သမိုင်းကြောင်းအတွင်းမှ သက်ကြီးဝါကြီးတို့၏ အခန်းကဏ္ဍ

0

(စွန့်လွှတ်စွန့်စားသူတို့ ကွန်းခိုရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ နှစ်ပတ်လည်မဂ္ဂဇင်း ၂၀၂၂ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

သမိုင်းကြောင်းအတွင်းမှ သက်ကြီးဝါကြီးတို့၏ အခန်းကဏ္ဍ

သက်ကြီးဝါကြီးဟု ဆိုလိုက်သည်နှင့် သာမန်အားဖြင့် အသက် (၆၀) ကျော်အရွယ် အငြိမ်းစားများကို မြင်မိကြပါမည်။ အမေရိကန်တို့က Senior Citizen ဟု ခေါ်ကြသည်။ လက်ရှိတွင် အရှေ့တိုင်းနှင့် အနောက်တိုင်း လူမှုအသိုက်အဝန်းများအတွင်း သက်ကြီးဝါကြီး အရေအတွက်မှာ အလျင်အမြန်ပင် တိုးတက်များပြား လာပါသည်။ ထို့ကြောင့် သက်ကြီးဝါကြီးများ၏ အခန်းကဏ္ဍမှာလည်း အရေးပါသော အခြေအနေသို့ ရောက်ရှိလာပါသည်။

သက်ကြီးရွယ်အိုဆိုင်ရာ ကျွမ်းကျင်သူပညာရှင် လော်ရာ ကာစတန်ဆန်က သက်ကြီးရွယ်အိုများ အစုအဖွဲ့အတွက် ပတ်ဝန်းကျင်တစ်ခု ပြန်လည်တည်ဆောက်ရန် လူမှုနှင့် သိပ္ပံဆိုင်ရာ တိုးတက်မှုများအတွက် အခွင့်အလမ်းကောင်းများ ရောက်ရှိလာပြီဟု သုံးသပ်သည်။ လူမှုအသိုက်အဝန်းအတွင်း သက်ကြီးဝါကြီးများ၏ အခန်းကဏ္ဍအတွက် ပြန်လည်စဉ်းစား သုံးသပ်ရန် အခွင့်အလမ်းလည်း ပေါ်ပေါက်လာနေပြီဖြစ်ကြောင်း သူက ဆိုသည်။ လူမှုအသိုက်အဝန်းအတွင်း စိတ်ပိုင်းဆိုင်ရာတည်ပြီး၊ ဗဟုသုတကြွယ်ဝသည့် ကျန်းမာရေး ကောင်းမွန်နေဆဲ အသက်ရွယ်ကြီးရင့်သူများ အများအပြား ရှိနေပါက ဤသည်မှာ ကောင်းမွန်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည်ဟု သူက ဆက်လက် သုံးသပ်ပါသည်။

လူမှုအသိုက်အဝန်းအတွင်း သက်ကြီးဝါကြီးများ၏ အခန်းကဏ္ဍ အပြောင်းအလဲကောင်းအား ကောင်းမွန်စွာ နားလည်သဘောပေါက်ထားရန် လိုအပ်သကဲ့သို့ လူသားတို့အနေဖြင့် မည်သည့်နေရာမှလာပြီး မည်သည်ကို ဦးတည်နေသည်ကိုလည်း နားလည်ရန် အရေးကြီးပါသည်။ ထိုအတွက်ကြောင့်ပင် သမိုင်းတစ်လျှောက် သက်ကြီးဝါကြီးများ၏ အမျိုးမျိုး အဖုံဖုံသော အခန်းကဏ္ဍများကို လေ့လာစူးစမ်းရန် လိုအပ်ပြီး ထိုသို့ လေ့လာမှသာ အသက်အရွယ်အားလုံး ပါဝင်သည့် ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်းသို့ ဦးတည်သွားနိုင်မည်လည်း ဖြစ်ပါသည်။

လူသားတို့သည် မိမိတို့ကိုယ်မိမိတို့ အမျိုးအစားခွဲခြားလိုစိတ် ရှိကြပါသည်။ အမှန်တကယ်ဆိုရလျှင် ယဉ်ကျေးသော လူ့အဖွဲ့အစည်း စတင်ပေါ်ထွန်းလာချိန်ကတည်းက ထိုသို့ အမျိုးအစား ခွဲခြားသတ်မှတ်ကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့်ပင် လူတစ်ဦးတစ်ယောက် အသက် (၆၅) နှစ် အရွယ် ရောက်ရှိချိန်တွင် ၎င်းအား သက်ကြီးဝါကြီး (Senior Citizen) ဟု အမျိုးအစား ခွဲခြားသတ်မှတ်ပေးလိုက်ကြသည်။ ထိုအချိန်တွင် သက်ကြီးဝါကြီးဟု သတ်မှတ်ခြင်းခံရသူကိုယ်တိုင် အိုမင်းသွားပြီ သို့မဟုတ် စီနီယာဖြစ်သွားပြီဟု ၎င်းကိုယ်၎င်း သတိမထားလိုက်မိ၊ အသိအမှတ်မပြုမိသေးချိန်လည်း ဖြစ်နိုင်သေးပေသည်။ ဤသည်မှာ လက်တွေ့အသုံးချနိုင်သည့် အကြောင်းရင်းခံများကြောင့် ဖြစ်ပေါ်လာသည်ဖြစ်ရာ တိကျသော ဇီဝဖြစ်စဉ်အဆင့်များနှင့် နှိုင်းစာလျှင် လူမှုအသိုက်အဝန်းက လက်ခံထားချက်ပေါ်တွင် မူတည်ပါသည်။

ထို့အပြင် နှစ်ကာလအပိုင်းအခြား (Chronological Age) အရ အသက်အရွယ်ကြီးရင့်သည် ဟူသော (Old Age) သတ်မှတ်ချက်သည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် သမိုင်းကြောင်းများအရ ကွဲပြားခြားနားတတ်ပါသေးသည်။ ကံအကြောင်းမလှစွာပင် သက်ကြီးရွယ်အို (Old People) နှင့် အသက်အရွယ်ကြီးရင့်ခြင်း (Old Age) တို့သည် ယဉ်ကျေးခြင်း မရှိသော စကားလုံးများအနေဖြင့် ဆက်စပ်လျက်ရှိနေရာ ကမ္ဘာတစ်ဝှမ်းရှိ မတူညီကွဲပြားနေသော ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများအကြား စကားနု စကားယဉ်ဖြင့် အစားထိုး သုံးစွဲရန်လည်း လိုအပ်ပါသည်။ ဥပမာအားဖြင့် –

– စီနီယာကြီးများ (Seniors) (American usage)

– သက်ကြီးဝါကြီးများ (Senior citizens) (British and American usage)

– လူကြီးသူမများ (Older adults) (in the social sciences)

– ဝါရင့်ပုဂ္ဂိုလ်များ (The elderly, and elders) (in many cultures — including the cultures of aboriginal people)

– ဘဝ၏ ဆောင်းဦးရာသီ (The autumn of life)

– ဘဝ၏ ညနေခင်း နေဝင်ချိန် (The evening of life)

– ဘဝ၏ ဆောင်းရာသီ (The winter of life) နှင့်

– ရွှေရောင်တောက်ပချိန် (The Golden age) စသည်တို့ ဖြစ်ပါသည်။

အချို့သော အသုံးအနှုန်း ဝေါဟာရများမှာ တင်စီးသော အခေါ်အဝေါ်များအဖြစ် စွဲထင်ကျန်ရစ်နိုင်ရာ လူအများက ဝါရင့်ပုဂ္ဂိုလ်များ၊ စီနီယာများအဖြစ် သတ်မှတ်ခြင်းကို နှစ်သက်ခြင်း မရှိပေ။ ထိုအစား လူအိုဟုသာ ခေါ်စေလိုကြပြီး တစ်ခါကကဲ့သို့ ငယ်ရွယ်နုပျိုခြင်း မရှိတော့ပေ ဆိုသည့်အချက်ကို ရင်ဆိုင်ကြရသည်။ အချို့သူများအနေဖြင့်က အိုမင်းသည် ဆိုသည့် ဝေါဟာရကို အဆိုးဂယက်အဖြစ် အနက်ကောက်ယူပြီး ထိုသို့ အမျိုးအစားခွဲခြားခြင်းကို လက်ခံခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ နှစ်မျိုးလုံးမှာ ထိရှလွယ်သော အခြင်းအရာ ဖြစ်သည်။

သမိုင်းကြောင်းမှ သက်ကြီးဝါကြီးများ

မျိုးရိုးဗီဇဆိုင်ရာ လေ့လာချက်များအရ ကြည့်မည်ဆိုလျှင်တော့ လက်ရှိကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသော လူသားများသည် နှစ်ပေါင်း (၁၀၀၀၀) အကြာက မျိုးရိုးစဉ်ဆက်များလောက် ပါးနပ်ချက်ချာ စမတ်မဖြစ်သလို ကျန်းမာခြင်းလည်း မရှိပေ။ သို့ရာတွင် လက်တွေ့အခြေအနေများအရ လက်ရှိကမ္ဘာမှ လူသားများသည် ဘိုးဘေးဘီဘင်များထက် ဇီဝပိုင်းဆိုင်ရာ ပိုမိုကျန်းမာသန်စွမ်းသည်ကို တွေ့ရကြောင်း လော်ရာ ကာစတန်ဆန်က ဆိုသည်။

ကျွန်ုပ်တို့ မည်သို့ ဆင်းသက်ပေါက်ဖွား လာကြပါသနည်း။ သမိုင်းစဉ်တစ်လျှောက် သက်ကြီးဝါကြီးများ၏ အခန်းကဏ္ဍမှာ မည်သို့ ပြောင်းလဲလာပါသနည်း။ သမိုင်းရှုထောင့်က လေ့လာကြည့်လျှင် အသက်အရွယ်ကြီးရင့်မှုနှင့် ပတ်သက်ပြီး အံ့သြစရာ၊ တစ်ခါတစ်ရံ ဝမ်းနည်းဖွယ်ရာ အချက်အလက်များ ဖော်ထုတ်တွေ့ရှိရပါသည်။ ဇီဝဗေဒဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲသည့် ရှုထောင့်မှ ကြည့်မည်ဆိုလျှင် (၂၀) ရာစု မတိုင်မီက လူသားတို့၏ မျှော်မှန်းအသက်မှာ (၆၀) နှစ်အောက်သာ ဖြစ်ပါသည်။ ယနေ့ခေတ်တွင် မြင်တွေ့နေရသည့် အသက်ရှည်ခြင်းအား ထိုစဉ်က မည်သူကမျှ မျှော်လင့်ထားခြင်း မရှိခဲ့ပါ။ လူမှုသိပ္ပံအမြင်ဖြင့် ရှုမြင်ပါက အသက်အရွယ်ကြီးရင့်မှုနှင့် စပ်လျဉ်းပြီး မရေရာ မပြတ်သားသော လိုသလို အနက်အဓိပ္ပာယ် ကောက်ယူသည့် အချက်အချို့ကတော့ ရှိစမြဲပင်ဖြစ်သည်။

အသက်အရွယ် ကြီးရင့်ခြင်းအား ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကြီးမားသည့် ပြယုဂ်ရင်းမြစ်အဖြစ် ရှုမြင်သူများ ရှိသကဲ့သို့ပင် အိုမင်းမစွမ်းခြင်းအဆင့်နှင့် ရောဂါဝေဒနာ ခံစားနေသည့် ရင်းမြစ်အဖြစ် ရှုမြင်သူများလည်း ရှိသည်။

သမိုင်းမတင်မီခေတ် (Ancient times)

သမိုင်းမတင်မီခေတ်အချိန်က ကျန်းမာသန်စွမ်းသူ အချို့သာလျှင် အသက် (၇၀) တန်းသို့ ရောက်ရှိပြီး အများစုမှာ အသက် (၅၀) တန်းမတိုင်မီ ပတ်ဝန်းကျင်တွင် ကွယ်လွန်သွားလေ့ ရှိကြသည်။ ထိုအတွက်ကြောင့် အချို့မှာ အသက် (၄၀) ကျော်အရွယ်ကို ရောက်သည်နှင့် လူအများ၏ လေးစားမှုကို ခံရသည်။ ကျန်းမာသန်စွမ်းခြင်းမရှိသူ အချို့မှာတော့ ဝန်ထုပ်ဝန်ပိုးအဖြစ် သတ်မှတ်ခံရကာ ဥပက္ခောပြုခြင်း ခံရတတ်ပြီး တစ်ခါတစ်ရံ သတ်ဖြတ်ခြင်းပါ ခံရတတ်ပါသည်။ ထိုသမိုင်းမတင်မီခေတ်က အိုမင်းသည်ဟူသော သတ်မှတ်ချက်မှာ အသက်အရွယ်ပေါ်တွင် မူတည်ခြင်း မရှိဘဲ၊ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်နိုင်စွမ်း ပျောက်ဆုံးချိန်ကို သတ်မှတ်ခြင်း ဖြစ်သည်။

ရှေးဂရိနှင့် ရောမ ထုံးတမ်းစဉ်လာများ (Classical Greek and Roman Cultures)

ထိုခေတ်ကာလက လှပခြင်း၊ ခွန်အားကြီးမားခြင်းနှင့် ငယ်ရွယ်နုပျိုခြင်းတို့သည် အခြားအရာများထက် တန်ဖိုးထားဦးစားပေးခြင်း ခံရသည်ဖြစ်ရာ အသက်အရွယ်ကြီးရင့်ခြင်းအား အကျနှင့် အိုမင်းမစွမ်းအဆင့်အဖြစ် မြင်ကြသည်။ အရစ်စတိုတယ်လ်တို့ခေတ်က အေသင်လူမျိုးတို့သည် သက်ကြီးရွယ်အိုများကို နှစ်သက်ခြင်းမရှိပဲ မကြာခဏဆိုသလိုပင် ဆန့်ကျင်ပုန်ကန်လေ့ ရှိကြသည်။

အလယ်ခေတ် (အေဒီ ၅ ရာစုမှ ၁၄ ရာစုခန့်) နှင့် ရီနေဆန့်ခေတ်များ (အေဒီ ၁၄ ရာစုမှ ၁၇ ရာစုခန့်) (Medieval and Renaissance periods)

ထိုခေတ်နှစ်ခုလုံးတွင် အသက်အရွယ်ကြီးမြင့်ခြင်းအတွက် ရွှေရောင်လွှမ်းသည့်ခေတ်ဟု သက်သေပြစရာ မရှိသည့်အပြင် တစ်ခါတစ်ရံ အိုမင်းသူများအား ဆန့်ကျင်သည့် လုပ်ဆောင်မှုများ တွေ့ရှိရသည်။ အသက်အရွယ်ကြီးရင့်ခြင်းအား ဘဝ၏ ကိုယ်စိတ်ဆင်းရဲပြီး အားနည်းပျော့ညံ့သည့် အဆင့်တစ်ခုအဖြစ် ပုံဖော်ကြသည်။ အခြေအနေပေါ် မူတည်ပြီး လေးစားခံရသူများ ရှိသကဲ့သို့ စက်ဆုပ်ရွံရှာခြင်း ခံရသူများလည်း ရှိသည်။ ဂုဏ်ပြုခြင်း ခံရသူများရှိသကဲ့သို့ သတ်ဖြတ်ခြင်း ခံရသူများလည်း ရှိပါသည်။

သောမတ်စ်မိုးနှင့် အန်တိုနီယို ဒီဂွေးဗားရားတို့ ကဲ့သို့သော (၁၆) ရာစု စိတ်ကူးယဉ်ဝါဒီအချို့က ကမ္ဘာကြီးအတွင်း နေထိုင်သူ သက်ကြီးရွယ်အိုများအနေဖြင့် အိုမင်းမစွမ်း နေထိုင်မည်လား၊ သို့တည်းမဟုတ် ဂုဏ်သိက္ခာရှိစွာ အသေခံမည်လားကို ရွေးချယ်ရန် စတင် တိုက်တွန်းရေးသားလာသည်ကို တွေ့ရသည်။ ဤနေရာတွင် အသက် (၆၅) နှစ် ကျော်လွန်နေထိုင်ရခြင်းသည် ရတောင့်ရခဲ အောင်မြင်မှုတစ်ခု ဖြစ်လာသည်။

အရှေ့တိုင်းအတွေးအခေါ် – ကွန်ဖြူးရှပ်ဝါဒ (Eastern thought: Confucianism)

အရှေ့တိုင်းအတွေးအခေါ်နှင့် ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးမှုများအရ မိသားစု၊ သက်ကြီးရွယ်အိုများနှင့် ဓလေ့ထုံးစံအရ အသက်အရွယ် ဝါစဉ်အလိုက် လေးစားမှု၊ စုပေါင်းလုပ်ဆောင်သည့် ဘုံချဉ်းကပ်မှုအား ပိုမိုတန်ဖိုးထားသည်ကို တွေ့ရသည်။

မြေထဲပင်လယ်နှင့် လက်တင် ဓလေ့ထုံးတမ်းများ (Mediterranean and Latin Culture)

ထိုယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင် သက်ကြီးရွယ်အိုများအား အရေးကြီးပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားခြင်း မရှိပါ။ အသက်အကြီးဆုံး မျိုးဆက်သည် အိမ်ထောင်ဦးစီးက အိမ်အပြင်ထွက် စီးပွားရှာနေချိန်တွင် အိမ်ရှိ အငယ်ဆုံးမျိုးဆက်ဖြစ်သည့် ကလေးသူငယ်များကို ထိန်းကျောင်းနေရကာ အိမ်အလုပ်ကူညီလုပ်ဆောင်ခြင်းဖြင့် သူတို့၏ဘဝကို ရပ်တည်နေရပေသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သက်ကြီးရွယ်အိုများသည် ၎င်းတို့ဘဝ နေဝင်ချိန်အား မိသားစုနှင့် ဆက်လက်ပြီး လုံးလုံးလျားလျား ပေါင်းစပ်နေထိုင်ကြကြောင်း တွေ့ရသည်။

ယနေ့ခေတ် (Modern Period)

ရာစုနှစ်များတစ်လျှောက် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် ယနေ့ခေတ် လူသားတို့၏ မျှော်မှန်းအသက်သည် အကြမ်းဖျင်းအားဖြင့် အမျိုးသားများအတွက် (၇၉) နှင့် အမျိုးသမီးများအတွက် (၈၃) နှစ် အထိ ရှိလာပါသည်။ သို့သော် အနောက်တိုင်း ခေတ်သစ် ယဉ်ကျေးမှုတွင် စီနီယာများ၏ ဓလေ့ထုံတမ်းဆိုင်ရာ အဆင့်အတန်းအား အသိအမှတ် မပြုကြပါ။

အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ သက်ကြီးရွယ်အိုများသည် ငွေကြေးအခက်အခဲများ တွေ့လာရကာ အိုးမဲ့အိမ်မဲ့များ ဖြစ်သွားတတ်ခြင်းနှင့် သီးခြားအမှီအခိုကင်းမဲ့စွာ နေထိုင်နိုင်စွမ်း မရှိခြင်းတို့ ကြုံရတတ်ပါသည်။ ထိုသို့သော ပုဂ္ဂိုလ်အများအပြားမှာ သက်ကြီးရွယ်အိုများအတွက် သီးသန့် တည်ထောင်ပေးထားသည့်  အငြိမ်းစားများ စုပေါင်းနေထိုင်ရာ Retirement Community နေရာများ၊ သက်ကြီးရွယ်အိုများအတွက် ကိုယ်ရေးကိုယ်တာနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြင့် နေထိုင်နိုင်ရန် တည်ထောင်ပေးထားသည့် Assisted Living Facility များနှင့် ဘိုးဘွားရိပ်သာများသို့ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ရန် စေခိုင်းခံရပါသည်။ ထိုဖြစ်စဉ်အား အသက်အရွယ် ကြီးရင့်သူကို ဝိုင်းပယ် ခွဲခြားဆက်ဆံမှု (Ageism) ဟု သတ်မှတ် ခေါ်ဆိုပါသည်။

ဂျော့မီနွိုက်က အမြဲတမ်းနှင့် နေရာတိုင်းလိုလိုပင် လူငယ်သည် လူကြီးများထက် ဦးစားပေးခံရသည်ဟု သုံးသပ်ပါသည်။ ခေတ်သစ် အနောက်တိုင်း ဓလေ့ထုံးတမ်းများအရ ငယ်ရွယ်ခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်းနှင့် ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်တို့ကို အလေးထားသည့် တစ်ကိုယ်ကောင်း ပုံစံများကြောင့်ဟု ဆိုသည်။

ရလဒ်အနေဖြင့် (၂၀၁၁) ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သက်ကြီးရွယ်အိုများကို အကာအကွယ်ပေးနိုင်မည့် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းကို အဆိုပြုခဲ့သည်။ မိသားစုအတွင်း ဘိုးဘွားများက ကလေးသူငယ်များထက် ပိုမိုများပြားလာခြင်းနှင့်အတူ မိသားစုများစွာအတွက် အလှုပ်အခတ်မှာ သိသာထင်ရှားစွာ ပြောင်းလဲလာခဲ့ပါသည်။

လော်ရာ ကာစတန်ဆန်က အသက်အရွယ်အလိုက် လူဦးရေ ပိရမစ်ပုံစံဖြစ်သည့် လူငယ်လူရွယ်များက ပိရမစ်၏အခြေတွင် အများအပြားရှိနေပြီး၊ သက်ကြီးရွယ်အိုများက ပိရမစ်၏ ထိပ်တွင် အနည်းငယ်သာ ရှိနေရမည့် အခြေအနေသည် ယခုအခါ ထောင့်မှန်စတုဂံပုံစံအဖြစ် ပြောင်းလဲလာခဲ့သည်ဟု သုံးသပ်ပါသည်။ သက်ကြီးရွယ်အို အရေအတွက် များပြားလာခြင်းကို ဆိုလိုပါသည်။

ထိုထောင့်မှန်စတုဂံပုံစံ သို့မဟုတ် ထုလုံးရှည်ပုံစံသည် ဖွံ့ဖြိုးပြီးကမ္ဘာတွင် မွေးဖွားသည့် ကလေးငယ်အများစုအနေဖြင့် ကျန်းမာစွာ အသက်အရွယ် အိုမင်းသွားနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း လူသားမျိုးနွယ်သမိုင်းတွင် ပထမဆုံးအကြိမ်ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။

လူသားတို့၏ မျှော်မှန်းသက်တမ်း တိုးတက်လာခြင်းသည် ရှေးဘိုးဘေးဘီဘင်တို့ထက် ပိုမိုခွန်အားကြီးမားခြင်းကြောင့် မဟုတ်ဘဲ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများ၊ သိပ္ပံပညာရပ်နှင့် နည်းပညာတို့က ကျန်းမာရေးနှင့် လူမှုဘဝ တိုးတက်ရေးတို့တွင် အရေးပါသော အခန်းကဏ္ဍက ပါဝင်နေခြင်းကြောင့် ဖြစ်သည်။

ယနေ့ခေတ်တွင် သက်ရွယ်ဝါကြီးတို့၏ အခန်းကဏ္ဍ

သက်ကြီးဝါကြီးများအပေါ် ရှုမြင်ချက်များသည် အမြဲပြောင်းလဲလျက်ရှိရာ ယဉ်ကျေးမှု တစ်ခုမှတစ်ခုသို့ မတူညီဘဲ ဆက်ဆံရေးနှင့် အရိုအသေပြုမှုများ ပြောင်းလဲခြင်းနှင့် မတူညီသော ခေတ်များတစ်လျှောက် တိုးတက်လာခြင်းတို့လည်း ပါဝင်သည်။ အနောက်တိုင်းနှင့် အရှေ့တိုင်း နိုင်ငံများ၏ လူမှုအသိုက်အဝန်းများ၏ အချို့သော အစိတ်အပိုင်းများသည် ပြုစုဂရုစိုက်ရန် လိုအပ်နေသည့် သက်ကြီးရွယ်အိုများကို ဖယ်ထုတ်လိုစိတ်ရှိကြသည်။

သို့သော်လည်း မီးခိုးရောင်ပြောင်းသွားသော ဆံပင်နှင့် မာခေါက်ခေါက် ဖြစ်နေသော အရိုးအဆက်များက သူတို့အား ကျွနိုပ်တို့ အသိုက်အဝန်း၏ ကျောက်သားကဲ့သို့ မာကျောနေသော အုတ်မြစ်အခြေခံအဖြစ် တည်ရှိနေခြင်းမှ တားဆီးခြင်းပြုနိုင်မည် မဟုတ်ပေ။ ကျွနိုပ်တို့သာ လိုလိုလားလား နားထောင် သင်ယူလိုပါက သူတို့သည် ချက်ပြုတ်ကျွေးမွေးခြင်း၊ ပုံပြင်ပြောခြင်းနှင့် မြေးငယ်များအား ထိန်းကျောင်းခြင်းတို့တွင် ထူးထူးခြားခြား သာလွန်ကောင်းမွန်နေလေ့ ရှိသည်ကို မြင်တွေ့ရနိုင်ပါသည်။

သူတို့၏ ခန္ဓာကိုယ်မှာ အားနည်းချိနဲ့ကောင်း ချိနဲ့နေပေငြား သမုဒ္ဒရာတစ်ခုအလား ကြီးမား ကျယ်ပြန့်သည့် သူတို့၏ အတွေ့အကြုံနှင့် ဉာဏ်ပညာများက ငယ်ရွယ်သော မျိုးဆက်များအတွက် လမ်းပြမြေပုံသဖွယ် လမ်းညွှန်ပေးနိုင်ပါသည်။ သူတို့သည် ကြွယ်ဝသော ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းသူများ ဖြစ်သည်နှင့်အညီ လူငယ်လူရွယ်များအား ရိုးရာထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှု အမွေများ တန်ဖိုးထားရေးတို့အား သင်ကြားပေးရာတွင် အဓိကကျနေပါသည်။

ကံအားလျော်စွာပင် အချိန်သည် ပြောင်းလဲနေပြီး ကွဲပြားခြားနားသော ပတ်ဝန်းကျင်များက အသစ်သစ်သော မျိုးဆက်များကို မွေးထုတ်ပေးလျက်ရှိရာ အသက်အရွယ်ကြီးရင့်သည့် မျိုးဆက်ကို ကာကွယ်ရန် ရည်မှန်းထားသည့် မျိုးဆက်လည်း ပေါ်ထွက်လာပါသည်။ မည်သည့် ယဉ်ကျေးမှု ဓလေ့ထုံတမ်းနောက်ခံက လာသည်ဖြစ်စေ တစ်ဦးတစ်ယောက်ခြင်းအနေဖြင့် ၎င်းတို့၏ အသက်အရွယ် အိုမင်းနေသည့် မိဘများအား ချစ်ခြင်းမေတ္တာ၊ လေးစားမှုနှင့် တာဝန်ယူစိတ် ပြင်းပြမှုရှိရန် လိုအပ်ပါသည်။ လူအချင်းချင်းထံမှလည်း အပြန်အလှန် သင်ယူရန် လိုအပ်ပါသည်။ 

အသက်အရွယ်အားလုံး ပါဝင်သော လူမှုအသိုက်အဝန်းသို့ ဦးတည်လျှောက်လမ်းခြင်း

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆင်းရဲစွာ အသက်မွေး ဝမ်း ကျောင်းနေရသည့် သက်ကြီးဝါကြီး အရေအတွက်မှာ သိသာစွာ များပြားနေသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း ထိုပင်စင်စား ဆင်းရဲမှုကို လျော့ချရန် အားထည့် လုပ်ဆောင်လာသည်ကို တွေ့ရသည်။

သက်ကြီးဝါကြီး လူဦးရေအပေါ် သက်ရောက်မှုနှင့် ပတ်သက်ပြီး တုန်လှုပ်စွာ ရှုမြင် ဦးစားပေးနေမည့်အစား အမှန်တကယ် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ဖြေရှင်းပေးနိုင်မည့် မူဝါဒရေးဆိုင်ရာ ဆုံးဖြတ်ချက်အသစ်များအား အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် ပိုမိုမျှတမှုရှိသည့် ချဉ်းကပ်မှုများကို လုပ်ဆောင်သင့်ပါသည်။ ထိုအချက်များမှာ –

(က) သက်ကြီးဝါကြီးများအနေဖြင့် အသက်ကြီးရင့်လာသည်နှင့်အမျှ ၎င်းတို့၏ အိမ်များတွင် ဆက်လက်နေထိုင်နိုင်ရန် လိုအပ်သော ထောက်ပံ့ကူညီမှုများကို မည်သို့ လုပ်ဆောင်ပေးနိုင်မည်နည်း။

(ခ) သက်ကြီးဝါကြီးများအား ပြုစုစောင့်ရှောက်ပေးနေရသူများအတွက် အထောက်အပံ့နှင့် လိုအပ်သော လေ့ကျင့်မှုများအား မည်သို့ ရရှိနိုင်မည်နည်း။

(ဂ) အသက်အရွယ်မရွေး ရင်းနှီးဖော်ရွေသည့် လူမှုအသိုက်အဝန်းများ ဖြစ်ပေါ်လာစေရန် မည်သို့ အကူအညီပေးရမည်နည်း။

(ဃ) သက်ကြီးဝါကြီးများအနေဖြင့် လူနေမှုအဆင့်အတန်း မြင့်မားစွာဖြင့် လူမှုအသိုက်အဝန်းအား ဆက်လက်မျှဝေမှုများ ပေးအပ်နိုင်ရန် မည်သို့ ထောက်ပံ့ကူညီမှုများ ပေးသင့်သနည်း။

အထက်ဖော်ပြပါ မူဝါဒရေးရာ ဥပမာအချို့သည် တစ်ကမ္ဘာလုံးရှိ အစဉ်ပြောင်းလဲနေပြီး အလျင်အမြန် တိုးတက်နေသည့် လူမှုအသိုက်အဝန်းအတွင်း သက်ကြီးဝါကြီးများ ပါဝင် လုပ်ဆောင်မှု တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ သက်ကြီးဝါကြီးများအတွက် ပိုမို ရင်းနှီးကျွမ်းဝင်ပြီး ပိုမို လွယ်လွယ်ကူကူ ရပ်တည်နိုင်မည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးခြင်းသည် အစိုးရတိုင်းအတွက် ဦးစားပေး လုပ်ဆောင်ရမည့်အချက် ဖြစ်ပါသည်။ အထူးသဖြင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် အများပြည်သူသုံး ပို့ဆောင်ရေးစနစ်များအား သုံးစွဲရာတွင် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရပါမည်။

ဥပမာအားဖြင့် စင်ကာပူနိုင်ငံတွင် သက်ကြီးဝါကြီးများသည် လူကူးမျဉ်းကြားများ ဖြတ်ကူးရန်အတွက် ကတ်တစ်ခုကို သတ်မှတ်နေရာတွင် ထိလိုက်သည်နှင့် ယာဉ်ကြောထိန်း အချက်ပြမီးမှာ အချိန်ပြောင်းလဲသွားပြီး လမ်းဖြတ်ကူးရန် အချိန်လုံလောက်စွာ ရရှိစေပါသည်။

သက်ကြီးဝါကြီးများနေထိုင်ရန် အိမ်များနှင့် ဘိုးဘွားရိပ်သာများတွင်လည်း အထက်ဖော်ပြပါ နည်းလမ်းများကို အတုယူလုပ်ဆောင်ကာ ၎င်းတို့အတွက် လှုပ်ရှားသွားလာရ လွယ်ကူကောင်းမွန်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးသင့်ပါသည်။

နိဂုံး

ယနေ့ခေတ်တွင် သက်ကြီးဝါကြီးများသည် လူမှုအသိုက်အဝန်းအတွင်း ပိုမိုတက်ကြွစွာ ပါဝင်လာနိုင်ကြပြီး အသိဉာဏ်ပညာများကိုလည်း ပိုမိုမျှဝေပေးလာနိုင်ကြပါသည်။ သို့သော်လည်း ၎င်းတို့အတွက် လုပ်ဆောင်ပေးစရာများ ကျန်ရှိနေပါသေးသည်။ ဂျပန်နှင့် သြစတြေးလျနိုင်ငံများ ကဲ့သို့ ရာစုနှစ်ပေါင်းများစွာ သက်ကြီးဝါကြီးများ၏ အသိဉာဏ်ပညာအား လွန်စွာ အသိအမှတ်ပြု လေးစားသည့် လူမှုအသိုက်အဝန်းတစ်ခု ပေါ်ထွန်းလာစေရန် မျှော်မှန်း လုပ်ဆောင်သွားရပါသည်။ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သက်ကြီးဝါကြီးများ၏ မျှဝေမှုများအား ကျွနိုပ်တို့ မည်သည့်အခါမျှ သံသယပွားဖွယ်မရှိပါ။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

ရင်းမြစ်။ The Role of Senior Citizens Throughout History, Stannah, 27th September 2017

Share.

About Author

Leave A Reply