ရုရှား၏ ရေရှည်စစ်မဟာဗျူဟာနှင့် Logistic Battle

0

ရုရှား၏ ယူကရိန်းစစ်ဆင်ရေး

ရုရှား၏ ရေရှည်စစ်မဟာဗျူဟာနှင့် Logistic Battle

ပြီးခဲ့တဲ့နွေရာသီခန့်မှန်းချက်တွေအရ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေဟာ တစ်ရက်ကို အမြောက်ကျည်မျိုးစုံ ၂၀,၀၀၀ ကနေ ၆၀,၀၀၀ အထိ ပစ်ခတ်နေပြီး ယူကရိန်းတွေကတော့ ရုရှားထက် အဆများစွာနည်းပါးကာ တစ်ရက်ကို ၆,၀၀၀ ကနေ ၇,၀၀၀ အထိ ပစ်ခတ်နေပါတယ်။

ယူကရိန်းတပ်တွေရဲ့ အခက်အခဲက ထောက်ပံ့ဖြည့်တင်းရေးဖြစ်ပြီး အဓိကအားဖြင့် အမြောက်ကျည်ဆံတွေ ပြန်လည်ဖြည့်တင်းရေးဖြစ်ပါတယ်။

စစ်ပွဲကာလကြာလာတာနဲ့အမျှ ဒီအခက်အခဲက ပိုကြီးမားလာပြီး အမေရိကန်နဲ့ NATO နိုင်ငံတွေအနေနဲ့ ယူကရိန်းကို စဉ်ဆက်မပြတ် ထောက်ပံ့နိုင်အောင် ရုန်းကန်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ယူကရိန်းဟာ တစ်ရက်ကို အမြောက်ကျည်မျိုးစုံ ၆,၀၀၀ ကနေ ၇,၀၀၀ အထိ ပစ်ခတ်နေပေမဲ့ အမေရိကန်ရဲ့ ထုတ်လုပ်နိုင်မှုက တစ်ရက်ကို အမြောက်ကျည် ၅၀၀ ကျော်သာ ထုတ်လုပ်နိုင်သလို NATO နိုင်ငံတွေကလည်း အမေရိကန်ထက်လျော့နည်းတဲ့ ပမာဏသာ ထုတ်လုပ်နိုင်ပါတယ်။

ဒါကြောင့် အမေရိကန်နဲ့ NATO နိုင်ငံတွေက ထုတ်သမျှ အမြောက်ကျည်ဆံအားလုံး ယူကရိန်းကို ပို့စေဦးတော့ လုံလောက်မှု မရှိတဲ့အတွက် အရန်ထားရှိတဲ့ ကျည်ဆံတွေကို ပေးပို့နေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ပွဲအချိန် ကြာမြင့်လာတာနဲ့အမျှ အမေရိကန်နဲ့ NATO နိုင်ငံတွေဟာ အမြောက်ကျည်ဆံ မလုံလောက်မှု ဖြစ်လာပါတယ်။ ဒါတင်မက စစ်ပွဲဟာ ဘယ်လောက်အထိ ဆက်လက်ကြာနေဦးမလဲ ဆိုတာကို မသိနိုင်တဲ့အပြင် ရုရှားနဲ့ စစ်ပြင်ဖို့ လိုအပ်လာတဲ့အတွက် အမေရိကန်နဲ့ NATO နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ တပ်တွေအတွက် အမြောက်ကျည် လုံလောက်မှုကိုပါ စဉ်းစားလာရမယ့် အခြေအနေ ဖြစ်လာပါတယ်။

နောက်တစ်ခါ HIMARS အတွဲလိုက်ဒုံးဟာ ဒုံးတစ်လုံးကို ဒေါ်လာ ၁ သိန်း ၆ သောင်းကျော်တန်တဲ့အတွက် ၆ လုံးအတွဲလိုက် salvo ၁ ကြိမ်ပစ်ရင် ဒေါ်လာ ၁ သန်းခန့် ကုန်ကျပါတယ်။ ဒါကြောင့် အစွမ်းထက်တဲ့ လက်နက်ဖြစ်ပေမဲ့ ပစ်ချင်တိုင်းပစ်လို့မရဘဲ ရလဒ်နဲ့ ကုန်ကျစရိတ် တန်ရဲ့လားဆိုတာပါ ထည့်စဉ်းစားနေရပါတယ်။

ဒီအခြေအနေတွေကြောင့်လဲ NATO အတွင်းရေးမှုးချုပ်က ယူကရိန်းက သုံးနေတဲ့ ခဲယမ်းအရေအတွက်ဟာ NATO နိုင်ငံတွေက ထုတ်လုပ်နိုင်စွမ်းထက် ပိုနေပြီလို့ သတိပေးရတဲ့ အခြေအနေ ဖြစ်ပါတယ်။

စစ်သဘောတရားကွာခြားချက်

အမေရိကန်နဲ့ NATO နိုင်ငံတွေက “အနာဂတ်စစ်ပွဲတွေဟာ နည်းပညာကို အခြေခံတဲ့ ခေတ်မီလက်နက်တွေကို ပိုမိုသုံးစွဲရမယ်၊ စစ်ပွဲတွေဟာ အချိန်တိုအတွင်း ပြီးဆုံးမယ်၊ ပစ်အား(fire power) ထက်စာရင် စစ်ကစားမှု (manoeuvre) က ပိုအရေးကြီးမယ်” လို့ ယူဆခဲ့ကြပါတယ်။

ဒါကြောင့် အမေရိကန်နဲ့ NATO နိုင်ငံတွေဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကာလတွေကလို “ပစ်အား(fire power)” ကို ဖြစ်စေမဲ့ အမြောက်တွေအပေါ်  အားမပြုတော့ဘဲ လေကြောင်းစွမ်းအားနဲ့ ပဲ့ထိန်းလက်နက် တွေကိုသာ အားပြုတည်ဆောက်ခဲ့ပြီး တပ်တွေကိုလည်း ပေါ့ပါးမြန်ဆန်စွာ စစ်ကစားတိုက်ခိုက်နိုင်တဲ့ တပ်တွေအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။

အဓိကက ရန်သူ့စစ်တိုက်လိုစိတ် will to fight ကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ Manoeuvre Warfare သဘော တရားကို ကျင့်သုံးပါတယ်။

ဒါကြောင့် စစ်အေးလွန်ကာလမှာ အမြောက်တပ်တွေကို လျှော့ချဖွဲ့စည်းခဲ့သလို ခဲယမ်းတွေကိုလည်း အမြောက် အမြား စုပုံထားခဲ့ခြင်း မရှိတော့ပါဘူး။ အမြောက်ကျည်ဆံ ထုတ်လုပ်မှုကိုလည်း လိုအပ်သလောက် အနည်းငယ်သာ ထုတ်လုပ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ အယူအဆ မှန်ကန်ကြောင်းကိုလည်း ပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတွေက သက်သေပြခဲ့ပါတယ်။

ရုရှားကတော့ Artillery is the god of war လို့ ဆက်လက်ခံယူဆဲဖြစ်ကာ သောင်းနဲ့ချီတဲ့ အမြောက်တွေကို အခုချိန်အထိ ဆက်လက်ထားရှိပြီး စစ်အေးတိုက်ပွဲလက်ကျန် အမြောက်ကျည် သန်းပေါင်းများစွာကိုလည်း ဆက်လက်သိုလှောင်ထားခဲ့ပါတယ်။ အမြောက်ကျည်ထုတ်လုပ်မှုလည်း အများအပြား ရှိနေဆဲဖြစ်ပြီး လိုအပ်ချိန်မှာ တိုးပြီး ထုတ်နိုင်စွမ်းရှိပါတယ်။

ပထဝီ “ထု”၊ စက်မှုစွမ်းအား “ထု”၊ စစ်လက်နက်နဲ့ လူ အင်အား “ထု” ကြီးမားတဲ့ ရုရှားရဲ့စစ်သဘောတရားကတော့ ရန်သူ့ စစ်လက်နက်ပစ္စည်းနဲ့ လူအင်အားကို စစ်မြေပြင်မှာ ချေမှုန်းဖျက်ဆီးတဲ့ Attrition Warfare သဘောတရားဆန်ဆန် ကျင့်သုံးပါတယ်။

အကျိုးဆက်

ယူကရိန်းစစ်ပွဲမှာတော့ စစ်ပွဲဟာ အမေရိကန်နဲ့ NATO က မျှော်မှန်းထားတဲ့ ခေတ်သစ်စစ်ပုံစံမျိုး မဟုတ်တော့ဘဲ ပထမကမ္ဘာစစ်ကလို နေရာခံစစ် Positional Warfare ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲကာလဟာလည်း အမေရိကန်နဲ့ NATO က မျှော်မှန်းထားသလို မြန်ဆန်တိုတောင်းခြင်း မရှိခဲ့ပဲ stalemate သဖွယ် ကြာမြင့်နေခဲ့ပါတယ်။

ယူကရိန်းတပ်တွေဟာ အချက်အခြာကျတဲ့ မြို့ရွာတိုင်းမှာ အခိုင်အမာခံစစ်ကြောင်းတွေ တည်ဆောက်ပြီး ခုခံကြသလို ရုရှားတွေကလည်း ယူကရိန်းခံစစ်တွေကို ထိုးဖောက်ဖို့ အမြောက်နဲ့ အတွဲလိုက်ဒုံးတွေ အလုံးအရင်းသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းတွေကလည်း ရုရှားတိုက်စစ်တွေကို ချေမှုန်းနိုင်ဖို့ အမြောက်နဲ့ အတွဲလိုက်ဒုံးတွေ တန်ပြန်စုပြုံသုံးခဲ့ပါတယ်။ သူ့ရဲ့ အမြောက်နဲ့ ဒုံးတွေ မလောက်ငှတော့တဲ့အတွက် အမေရိကန်နဲ့ NATO က ထောက်ပံ့တဲ့ အမြောက်တွေကို အဓိက သုံးနေရပါတယ်။

ဒါပေမဲ့ အဓိကပြဿနာက စစ်ပွဲကာလ ကြာလာတာနဲ့အမျှ အမေရိကန်နဲ့ NATOဟာ အမြောက်ကျည်ဆံတွေ မလုံမလောက် ဖြစ်လာပါတယ်။

အရန်သိုလှောင်ထားမှု နည်းတဲ့အပြင် ထုတ်လုပ်နိုင်စွမ်းလည်း နည်းတဲ့အတွက် ယူကရိန်းကို လိုသလောက်ပေးနိုင်ဖို့ ခက်ခဲလာပါတယ်။ ဒီကြားထဲမှာမှ ရုရှားနဲ့ ဖြစ်ကောင်းဖြစ်လာနိုင်မဲ့ စစ်ပွဲအတွက်ပါ ထည့်သွင်းစဉ်းစားလာရတဲ့အတွက် ယူကရိန်းကို ထောက်ပံ့ဖို့ ကန့်သတ်ချက် ပိုများလာပါတယ်။

အမေရိကန်ဟာ တစ်နှစ်အတွင်းမှာ ယူကရိန်းကို ၁၅၅ မီလီမီတာ အမြောက်ကျည် ၁.၀၇ သန်း ထောက်ပံ့ပေးခဲ့ပေမဲ့ ထုတ်လုပ်နိုင်စွမ်းက တစ်နှစ်ကို ၉ သောင်း ၃ ထောင်ပဲ ရှိပါတယ်။ တိုးချဲ့ထုတ်ဖို့ စီစဉ်နေလို့ နောက်နှစ်မှာ တစ်နှစ်ကို ၂ သိန်း ၄ သောင်း ထုတ်နိုင်ပါမယ်။

အမေရိကန်ဟာ ယူကရိန်းကို Javelin တင့်ဖျက်ဒုံး ၈၅၀၀ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နှစ်မှာ Javelin ၁၀၀၀ ပဲ ထုတ်လုပ်နိုင်ပြီး တိုးချဲ့ထုတ်မယ်ဆိုရင် နောက်နှစ်အနည်းငယ်အကြာမှာမှ တစ်နှစ်ကို ၂၄၀၀ ပဲ ထုတ်နိုင်ပါမယ်။ ဒါကြောင့် လက်ရှိမှာ အမေရိကန်ဟာ ယူကရိန်းကို Javelin တွေ ထပ်မပို့နိုင်ဘဲ ရပ်ထားရပါတယ်။

အခြား NATO နိုင်ငံတွေဟာလည်း အမေရိကန်လိုပဲ အခက်ကြုံနေရပါတယ်။ ပိုဆိုးတာက အမေရိကန်နဲ့ ဗြိတိန်ကလွဲပြီး ကျန် NATO နိုင်ငံတွေဟာ စစ်ပွဲကျယ်ပြန့်လာပြီး ရုရှားနဲ့ စစ်ဖြစ်လာရင် မြေပြင်မှာ ရင်ဆိုင်ရမှာဖြစ်လို့ အရန်တွေ ပိုလိုအပ်တာပဲ ဖြစ်ပါတယ်။

အမြောက်ခဲယမ်းက မြင်သာထင်သာဖြစ်ပြီး အခြားသော စစ်လက်နက်ပစ္စည်းတွေမှာလည်း အခုလို အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ပွဲကာလကြာလာလေ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ စစ်လက်နက်ပစ္စည်း မလုံလောက်လေ ဖြစ်လာမဲ့ သဘော ရှိနေပါတယ်။

ရုရှားရဲ့ ရေရှည်စစ်

ရုရှားကတော့ စုပုံထားတဲ့ ခဲယမ်းမီးကျောက်တွေ အမြောက်အမြား ရှိပါတယ်။ ဥပမာ မော်ဒိုဗာနိုင်ငံထဲက ထရန်နစ္စထရီးယားမှာရှိတဲ့ ဆိုဗီယက်ခေတ် ခဲယမ်းစုပုံစခန်းမှာ ခဲယမ်းတန်ချိန် ၂၂၀၀၀ ကျော်ရှိပြီး အဲဒီ့ထဲက တန်ချိန် ၁၀၀၀၀ ကျော်ဟာ expire မဖြစ်သေးဘဲ သုံးလို့ ရနေဆဲ ဖြစ်ပါတယ်။

ထရန်နစ္စထရီးယားမှာရှိတဲ့ ခဲယမ်းတွေကို ရုရှားအနေနဲ့ နိုင်ငံရေးကန့်သတ်ချက်ကြောင့် မသယ်ယူနိုင်ပေမဲ့ ရုရှားမှာ ဒီလိုစုပုံစခန်းတွေ ဒါဇင်ပေါင်းများစွာ ရှိနေပါတယ်။ ဒါကြောင့် ခဲယမ်းအဟောင်းတွေ သန်းပေါင်းများစွာ ရှိနေသလို အသစ်ထုတ်လုပ်နိုင်စွမ်းလည်း စွမ်းအားပြည့် ရှိနေပါတယ်။

ဒါကြောင့် ရုရှားဟာ စစ်ပွဲကို အမြန်မတိုက်ဘဲ industrial might စက်မှုစွမ်းအား “ထု” ကို သုံးပြီး ယူကရိန်းတွေကို အမှည့်ခြွေ တိုက်နေတဲ့ အခြေအနေလို့ သုံးသပ်ရပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ယူကရိန်းတပ်တွေ စစ်ပန်းလာပြီး စစ်လက်နက်ပစ္စည်း လိုအပ်ချက်များလာသလို အနောက်နိုင်ငံတွေရဲ့ လက်နက်ထောက်ပံ့မှု supply chain မှာလည်း အခက်အခဲတွေ ရှိလာပါတယ်။

အမေရိကန်ရဲ့ အာဖဂန်စစ်ပွဲနဲ့ ရုရှားရဲ့ဖဂန်စစ်ပွဲတွေဟာ ရေရှည်စစ်တွေ ဖြစ်ခဲ့ပေမဲ့ သမားရိုးကျ မဟုတ်တဲ့ စစ်တွေဖြစ်ကြလို့ industrial might ရဲ့ အရေးပါမှု သိပ်မရှိခဲ့ပါဘူး။

ဒါကြောင့် သမားရိုးကျစစ်ပွဲကို ရေရှည်တိုက်ရင် high tech ခေတ်မီနည်းပညာက သာလွန်မလား၊ industrial might ရှိသူက သာလွန်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ရုရှားရဲ့ ရေရှည်စစ်မဟာဗျူဟာက လက်ရှိအချိန်အထိ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပေမဲ့ ဘယ်လောက်အထိ ဆက်ပြီးအောင်မြင်မလဲဆိုတာကတော့ နောက်ထပ်လအနည်းငယ်အတွင်း အဖြေထွက်ပါလိမ့်မယ်။

အောင်သူရိန်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply