နားလည်ထားရန် လိုအပ်ပါသည်။ အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းအား ခိုင်မာစွာ ကျောထောက်နောက်ခံပြုထားပြီး ရုရှားတပ်များအား ခုခံကာကွယ်ရန်အတွက် မည်သည့်အရာကို မဆိုပြုလုပ်မည်ဟု ကတိပြုထားကြသော်လည်း တောင်ကမ္ဘာခြမ်း (Global South) နိုင်ငံအများစုအနေဖြင့် ကွဲပြားခြားနားသည့် အမြင်အား ကိုင်စွဲထားကြပါသည်။
တောင်ကမ္ဘာခြမ်းသည် ကြီးမားကျယ်ပြန့်သော နေရာဒေသကြီးတစ်ခု ဖြစ်ပါသည်။ စစ်ပွဲကာလ (၁၈) လနီးပါးအတွင်း တောင်ကမ္ဘာခြမ်းတွင် ပါဝင်သည့် ဒေသများဖြစ်သော လက်တင်အမေရိက၊ အာဖရိက၊ အာရှနှင့် သမုဒ္ဒရာရပ်ဝန်တို့တွင် အမြင်သဘောထားများ သိသိသာသာ ကွဲပြားခြားနားကြပါသည်။
တရုတ်၊ အိန္ဒိယနှင့် တူရကီတို့တွင် ကောက်ယူသော လူထုသဘောထား စစ်တမ်းများအရ ယူကရိန်း အနေဖြင့် ၎င်း၏နယ်မြေများအား စွန့်လွှတ်ရမည်ဖြစ်သော်လည်း ယခုစစ်ပွဲကို အဆုံးသတ်ရန် ပြတ်ပြတ်သားသား လိုအပ်နေကြောင်း ပြသနေသည်။ လက်ရှိကမ္ဘာ့ပုံရိပ်အား လေ့လာကြည့်မည်ဆိုလျှင် ရုရှားအား တိုက်ခိုက်ရန်အတွက် အနောက်အုပ်စုက ယူကရိန်းကို ပံ့ပိုးမှုများသည် ရေရှည်တွင် လုံးဝ ဖြစ်နိုင်မည် မဟုတ်ကြောင်း Bradford တက္ကသိုလ်မှ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ပါမောက္ခ Paul Rogers က သုံးသပ်ထားပါသည်။
တောင်ကမ္ဘာခြမ်းက ရုရှားအား ထောက်ခံနေခြင်းသည် အမေရိကန်ဆန့်ကျင်ရေးကြောင့် ဖြစ်နိုင်သည်လားဟူသော မေးခွန်းလည်း ရှိနေသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် မဟာမိတ်များ၏ ယခင်က စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုများက ယူကရိန်းရှိ အနောက်အုပ်စု၏ လုပ်ရပ်အပေါ် သံသယများ ဖန်တီးနေသည်ဟု ဆိုနိုင်သည်။ သို့တိုင် နိုင်ငံအနည်းငယ်အတွက်မူ နိုင်ငံ့ခေါင်းဆောင်ပိုင်းအရဖြစ်စေ၊ ပြည်သူလူထုများက ဖြစ်စေ ရုရှားအား ထောက်ခံမှုထက်စာလျှင် မည်သည့်ဘက်ကမျှ ဝင်ရောက်ပါဝင်ခြင်း မပြုသည့်မူ (Plague on both Sides) ဘက်ကို ပိုမိုအလေးသာကြောင်း သုံးသပ်မှုများလည်း ရှိသည်။
ရုရှား၏ အထူးစစ်ဆင်ရေးသည် အနောက်တိုင်းနိုင်ငံများ၏ လုပ်ရပ်များနှင့် ထပ်တူညီမျှမှုရှိနေသည်လားဟူသော မေးခွန်းများလည်း ရှိနေသည်။ ၉/၁၁ ဖြစ်စဉ်အလွန် စစ်ပွဲဇုန်များဖြစ်သည့် အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီးရီးယားအပါအဝင် အနောက်နိုင်ငံများက စစ်ရေးအရ အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သည့် နေရာဒေသများတွင် လူပေါင်း (၉၂၉,၀၀၀) ကျော် သေဆုံးခဲ့ပါသည်။ စစ်ပွဲ၏ ပြင်းထန်သော အကျိုးသက်ရောက်မှုများကြောင့် ထိုအရေအတွက်ထက် အဆပေါင်းများစွာ သေဆုံးဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
နောက်ထပ်မေးခွန်းတစ်ခုမှာ ကိုလိုနီခေတ်၏ အမှတ်ရစရာများကြောင့်လောဟူ၍ ဖြစ်သည်။ ပိုမိုနက်ရှိုင်းသော သမိုင်းဆိုင်ရာ ပြဿနာများသည် အခြားနေရာများနည်းတူ ယူကရိန်းစစ်ပွဲအား ရှုမြင်ချက်အပေါ်တွင်လည်း သက်ရောက်မှု ရှိသည်။ တောင်ကမ္ဘာခြမ်းနိုင်ငံအများစု အထူးသဖြင့် အာဖရိကတိုက် ဆာဟာရရှိ နိုင်ငံများအနေဖြင့် ရုရှားကို ၎င်းတို့အား ရာစုနှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့သည့် အခြားဥရောပ ကိုလိုနီနယ်ချဲ့အင်အားကြီးနိုင်ငံများနည်းတူ ရှုမြင်ခြင်းမရှိပါ။ ကိုလိုနီစနစ်၏အမွေဆိုးက ရုရှားလိုလားသည့် စိတ်ဓာတ်ကို မဖန်တီးသော်လည်း အနောက်နိုင်ငံများ၏ ရပ်တည်ချက်ကို စာနာစိတ်နည်းပါးကြောင်း တွေ့နိုင်ပါသည်။ ဤသည်မှာ သမိုင်းကပေးသော သင်ခန်းစာများကြောင့် ဖြစ်နိုင်ပါသည်။
စစ်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲ ရောက်ရှိသွားခြင်းလား
ယခုဖြစ်ပွားနေသော ရုရှား – ယူကရိန်းစစ်ပွဲ၏ အရေးကြီးဆုံး အလှည့်အပြောင်းမှာ ရုရှားသည် စစ်ပွဲအား စတင်ဆင်နွှဲစဉ်က အထူးစစ်ဆင်ရေး (Special Military Operation) အဖြစ် မိမိထက် အင်အားနည်းပါးသော ရန်သူကို ကာလတိုအတွက် စီမံချက်ရေးဆွဲ ဆင်နွှဲခဲ့ခြင်း ဖြစ်သော်လည်း တိုက်ပွဲများမှာ ပြင်းထန်လာပြီး နယ်မြေအရလည်း ကျယ်ပြန့်လာကာ စစ်ပွဲသည် ပိုမိုကြီးမားလာကြောင်း တွေ့ရှိလာရပါသည်။ အမေရိကန်က ၂၀၀၁ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များတွင် တာလီဘန်နှင့် အီရတ်တို့အပေါ်ဆင်နွှဲခဲ့သော စစ်ဆင်ရေးများနှင့် နှိုင်းယှဉ်ပါက ယခုစစ်ပွဲသည် အောင်မြင်မှုရရှိရန် ပိုမိုခက်ခဲကြောင်း နှစ်ဘက်လုံးက တွေ့ရှိလာကြပါသည်။ ဖော်ပြပါစစ်ပွဲများတွင် အမေရိကန်အနေဖြင့် အစိုးရတစ်ရပ် ပြုတ်ကျသွားစေရန် တစ်လခန့်မျှသာ အချိန်ယူခဲ့ကြောင်း တွေ့နိုင်သည်။ ယခု ရုရှား – ယူကရိန်း စစ်ပွဲသည် ကိုရီးယားစစ်ပွဲ (၁၉၅၀ – ၅၃)၊ ဘော့စနီးယားစစ်ပွဲ (၁၉၉၂ – ၉၅) နှင့် အီရန် – အီရတ်စစ်ပွဲ (၁၉၈၀ – ၈၈) တို့နှင့် ပိုမိုဆင်တူနေပါသည်။ ယခုစစ်ပွဲ၏ ရလဒ်အနေဖြင့် ထွက်ပေါ်လာမည့် စစ်ပွဲ၏ အရွေ့ဒိုင်းနမစ်များနှင့် သင်ခန်းစားများသည် ကမ္ဘာလုံးဆိုင်ရာ စစ်ဘက်အတွေးအမြင်နှင့် တပ်မတော်များက အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲများအတွက် စစ်ဆင်ရေးစီမံချက်များ ရေးဆွဲရန် စဉ်းစားရာတွင် လွှမ်းမိုးနိုင်မှု ကြီးမားလာမည် ဖြစ်သည်။
ရုရှား – ယူကရိန်းစစ်ပွဲကြောင့် စစ်အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခြင်း
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျူ (SIPRI) က ၂၀၂၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သော စာတမ်းအရ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်မှာ ၂၀၂၁ ခုနှစ်ထက် ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၂၂၄၀ ဘီလီယံအထိ ရောက်ရှိသွားကြောင်း တွေ့ရပါသည်။ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် စစ်အသုံးစရိတ်အများဆုံး ၁၅ နိုင်ငံတို့၏ အသုံးစရိတ်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈၄၂ ဘီလီယံဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်းအထိ ရှိနေပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား – ယူကရိန်းစစ်ပွဲစတင် ဖြစ်ပွားပြီးနောက် နိုင်ငံအလိုက် စစ်အသုံးစရိတ် သုံးစွဲမှုအဆင့်များ ပြောင်းလဲခဲ့ပါသည်။ ဥပမာအားဖြင့် ရုရှားသည် ၂၀၂၂ ခုနှစ်တွင် ၉ ဒဿမ ၂ ရာခိုင်နှုန်း တိုးမြှင့် သုံးစွဲခဲ့ရာ ၂၀၂၁ ခုနှစ်က ပဉ္စမမြောက် အများဆုံး သုံးစွဲသူနေရာမှ ၂၀၂၂ ခုနှစ်တွင် တတိယအများဆုံး စစ်အသုံးစရိတ်သုံးစွဲသူ ဖြစ်လာပါသည်။ ယူကရိန်းသည်လည်း ၎င်း၏ စစ်အသုံးစရိတ်အား ၆၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ရာ အဆင့် ၁၁ ဖြင့် ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်း ၁၅ နိုင်ငံတွင် ပါဝင်လာခဲ့ပါသည်။ ယူကရိန်းအား စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ပေးခြင်း၊ ရုရှား၏ စစ်ရေးအခြေအနေနှင့် အရှေ့အာရှမှ တင်းမာမှုများသည် နိုင်ငံများအတွက် စစ်အသုံးစရိတ် ခွဲဝေသုံးစွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် လွမ်းမိုးလျက် ရှိသောအချက်များ ဖြစ်ပါသည်။ ကုန်လွန်ခဲ့သော နှစ်များအတွင်း စစ်အသုံးစရိတ် ဆက်တိုက်သလို မြင့်တက်လာရခြင်းသည် မိမိတို့အနေဖြင့် လုံခြုံမှုကင်းမဲ့နေသော ကမ္ဘာပေါ်တွင် နေထိုင်နေရခြင်းကို ပြသနေခြင်းဖြစ်ပါသည်။ ရုရှား – ယူကရိန်း စစ်ပွဲသည် ဥရောပ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများ၏ စစ်အသုံးစရိတ် သုံးစွဲရန် ဆုံးဖြတ်ချက်များအား တိုက်ရိုက် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါသည်။ နိုင်ငံ့အစိုးရများသည် နှစ်ရှည်စီမံကိန်းများဖြင့် စစ်အသုံးစရိတ် တိုးမြှင့်ရန် ဆုံးဖြတ်လာကြသည်။ အကျိုးရလဒ်အနေဖြင့် လာမည့်နှစ်များအတွင်း ဥရောပ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများ၏ စစ်အသုံးစရိတ်မှာ ဆက်လက် မြင့်တက်နေမည်ဟု သုံးသပ်ရပါသည်။
ရုရှား၏ ၂၀၂၂ ခုနှစ် စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၆ ဒဿမ ၄ ဘီလီယံဖြစ်ရာ ၉ ဒဿမ ၂ ရာခိုင်နှုန်း တိုးမြင့်လာခြင်း ဖြစ်သည်။ ဤသည်မှာ ၂၀၂၂ ခုနှစ် ဂျီဒီပီ ၏ ၄ ဒဿမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က ၃ ဒဿမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ရုရှားက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ စစ်အသုံးစရိတ်တွင် အကြီးမားဆုံး အစိတ်အပိုင်းဖြစ်သည့် အမျိုးသားကာကွယ်ရေး အသုံးစရိတ်သည် ၂၀၂၁ ခုနှစ် လျာထား ဘတ်ဂျက် စီမံချက်ထက် ၃၄ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း တွေ့ရသည်။ ၂၀၂၂ ခုနှစ်အတွက် လျာထားဘတ်ဂျက်နှင့် အမှန်တကယ် အသုံးစရိတ် ကွာခြားရခြင်းမှာ ယူကရိန်းတွင် သုံးစွဲရန် ကြိုတင်မျှော်မှန်းထားသည်ထက် ပိုမိုများပြားနေခြင်းကြောင့်ဟု SIPRI က သုံးသပ်ထားသည်။ ယူကရိန်း၏ ၂၀၂၂ ခုနှစ် စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံအထိ ရောက်ရှိသွားသည်။ ဤသည်မှာ ၆၄၀ ရာခိုင်နှုန်း မြင့်တက်ခြင်း ဖြစ်ရာ သမိုင်းတစ်လျှောက် တစ်နှစ်အတွင်း အမြင့်ဆုံး စစ်အသုံးစရိတ် သုံးစွဲသောနိုင်ငံအဖြစ် SIPRI တွင် မှတ်တမ်းဝင်လေသည်။ ယူကရိန်းသည် ၂၀၂၁ ခုနှစ်က စစ်အသုံးစရိတ်သည် ဂျီဒီပီ၏ ၃ ဒဿမ ၂ ရာခိုင်နှုန်းသာ ရှိရာက ၂၀၂၂ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း အထိ တိုးမြှင့် သုံးစွဲခဲ့ကြောင်း တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်။)
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
(ဤဆောင်းပါးသည် ကျွန်တော့်အတွက် ထူးထူးခြားခြား အမှတ်တရရေးသားဖြစ်သော ဆောင်းပါးဖြစ်ပါသည်။)