တရုတ် – အမေရိကန် ဆက်ဆံရေး၏ ပစ္စုပ္ပန်နှင့် အနာဂတ် (ကမ္ဘာ့ရေးရာ အတွဲ (၁၈) ဖေဖော်ဝါရီ၊ ၂၀၂၃ တွင် ဖော်ပြပါရှိသော အထူးဆောင်းပါး ဖြစ်ပါသည်။)

0

(ကမ္ဘာ့ရေးရာ အတွဲ (၁၈) ဖေဖော်ဝါရီ၊ ၂၀၂၃ တွင် ဖော်ပြပါရှိသော အထူးဆောင်းပါး ဖြစ်ပါသည်။)

တရုတ် – အမေရိကန် ဆက်ဆံရေး၏ ပစ္စုပ္ပန်နှင့် အနာဂတ်

ဒေါက်တာ နိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

နိဒါန်း

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများအကြား ဆက်ဆံရေးသည် သမိုင်းကြောင်းအား လေ့လာကြည့်မည်ဆိုပါက ကမ္ဘာ့အရေးကြီးဆုံးနှင့် အရှုပ်ထွေးဆုံး ဆက်ဆံရေးတစ်ရပ် ဖြစ်ကြောင်း တွေ့ရှိနိုင်မည် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်သည့် (၁၉၄၉) ခုနှစ်ကတည်းက စတင်ပြီး ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် တိုင်ဝမ်အရေးဆိုင်ရာများတွင် တင်းမာမှုများနှင့် ပူးပေါင်းဆောင်မှုများ နှစ်မျိုးလုံးကို ရင်ဆိုင်ကြုံတွေ့ကြရသည်။ သမိုင်း ကြောင်းအရ ကြည့်မည်ဆိုလျှင် ကိုးရီးယားစစ်ပွဲနှင့် ဗီယက်နမ်စစ်ကဲ့သို့သော အကြပ်အတည်းကာလများတွင် နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိနိုင်သည်။ (သို့သော်ကိုးရီးယားစစ်ပွဲကာလအတွင်း တရုတ်တပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သမိုင်းအထောက်အထားများလည်း ရှိပါသည်။)

လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော်အကြာက အမေရိကန်သမ္မတ ရစ်ချက် နစ်ခ်ဆင် တရုတ်သို့ သွားရောက်လည်ပတ်ချိန်မှ စတင်ကာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် တဖြည်းဖြည်း ပြောင်းလဲလာပါသည်။ ထိုအလည်အပတ် ခရီးစဉ်နောက်ပိုင်း အပြောင်းအလဲ အများအပြား ဖြစ်ပေါ်ခဲ့သော်လည်း အမြဲတစေအကောင်းဘက်ကချည်း မဟုတ်ချေ။ နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းတွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်လာသကဲ့သို့ပင် အခြားတစ်ဘက်တွင်လည်း အာရှ-ပစိဖိတ်ဒေသအား လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြပါသည်။ ထို့ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးအား (၂၁) ရာစုခေတ်၏ အရေးအကြီးဆုံးဆက်ဆံရေးအဖြစ် ကမ္ဘာ့ခေါင်းဆောင်များနှင့် ပညာရှင်များက သတ်မှတ်ကြခြင်း ဖြစ်သည်။

ပစ္စုပ္ပန်ကာလ ဆက်ဆံရေး

၂၀၂၁ ခုနှစ် ကိန်းဂဏန်းများအရ အမေရိကန်သည် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်ပြီး၊ တရုတ်က ဒုတိယလိုက်ပါသည်။ Purchasing Power Parity (PPP) အရတိုင်းတာသည့် ဂျီဒီပီတွင်အရဆိုလျှင်တော့ တရုတ်သည် အကြီးမားဆုံး ဖြစ်သည်။ လက်ရှိအခြေအနေများအရ တရုတ်နှင့် အမေရိကန်တို့တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွား ရပ်တည်ချက်များ ရှိနေသည်။ ဥပမာအားဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေး ဆိုင်ရာကိစ္စရပ် ဖြစ်သည်။ သို့သော်လည်း ဖြေရှင်းမရနိုင်သေးသည့် ပြဿနာများလည်း ရှိသည်။ ဥပမာအားဖြင့် တရုတ်၏ တိုင်ဝမ်နှင့် ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးနှင့် အမေရိကန်က တရုတ်တစ်နိုင်ငံတည်းမူအား ဆက်လက် အသိအမှတ်ပြုခြင်း၊ တရုတ်အစိုးရအတွင်း ဒီမိုကရေစီ၏ အခန်းကဏ္ဍနှင့် တရုတ်ပြည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။ တရုတ်သည် ဂျပန်ပြီးလျှင် အမေရိကန်အတွက် ဒုတိယအကြီးဆုံးမြီရှင်နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုတွင်လည်း အငြင်းပွားမှုရှိနေဆဲဖြစ်သည်။ တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး ၎င်း၏ အချုပ် အခြာအာဏာပိုင်နက်အတွင်း ရှိသည်ဟု အခိုင်အမာ တောင်းဆိုထားသည်။ အမေရိကန်ကမူ တောင်တရုတ်ပင်လယ်အား နိုင်ငံတကာရေပိုင်နက်အဖြစ်သာ ရှုမြင်ပြီး ၎င်းနယ်မြေအတွင်း စစ်ရေယာဉ်များနှင့် စစ်လေယာဉ်များ လွတ်လပ်စွာ ဖြတ်သန်းသွားလာ စစ်ဆင်ရေး ဆောင်ရွက်နိုင်ရန် အခွင့်အရေးရှိသည်ဟု သတ်မှတ်သည်။

 

ပြီးခဲ့သည့် နှစ်ပိုင်းအတိုင်း သံတမန်ဆက်ဆံရေး အများအပြားရှိစေကာမူ အမေရိကန်-တရုတ်ဆက်ဆံရေးသည် တင်းမာလျက် ရှိနေဆဲပင် ဖြစ်သည်။ သမ္မတ ဘိုင်ဒင်အစိုးရလက်ထက် ၂၀၂၁ ခုနှစ် မတ်လတွင် အလာစကာ၌ ပြုလုပ်ခဲ့သော ပထမအကြိမ် အမေရိကန်-တရုတ်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ တီယန်ကျန်း၌ ပြုလုပ်သည့်အစည်းအဝေးများတွင် အခက်အခဲအချို့ကို ထိုးဖောက်ကျော်လွှား နိုင်ခဲ့သည်ဟု ဆိုရပါမည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်သည့် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတွင်လည်း သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ဘိုင်ဒင်တို့သည့် မဟာဗျူဟာမြောက်တ တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးကြသော်ငြား လည်း ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားရန်သာ သဘောတူညီမှု ရရှိခဲ့သည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွင် နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်ရန် သဘောတူညီချက်အချို့ ရရှိခဲ့ခြင်းသာလျှင် တစ်ခုတည်းသော ထင်ရှားသည့် ဖြစ်ရပ် ဖြစ်သည်။

ထိပ်သီးအစည်းအဝေးပြီးနောက် ဘိုင်ဒင်အစိုးရသည် ရှင်းကျန်းပြည်နယ်တွင် အဓမ္မခိုင်းစေ နှိပ်စက်မှုများအား တန်ပြန်ရန် ရည်ရွယ်သည့် ဥပဒေကြမ်းတစ်ရပ်အား ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီးချိန်တွင် ဘေဂျင်းအိုလံပစ်အား သံတမန်ရေးရာ သပိတ်မှောက်ရန်နှင့် ကုန်သွယ်မှု ကန့်သတ်စာရင်းတွင် တရုတ်ကုမ္ပဏီများအား ထပ်မံထည့်သွင်းရန် ကြေညာခဲ့ပါသည်။ လုံခြုံရေး၊ စီးပွားရေး၊ နည်းပညာနှင့် သဘောတရားရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဘက်၏ ရန်လိုသော ရပ်တည်ချက်များသည် ထင်ရှားစွာ ပုံပေါ်လာရာ တင်းမာမှုများ တဖြည်းဖြည်း လျော့ကျရေးအတွက် ညှိုနှိုင်းရန် နေရာလပ်အနည်းငယ်မှုသာ ကျန်ရှိပေတော့သည်။

အမေရိကန်၏ တရုတ်အပေါ်သဘောထား

အမေရိကန်က တရုတ်နှင့် ဆက်ဆံရေးအား မဟာဗျူဟာပြိုင်ဘက်ဟူသော မူဘောင်အတွင်းမှ ရှုမြင်သည်။ အမေရိကန်က တရုတ်နှင့် ဆက်ဆံရာတွင် ၎င်း၏ အကျိုးစီးပွားများနှင့် တန်ဖိုးစံနှုန်းများအား ကာကွယ်ရန်အတွက် မဟာမိတ်များနှင့် မိတ်ဆွေနိုင်ငံများဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည့် နေရာမှ ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်အနေဖြင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများကို တိုးချဲ့ရန်၊ ဘေဂျင်း၏ ရန်လိုမှုနှင့် နိုင်ထက်စီးနင်းပြုမှုများအား တန်ပြန်လုပ်ဆောင်ရန်၊ စစ်ရေးအရ အရေးသားမှုနှင့် အရေးကြီးသော လုံခြုံ‌ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ထိန်းသိမ်းထားရန်၊ ကုလသမဂ္ဂစနစ်တွင် အားသွန်ခွန်စိုက် ပြန်လည်ပါဝင်ရန်နှင့် တရုတ်အာဏာပိုင်များအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား ချိုးဖောက်ပါက ကန့်ကွက်ရန် စသည်တို့ကို လုပ်ဆောင်ရန် အမေရိကန်က ရည်ရွယ်သည်။ အမေရိကန်သည် ၎င်း၏အကျိုးစီးပွားနှင့် သက်ဆိုင်သော ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးကပ် ဆိုက်ရောက်ခြင်းစသည့် အတူရင်ဆိုင်နေကြရသည့် စိန်ခေါ်မှုများတွင် အကျိုးရလဒ် ထွက်ပေါ်စေနိုင်သည့် သံတမန်ဆက်ဆံရေးဖြင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း တွေ့ရှိရသည်။

နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍက လေ့လာမည်ဆိုလျှင် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုသည် အရေးပါသည်။ လက်ရှိ ဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်၏ ရင့်သီးပြီး တရားမျှတမှုမရှိသည့် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသာ အပြုအမူ အလေ့အကျင့်များအား အရေးယူလုပ်ဆောင်သွားမည်ဟု အမေရိကန်ဘက်က ဆိုသည်။ အမေရိကန်၏ စီပွားရေးဆိုင်ရာ မူဝါဒများမှာ အမိမြေတွင် ရင်းနှီးမြှုပ်နှံမှု အစပြုခြင်းနှင့် အမေရိကန်လူမျိုးအလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအား အကာအကွယ်ပေးခြင်းတို့ ဖြစ်သည်။

အမေရိကန်သည် တရုတ်၏ အန္တရာယ်ရှိသော လုပ်ဆောင်မှုများအား အထောက်အပံ့ပေးခြင်း မပြုလုပ်ဘဲ နည်းပညာနှင့် သိပ္ပံဆန်းသစ်တီထွင်မှုနယ်ပယ်များတွင် ရင်နှီးမြှုပ်နှံမှုများအား  ခိုင်မာစွာ ရပ်တည်သွားမည်ဟု ဆိုသည်။ ကုန်သွယ်‌ရေးနယ်ပယ်၊ နည်းပညာနယ်ပယ်နှင့် လူအခွင့်အရေးဆိုင်ရာ ကိစ္စများတွင် တရုတ်၏ ရိုင်းစိုင်းစွာ နိုင့်ထက်စီးနင်းပြလုပ်သော စီးပွားရေးဆိုင်ရာ အမူအကျင့်များအား တွန်လှန်ရန်အတွက် မဟာမိတ် ဒီမိုကရေစီနိုင်ငံများနှင့် ပူပေါင်းကာ ဘုံသဘောတူညီလမ်းစဉ် ဖော်ဆောင်သွားမည်ဟု အမေရိကန်တို့က ဆိုသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် အမေရိကန်သည်လည်း အပြန်အလှန်အားဖြင့် တရုတ်အား ရန်လိုသည့် ရည်ရွယ်ချက်များ ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။

တရုတ်၏ Global Development Initiative (GDI) နှင့် အမေရိကန်၏ ရှုထောင့်

၂၀၂၁ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် (၇၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ရှီကျင့်ဖျင်၏ မိန့်ခွန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည့် Global Development Initiative (GDI) သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွင် ဦးဆောင်သူဖြစ်ရန် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်ကို အလေးပေးဖော်ပြထားသည်ဟု အမေရိကန်တို့က သုံးသပ်သည်။ GDI သည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပြည်သူ့ကျန်းမာရေးနှင့် အခြားကိစ္စရပ်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပံ့ပိုးကူညီရန် ရည်ရွယ်သော်လည်း ပိုမိုကောင်းမွန်သော Belt and Road Initiative (BRI) အပေါ်တွင် ၎င်း၏အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေခဲ့သည်ဟု မြင်သည်။

တစ်နှစ်ကြာပြီးနောက် တရုတ်သည် GDI ကိုအကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိနှင့် ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးဖြန့်ကြက်မည့် တရုတ်၏ပိုမိုကျယ်ပြန့်သော မဟာဗျူဟာနှင့် မည်သို့ကိုက်ညီနိုင်မည်နည်းဟူသည့် အချက်များကို အမေရိကန်ဘက်က စိတ်ဝင်စားသည်။ GDI သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ပြည်သူ့ကျန်းမာရေး တိုးတက်ရေးနှင့် ဆင်းရဲ၊ ချမ်းသာကွာဟမှုများအား လျော့ချရေးစသည်တို့ကို အကူအညီပေးသွားရန် ရည်ရွယ်သည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများက အားပေးထောက်ခံမှုပြုကြောင်း လေ့လာတွေ့ရှိရသည်။

တရုတ်၏ Global Security Initiative (GSI) နှင့် အမေရိကန်၏ ရှုထောင့်

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘိုဘောဖိုရမ် (Boao Forum for Asia Annual Conference 2022) တွင် Rising to Challenges and Building a Bright Future Through Cooperation ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာ Global Security Initiative (GSI) အား ပထမဆုံးအကြိမ်အဖြစ် အဆိုပြုခဲ့သည်။ GSI တွင် ကတိကဝတ်ပြုထားသည့် မဏ္ဍိုင် (၆) ခုပါဝင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ပဋိပက္ခများနှင့် စစ်ပွဲများကို တားဆီးရန်၊ နိုင်ငံပေါင်းစုံ၏ ဘုံဆန္ဒများ၊ နိုင်ငံပေါင်းစုံ သွေးစည်းညီညွတ်ရေးကို မြှင့်တင်ရန်နှင့် အခက်အခဲများကို ကျော်လွှားရန်အတွက် ပြည်သူအားလုံး၏ တူညီသောဆန္ဒကို ဖြည့်ဆည်းရန်နှင့် ကပ်ရောဂါကိုကျော်လွန်၍ ပိုမိုကောင်းမွန်သောကမ္ဘာကို တည်ဆောက်ရန် ဟူသည့်အချက်များအား အဆိုပြုခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းက GSI အား ကမ္ဘာ့ငြိမ်းချမ်းရေအား ထိန်းသိမ်းရန်နှင့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအား တရုတ်ဦးဆောင်သည့် ဖြေရှင်းချက်များဖြင့် ဖြေရှင်း လုပ်ဆောင်သွားရန် ဖြစ်သည်ဟု ရှုမြင်ကြသည်။

ရုရှားနှင့် ယူကရိန်းတို့ကြား ပြေလည်အောင် ပြေလည်အောင် ဖြေရှင်းနိုင်မည်ဟု တရုတ်က အစောပိုင်းတွင် မျှော်လင့်ထားသော်လည်း ယခုရလဒ်များအရ မဖြစ်နိုင်သည်မှာ ရှင်းလင်းနေကြောင်း အမေရိကန်တို့က ယူဆပါသည်။ GSI သည် ပေကျင်း၏ သံတမန်များအတွက် ဦးစားပေးကိစ္စတစ်ခုဖြစ်သော်လည်း၊ တရုတ်၏ ကမ္ဘာ့ခေါင်းဆောင်မှုကဏ္ဍအား မြှင့်တင်ရန် ကိရိယာတစ်ခုဖြစ်နေပြီး လက်ရှိအကျပ်အတည်းများအား တိုက်ရိုက်ပါဝင် ဖြေရှင်းရန် တရုတ်က ရည်ရွယ်ထားသည့် အရိပ်အယောင်မျိုးမရှိဟု အမေရိကန်က မြင်သည်။

GSI သည် အလွန်ကျယ်ပြန့်ပြီး တိကျသည့် သတ်မှတ်ထားချက်များလည်း မရှိသောကြောင့် လျှော့တွက်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းသည် အမှားတစ်ခုဖြစ်သည်ဟု အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ယူဆသည်။ တရုတ်နိုင်ငံသည် မည်သည့်နေရာတွင် မည်မျှ အားစိုက်ထုတ် ရင်းနှီမြှုပ်နှံထားသည်နှင့် မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာမည်ကို စောင့်ကြည့်ရန် အရေးကြီးသည်ဟု ၎င်းတို့က ယူဆပါသည်။ GSI တွင် အဓိက ရည်ရွယ်ချက် သုံးခု ရှိသည်ဟု အမေရိကန်က မြင်သည်။ ပထမတစ်ခုမှာ ယူကရိန်းတွင် စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပွားရန် အမေရိကန်နှင့် နေတိုးတို့က တွန်းပို့နေကြောင်း သိမြင်ရန် တရုတ်က လုပ်ဆောင်နေသည်ဟု ယူဆချက်ဖြစ်သည်။

နောက်တစ်ချက်အနေနှင့် ပထမအချက်နှင့် ကိုက်ညီလျှက် နိုင်ငံတကာလုံခြုံရေးနယ်ပယ်တွင် အမေရိကန်နှင့် ၎င်း၏အပေါင်းအပါ မဟာမိတ်များက ပြဿနာများ ဖြစ်ပေါ်စေပြီး ထိုပြဿနာများကို ဖြေရှင်းရန် တရုတ်နိုင်ငံသည်သာ အဖြေတစ်ခုဖြစ်ကြောင်းဖြင့် တရုတ်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် လုပ်ဆောင်ခြင်းဟု ယူဆသည်။ နောက်ဆုံးအချက်မှာ GSI သည် တရုတ်အတွက် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားများကို တိုးချဲ့ လုပ်ဆောင်ရန်အတွက် လုံခြုံရေး ပူးပေါင်းဆက်ဆံရေးသစ်များ တည်ဆောက်ရာတွင် အသုံးပြုနိုင်သည့် ပလပ်ဖောင်းတစ်ခုကို ပံ့ပိုးပေးနေသည်ဟု အမေရိကန်က မြင်သည်။

တိုင်ဝမ်ကျွန်းအရေးနှင့် တရုတ်-အမေရိကန် ဆက်ဆံရေး

တရုတ်-တိုင်ဝမ်တို့၏ ဆက်ဆံရေးသည် ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် ကောင်းမွန်လာခဲ့သည်။ တရုတ်နိုင်ငံသည် တစ်နိုင်ငံ စနစ်နှစ်ခုအား စတင်အဆိုပြုခဲ့သည်။ အဆိုပါ အဆိုပြုချက်အရ တိုင်ဝမ်သည် တရုတ်နိုင်ငံဖြင့် ပေါင်းစည်းရေးကို လက်ခံမည်ဆိုပါက အတိုင်းအတာ တစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း အဆိုပါပြောဆိုချက်ကို ထိုစဉ်က တိုင်ဝမ်အစိုးရက ပယ်ချခဲ့သည်။ တရုတ်ပြည်မကြီးနှင့် တိုင်ဝမ်တို့ရှိ လူထုအကြား ဆက်ဆံရေးသည်သာ သိသိသာသာ တိုးတက်လာသော်လည်း နိုင်ငံရေးအရ တိုးတက်မှုသည် နှေးကွေးလှသည်ဟု ဆိုရမည်ပင် ဖြစ်သည်။

တရုတ်ပြည်မကြီးတွင် တိုင်ဝမ်၏ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ (၆၀) အထိ ရှိနေပြီး တိုင်ဝမ်သား တစ်သန်းခန့်သည် တရုတ်ပြည်မကြီးတွင် နေထိုင်လျက် ရှိပေသည်။ ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုင်ဝမ်၏ စီးပွားရေးသည် တရုတ်ပြည်မကြီးကို မှီခိုနေရသည့် သဘောရှိပေသည်။ တိုင်ဝမ်သည် နောက်ဆုံး လွတ်လပ်ရေး ကြေညာချက်အထိ သွားမည့် လမ်းကြောင်းအား ရွေးချယ်ထားရှိမှုကြောင့် နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်ရနိုင်သည့် တင်းမာမှုများ မြှင့်တက်ခဲ့မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ရသည်။

အမေရိကန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အသိအမှတ်ပြုနေဆဲ ဖြစ်သော်လည်း တိုင်ဝမ်အား ကျောထောက်နောက်ခံပြုပေးနေသောကြောင့် တိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအကြားတွင်လည်း ဆက်ဆံရေးတင်းမာမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်ရစမြဲပင် ဖြစ်ခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပယ်လိုစီသည် တိုင်ဝမ်ကျွန်းသို့သွားရောက်ခဲ့ရာ (၂၅) နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ ခရီးစဉ် ဖြစ်သည်။ ထိုခရီးစဉ်သည် တရုတ်နှင့် အမေရိကန် တင်းမာမှုအား ပိုမိုဆိုးရွားစေပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုခရီးစဉ်အား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။ ထို့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်ခြင်း အပါအဝင် အရေးပါသော ရေပြင်နှင့် ဝေဟင် စစ်ရေးလေ့ကျင့်ခန်းများအား ၂၀၂၂ ခုနှစ် ဩဂုတ် ၄ ရက်၊ ဘေဂျင်း စံတော်ချိန် ၁၂၀၀ နာရီမှ ဩဂုတ် ၇ ရက်၊ ၁၂၀၀ နာရီအချိန်ထိ တိုင်ဝမ်ကျွန်းအနီး သတ်မှတ် ရေပြင်နေရာများ၌ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကြေညာထားသည့်အတိုင်းပင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရှေ့ပိုင်း စစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ် (PLA Eastern Theater Command) သည် ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် ၁၃၀၀ နာရီမှ စတင်ကာ ၄ ရက်ကြာ စစ်ရေးလေ့ကျင့်ခန်းများအား စတင်လိုက်သည်။

ပဲ့ထိန်းဒုံး အများအပြားအား တိုင်ဝမ်၏ အရှေ့မြောက်နှင့် အနောက်တောင် ကမ်းရိုးတန်းများအား ကျော်လွန် ပစ်ခတ်ခဲ့သည်။ ၎င်းပစ်ခတ်မှုများသည် ကျည်စစ်ကျည်မှန်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများ၏ တစိတ်တပိုင်းဖြစ်ပြီး ဒေသတွင်း အကြီးမားဆုံးလေ့ကျင့်ခန်းလည်း ဖြစ်သည်။ သတ်မှတ် ပစ်မှတ်အားလုံးအား ထိမှန်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ရေပြင်နှင့် ဝေဟင် လေ့ကျင့်ခန်းနယ်မြေများအနက် အချို့မှာ တိုင်ဝမ်က ၎င်းတို့ ပိုင်နယ် ရေပြင်အဖြစ်သတ်မှတ်ထားသော ရေမိုင် (၁၂) မိုင်အတွင်း ကျရောက်နေသည်။ ဤသည်မှာ တိုင်ဝမ်ကျွန်းသည် တရုတ်၏ အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်တို့က ပြသခြင်းဟု ယူဆပါသည်။ မြေပုံအရ တိုင်ဝမ်ကျွန်းအား ရေပြင်နှင့် ဝေဟင်တို့မှ ပူးတွဲပိတ်ဆို့ခြင်းနှင့် တရုတ်ပြည်မကြီးမှ ဒုံးပျံများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်မည့် အနေအထားဖြစ်သည်။

ကီလိုမီတာ (၃၅၀) အထိ ပစ်ခတ်နိုင်သော သမားရိုးကျ ပဲ့ထိန်းဒုံးများအား တိုင်ဝမ်ကျွန်းပေါ် ဖြတ်ကျော် ပစ်ခတ်ခြင်းသည် ယခင်က မရှိခဲ့ဘူးပဲ၊ သမိုင်းစဉ်တစ်လျှောက် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ လေ့ကျင့်ခန်းများ၏ အဓိကရည်ရွယ်ချက်မှာ တိုင်ဝမ်းကျွန်းအား ရေပြင်နှင့် ဝေဟင် ပူးတွဲပိတ်ဆို့ခြင်း၊ ပင်လယ်ပြင်ပစ်မှတ်များအား ချေမှုန်းခြင်း၊ မြေပြင်ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ ဝေဟင်ထိန်းချုပ်မှု စစ်ဆင်ရေးနှင့် တပ်များ ပူးပေါင်းစစ်ဆင်ရေး စွမ်းရည်များ စသည်တို့အား စစ်ဆင်ရေးတွင် မည်သို့ အသုံးချနိုင်မည်ကို စမ်းသပ်ခြင်းဖြစ်သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်း စစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ပါသည်။ အရှေ့ပိုင်း စစ်နယ်ဝှမ်း ကွပ်ကဲမှုဌာနချုပ် (PLA Eastern Theater Command) သည် တိုင်ဝမ်ကျွန်းနှင့် အနီးဆုံးတွင်ရှိသော ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး အမှန်တကယ် တက်ရောက်သိမ်းပိုက်ပါက ၎င်း၏ ကွပ်ကဲမှုအောက်တပ်များက အဓိကပါဝင်မည် ဖြစ်သည်။

အမေရိကန်သည် ထိုင်ဝမ်အပေါ် စစ်လက်နက်ဆိုင်ရာ ထောက်ပံ့ပေးမှုများနှင့် စစ်ရေးလေ့ကျင့်ပေးမှုများ စသည်ကဲ့သို့သော တရုတ်နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကို ထိပါးသည့် လုပ်ဆောင်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ပိတ်ဆို့အရေးယူမှုများ၊ နည်းပညာဆိုင်ရာ တားမြစ်ပိတ်ဆို့မှုများ၊ ဟောင်ကောင်အရေးနှင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများစသည့် အရေးများကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် တင်းမာမှုများဖြင့်ပင် တည်ရှိနေဦးမည်သာ ဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်၏ တတိယသက်တမ်းနှင့် တရုတ်-အမေရိကန်ဆက်ဆံရေး

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တတိယအကြိမ်မြောက် သမ္မတသက်တမ်း စတင်ချိန်တွင် ပေကျင်းနှင့် ဝါရှင်တန်ကြား ဆက်ဆံရေး ပြိုလဲသွားမည့် အရိပ်အယောင် အနည်းငယ်မျှသာ ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးစလုံးသည် နှစ်နိုင်ငံတင်းမာမှုများကို ဖြေလျှော့လိုသည့်ဆန္ဒကို ထုတ်ဖော်ကြပြီး အစောပိုင်းလများကတည်းက ရပ်ဆိုင်းထားခဲ့သော ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများအပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မည်ဟု ဘိုင်ဒင်က ပြောကြားသော်လည်း ၎င်းက ပဋိပက္ခရှာခြင်း မပြုလုပ်ပါဟု ပြောကြားခဲ့သည်။ နိုင်ငံများအနေဖြင့် ပြေလည်ရန် နည်းလမ်းမှန်ကို ရှာဖွေရန် လိုအပ်ကြောင်း ရှီက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သုံးနာရီကြာ တွေ့ဆုံမှုတွင် ခေါင်းဆောင်များသည် ယူကရိန်းတွင် ဆင်နွှဲနေသော ရုရှား၏စစ်ဆင်ရေးဆိုင်ရာကိစ္စအားလည်း ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းတွင် နျူကလီယားလက်နက်အသုံးပြုမှုကို ခေါင်းဆောင်များက ဆန့်ကျင်ကြောင်း အမေရိကန်၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော်လည်း တရုတ်ဘက်က ထုတ်ပြန်သောစာတွင် နျူကလီးယားလက်နက်ကို ဖော်ပြခြင်းမရှိပေ။ ဘိုင်ဒင်သည် ရှင်းကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုင်ဝမ်အပေါ် တရုတ်၏ ရန်စမှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာပြီး ထိုကျွန်းနှင့်ပတ်သက်သော အမေရိကန်၏မူဝါဒမှာ ပြောင်းလဲခြင်းမရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်းမူအား ထပ်လောင်းအတည်ပြုခြင်း ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်သည် တရုတ်သည် နည်းပညာတွင် မိမိကိုယ်ကို ပိုမိုမှီခိုအားထားလာရမည်ဆိုသည်အား ယုံကြည်သူ ဖြစ်ပါသည်။ မဖြစ်နိုင်ဟု မဆိုနိုင်သော်လည်း ခက်ခဲသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ၎င်း၏ တတိယသက်တမ်းအတွက် ဤသည်ကို အရှိန်မြှင့် လုပ်ဆောင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအကြား ဖယ်ခွာမှုဖြစ်စဉ် (Decoupling) ပိုမိုလုပ်ဆောင်လာကြဖွယ်ရှိပါသည်။ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ အနေဖြင့်လည်း တရုတ်မှ ထွက်ခွာသွားနိုင်ဖွယ်ရှိသည့် အလားအလာများကို မြင်တွေ့နေရပြီ ဖြစ်ပါသည်။

သမ္မတရှီကျင့်ဖျင်အား တတိယသက်တမ်း ရွေးချယ်ပေးခဲ့သည့် အကြိမ် (၂၀) မြောက် တရုတ် ကွန်မြူနစ်ပါတီကွန်ဂရက် တစ်လျှောက်တွင် အမျိုးသားလုံခြုံရေးဟူသော စကားရပ်မှာ လွှမ်းမိုးမှုအရှိဆုံး ဖြစ်ရာ အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးအား ဤရှုထောင့်မှ အများဆုံး ကြည့်ရှု လုပ်ဆောင်မည်ဟု သုံးသပ်ရပါသည်။

အနာဂတ်ဆက်ဆံရေး

တရုတ်နှင့် အမေရိကန်ကြား အနာဂတ်ဆက်ဆံရေးသည် (၂၁) ရာစုခေတ်၏ ကြီးမားသောပြောင်းလဲမှုများနှင့် ကြီးမားသောစိန်ခေါ်မှုများအတွင်းမှ တစ်ခု ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ပထဝီဝင်နိုင်ငံရေးအရ တိုးတက်ဖွံ့ဖြိုးလာမှုသည် ပထဝီဝင်တွင် လေ့လာတွေ့ရှိနိုင်သည့် ဝင်ရိုးစွန်းရှိ ရေခဲဖုံးတောင်များ အရည်ပျော်ခြင်းကဲ့သို့ ဖြစ်သည်။ ကြီးမားသော အပြောင်းအလဲများအား ရုတ်ချည်း ဖြစ်ပေါ်ပြောင်းလဲလာစေနိုင်သည့် တဖြည်းဖြည်းခြင်း စတင်ပြောင်းလဲမှုပုံစံမျိုး ဖြစ်သည်။ ဤ (၂၁) ရာစု ပြောင်းလဲမှုလမ်းကြောင်းအား ငြိမ်းချမ်းစွာ စီမံခန့်ခွဲနိုင်မည်လားဟူသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ အနာဂတ်တွင်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့သည် ယခုကဲ့သို့ပင် မဟာဗျူဟာပြိုင်ဘက်များအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ နှစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အုပ်ချုပ်မှုပုံစံများတွင် အမြစ်တွယ်နေသော ကွဲလွဲမှုများနှင့် ခေါင်းဆောင်များက ၎င်းတို့၏ အုပ်ချုပ်မှုမော်ဒယ်လ်သည်သာ သာလွန်သည်ဟူသော ခံယူချက်များကြောင့် နှစ်နိုင်ငံအကြားကြီးထွားလာသော ပဋိပက္ခများသည် အချိန်အတန်ကြာ ရှိနေဦးမည်ဟု သုံးသပ်ပါသည်။

ထိုသို့သော မဟာဗျူဟာပြိုင်ဆိုင်မှုများနှင့် ပဋိပက္ခများအကြားတွင်ပင် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် နယ်ပယ်များလည်း ရှိနေသည်။ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ဖြစ်သည်။ အဓိကကျသော နယ်ပယ်အများအပြားတွင် တရုတ်နှင့် အမေရိကန်တို့ ပါဝင်မှုမရှိပါက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများ၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာစည်းမျဉ်းများ ရေးဆွဲခြင်းတို့တွင် အောင်မြင်ရန် အခက်အခဲများ တွေ့ကြုံရနိုင်ပါသည်။

အနာဂတ်အတွက် မေးခွန်းတစ်ခုမှာ တရုတ်သည် အာရှတိုက်တွင် အမေရိကန်၏ လွှမ်းမိုးမှုအား ဝင်ရောက်အစားထိုး နေရာယူရန်အစီအစဉ် ရှိနေသည်လားဟူသည့် အချက်ဖြစ်သည်။ Massachusetts Institute of Technology (MIT) လုံခြုံရေးလေ့လာမှုအစီအစဉ်၏ ဒါရိုက်တာ M. Taylor Fravel က တရုတ်၏ ဒေသတွင်း လွှမ်းမိုးကြီးစိုးရန် ရည်မှန်းချက်မှာ အံ့သြစရာမဟုတ်ကြောင်းနှင့် သို့သော် ပို၍အရေးကြီးသည့်မေးခွန်းမှာ ထိုရည်မှန်းချက်ကို အောင်မြင်ရန် တရုတ်က မည်မျှလျှင်မြန်စွာ ကြိုးပမ်းလုပ်ဆောင်နေသနည်းဟူသည့် အချက်ဖြစ်သည်ဟု ဆိုသည်။ ဒေသတွင်း အင်အားပြိုင်ဆိုင်မှုအရ သုံးသပ်ရလျှင် တရုတ်တွင် ၎င်း၏ မဟာဗျူဟာ ဦးစားပေးမှုများအား ဘက်ပေါင်းစုံမှ ချိန်ခွင်လျှာညှိရန်အတွက် ရှုပ်ထွေးသော လုံခြုံရေး ပတ်ဝန်းကျင်အခြေအနေ ရှိနေပါသည်။

နိဂုံး

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အပြောင်း အလဲသည် ထိုနှစ်နိုင်ငံသားတို့ အပေါ်တွင်သာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ ဤကမ္ဘာပေါ်တွင် မှီတင်နေထိုင်ကြသူအပေါင်းတို့အပေါ်တွင်လည်း သိသာထင်ရှားသည့် ရိုက်ခတ်မှုရှိပါသည်။ အနာဂတ်တွင် ထိုနှစ်နိုင်ငံအား မည်သူက ဦးဆောင်မည် ဆိုသည်မှာ အရေးကြီးသော အချက်ဖြစ်သည်။ တရုတ်နိုင်ငံတွင်တော့ သမ္မတ ရှီကျင့်ဖျင်က တတိယ သက်တမ်းအား ဆက်လက် ဦးဆောင်သွားတော့မည် ဖြစ်သည်။ လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေး၊ သာယာဝ ပြောရေးနှင့် အုပ်ချုပ်မှုစနစ်တည်ငြိမ်ကောင်းမွန်ရေးတို့အတွက် အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ နှိုင်းရအင်အားအပြောင်းအလဲအား မည်သို့ဆက်လက်ကိုင်တွယ် အကောင်အထည်ဖော်မည်ဟူသည့် အရာထက် အရေးကြီးမည်မဟုတ်ပါ။

ကမ္ဘာကြီး၏ အနာဂတ်သည် တည်ငြိမ်သော တရုတ်-အမေရိကန်ဆက်ဆံရေးအပေါ်တွင်လည်း များစွာ မှီတည်နေပါသည်။ စစ်အေးတိုက်ပွဲ၏ အရိပ်သည် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် ကြီးမားနေဆဲဖြစ်သည့်အတွက် တရုတ်နှင့် အမေရိကန်တို့သည်လည်း အနာဂတ်တွင် စစ်အေးတိုက်ပွဲတစ်ရပ် ဖြစ်လာမည်လားဟူသည်ကို သုံးသပ်ဆွေးနွေးမှုများလည်း ရှိနေသည်ဖြစ်ရာ ကမ္ဘာကြီး၏အနာဂတ်သည်လည်း စိန်ခေါ်မှု အများအပြား ဆက်လက် တွေ့ကြုံနေရဦးမည် ဖြစ်ပါသည်။

ရင်းမြစ်။

(၁) How Should the U.S Respond to Chinas Global Security Initiative?, Carla Freeman; Alex Stephenson, August 4, 2022

(၂) U.S China Relations (1949 2022), Council on Foreign Relations

(၃) Why U.S.-China Relations Are Locked in a Stalemate, Paul Haenle,  Sam Bresnick, February 21, 2022

(၄) Will US-China relations change during Xi’s third term?, William Yang, November 3,2022

(၅) Xis New Global Development Initiative, Center for Strategic and International Studies, September 12, 2022

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply