(၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၈) ရက်ထုတ် သုတကမ္ဘာဂျာနယ် အတွဲ (၅)၊ အမှတ် (၄၅) တွင် ဖော်ပြခံရသည့် မျက်နှာဖုံးဆောင်းပါး)
ပြောင်းလဲလာသော ပထဝီနိုင်ငံရေး အခြေအနေအတွင်းမှ အိန္ဒိယနှင့် ရုရှား ဆက်ဆံရေး
ဒေါက်တာနိုင်ဆွေဦး
နိဒါန်း
အိန္ဒိယနှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ ဆယ်စုနှစ်များစွာတိုင် အစမ်းသပ်ခံ ဖြစ်နေခဲ့ပါသည်။ သို့သော် နှစ်နိုင်ငံလုံးအား သီးခြားစီ ရိုက်ခတ်လျက်ရှိသည့် လက်ရှိ ဘက်ပေါင်းစုံက ဖြစ်ပွားနေသော ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှား ဖိအားအဖြစ် အရောက်ရှိလာပါသည်။
အိန္ဒိယအနေဖြင့် ကမ္ဘာ့ရေးရာများတွင် ပုံမှန်တိုးတက်လုပ်ဆောင်ရန် ဦးတည်နေချိန်တွင် ရုရှားသည် နေတိုးအဖွဲ့နှင့် ရှည်လျားလှစွာသော ပဋိပက္ခအတွင်း ပိတ်မိလျက်ရှိသည်။ နေတိုးအဖွဲ့နှင့် အနောက်အုပ်စုတို့သည် ရုရှားအား ကာလရှည် ပဋိပက္ခအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးစသည့် ဘက်ပေါင်းစုံ အားနည်းသွားသည်ကို မြင်တွေ့လိုကြသည်။ တရုတ်၏ ကမ္ဘာရေးရာများတွင် ထဲထဲဝင်ဝင်ပါဝင် ပတ်သတ်လာမှုကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခြင်းနှင့် အင်ဒိုပစိဖိတ်ဒေသကြီး အထူးသဖြင့် အိန္ဒိယအတွက် အလေးအမှုပြုစရာများ ပေါ်ပေါက်လာချိန်တွင် ရုရှားသည် တရုတ်အပေါ် မှီခိုမှုများ ပိုမိုများပြားလာကြောင်း တွေ့မြင်နေရပါသည်။
လက်ရှိကမ္ဘာ့အရေးအခင်းများ၏ ရိုက်ခတ်မှု
ကိုဗစ် – ၁၉၊ ရာသီဥတုပြောင်းလဲမှုနှင့် ရုရှား-ယူကရိန်းစစ်ပွဲစသည်တို့ကြောင့် ဖြစ်ပေါ်လာသည့် ပထဝီစီးပွားရေးဆိုင်ရာ အကျိုးဆက်များသည် ကမ္ဘာ့နိုင်ငံအများစုအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာပါသည်။
ကမ္ဘာ့စီးပွားရေး နှေးကွေးတုံ့ဆိုင်းလာခြင်း၊ ကမ္ဘာ့အနှံ့ ငွေကြေးဖောင်းပွမှု အလွန်အမင်း မြင့်မားလာခြင်း၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ခြင်းနှင့် လူနေမှုစရိတ်များ မကြံစဖူး မြင့်မားလာခြင်းတို့သည် နိုင်ငံအများစုအား ရိုက်ခတ်လာပါသည်။ ကမ္ဘာ့စွမ်းအင် မြင်ကွင်းမှာလည်း အခြေခံက စတင်ကာ ပြောင်းလဲလာနေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမှီများမှာလည်း အဆပေါင်းများစွား မြင့်တက်လာပါသည်။
နိုင်ငံတကာလုံခြုံရေးအခြေအနေမှာ အကြီးအကျယ်တင်းမာလျက်ရှိသော အခြေအနေသို့ ရောက်ရှိနေပါသည်။ ဖြစ်ပွားလာနိုင်စရာရှိသည့် ကမ္ဘာ့လုံးဆိုင်ရာ ပဋိပက္ခအကြပ်အတည်းများနှင့် ပတ်သက်သော ခန့်မှန်းထားသည့် အဆိုးဘက်မှ ဖြစ်စဉ်များကိုလည်း လူကြိုက်များ ထင်ရှားသည့် မီဒီယာများထက်တွင် ပုံဖော်ထုတ်လွှင့်နေကြောင်း တွေ့ရပါသည်။ ၁၉၆၂ ခုနှစ်က ဖြစ်ပွားသည့် ကျူးဘား ဒုံးပျံအရေးအခင်းအပြီး ပထမဆုံးအဖြစ် စစ်ရေးဆိုင်ရာ ပဋိပက္ခများတွင် နျူကလီးယားလက်နက်များ အသုံးပြုနိုင်ခြေနှင့် စပ်လျင်းပြီးလည်း စိုးရိမ်ကြောင့်ကြစိတ်များ တစ်စတစ်စ ပိုမိုကြီးထွားလာပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့အကြား လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာလည်း ရပ်ဆိုင်းထားရပါသည်။ အမေရိကန် – တောင်ကိုရီးယား စစ်ရေးလေ့ကျင့်ခန်းများအား ဆန့်ကျင်သည့်သဘောထားကို ပြသသည့်အနေဖြင့် မြောက်ကိုရီးယားက ဂျပန်နှင့် တောင်ကိုရီးယားတို့အနီးရှိ ပင်လယ်ပြင်အတွင်းသို့ ဒုံးပျံများ စမ်းသပ် ပစ်ခတ်ပြခြင်းသည် ကိုရီးယားကျွန်းဆွယ်အတွင်း အလွန်အမင်းတင်းမာမှု ဖြစ်ပေါ်လာစေပါသည်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပယ်လိုစီ၏ တိုင်ဝမ်ကျွန်းသို့ သွားရောက်သည့် ခရီးစဉ်ကြောင့် တိုင်ဝမ်ရေလက်ကြားတင်မာမှု ဖြစ်ပေါ်လာပါသည်။ ယူကရိန်းအား ရုရှား ပြုလုပ်သကဲ့သို့ တရုတ်က တိုင်ဝမ်အား ပြုလုပ်မည်ကို စိုးရိမ်သည့် တိုင်ဝမ်ကျွန်းသားများအတွက်တော့ ညဘက်များတွင် အိပ်ရေးဝမည် မဟုတ်ချေ။ အီရန်၏ နျူးကလီးယားဆိုင်ရာ သဘောတူညီ၏ အလားအလာမှာလည်း မျှော်မှန်းထားသကဲ့သို့ ကောင်းမွန်ခြင်း မရှိပါချေ။ အစ္စရေးနှင့် ဟားမတ်စ်တို့၏ တင်းမာမှုများသည်လည်း တဖန်ပြန်လည် ဖြစ်ပေါ်လာပါသည်။
အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံများ အခြေအနေမှာလည်း တည်ငြိမ်မှု မရှိကြပေ။ သီရိလင်္ကာသည် ဆက်လက် ထိန်းသိမ်းကိုင်တွယ်နိုင်ခြင်း မရှိတော့သည့် ကြွေးမှီများကြောင့် ပြင်းထန်ဆိုးရွားလှသည့် စီးပွားပျက်ကပ်အား ရင်ဆိုင်နေရသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လက တာလီဘန်တို့ အာဖဂန်နစ္စတန်အား ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လူမှုစီးပွားရေအခြေအနေမှာ ပိုမိုဆိုးရွားလာပါသည်။ တာလီဘန်တို့က အမျိုးသမီးများ ပညာသင်ကြားခွင့်အား ပိတ်ပင်တားဆီးထားသည်။ Islamic State (IS) အပါအဝင် အကြမ်းဖက်အုပ်စုများသည် အာဖဂန်နစ္စတန်တွင် သက်ဝင်လှုပ်ရှားနေကြဆဲ ဖြစ်သည်။ Tehrik-e Taliban Pakistan (TTP) အကြမ်းဖက်အဖွဲ့သည် ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့် လုပ် ဆောင်နေပါသည်။ ပါကစ္စတန်သည်လည်း စီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရသကဲ့သို့ နိုင်ငံရေးလည်း တင်းမာနေသည်။ အိန္ဒိယအနေဖြင့် ထိုအခြေ အနေအား အလေးထား စောင့်ကြည့်လျက် ရှိပါသည်။
အီရန်တွင်လည်း အစိုးရက နှိမ်နင်းနေသည့်ကြားက ဟီဂျတ်ဘ် ဝတ်ဆင်မှု ဆန့်ကျင်ဆန္ဒပြပွဲများ (Anti-Hijab Protests) မကြုံစဖူး ဖြစ်ပွားနေပါသည်။ တရုတ်တွင်လည်း ကိုဗစ်သုညမူဝါဒ ချမှတ်မှုနှင့် ထိုမူဝါဒကြောင့် စီးပွားရေးကျပ်တည်းမှုများ ဖြစ်ပေါ်လာခြင်းနှင့် ရလဒ်အဖြစ် ဆန္ဒပြ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများအား ယခင်က ကြုံတွေ့ဘူးခြင်း မရှိပေ။
အိန္ဒိယ – ရုရှားဆက်ဆံရေး
မသေချာမရေရာမှုများနှင့် တည်ငြိမ်မှုကင်းမဲ့သည့် အခြေအနေများ ကြီးထွားလာနေသည့် ယနေ့ကာလတွင် အိန္ဒိယနှင့် ရုရှားဆက်ဆံရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများအား လေ့လာစေ့ငုရန် လိုအပ်လာပါသည်။
ရုရှား – ယူကရိန်းစစ်ပွဲ မတိုင်မီက အိန္ဒိယသည် နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ ချဲ့ထွင်ခြင်းနှင့် ဆက်နွယ်သည့် ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအား အမှန်တကယ် တန်ဖိုးထား နားလည် သဘောပေါက်ပါသည်။ သို့သော် ရုရှားသည် ယူကရိန်းနယ်နိမိတ်အား ဖြတ်ကျော်ဝင်ရောက်ကာ အထူးစစ်ဆင်ရေးတစ်ရပ် စတင်ဆင်နွှဲလိုက်ချိန်တွင်တော့ အိန္ဒိယအတွက် အံ့အားသင့်စရာ ဖြစ်လာပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် ရုရှားအား ရှုံ့ချကြောင်း ဆုံးဖြတ်ချက်များ ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့ပါသည်။ အိန္ဒိယသည် ရုရှားအား ယခုထက်တိုင် ဗျောင်ကျကျ ပြစ်တင်ရှုံ့ချခြင်း မပြုလုပ်ရန် လမ်းကြောင်းအား ရွေးချယ်ခဲ့သည့်အတွက် အနောက်တိုင်း၏ ဝေဖန်ထောက်ပြခြင်းများ ခံနေရပါသည်။ အိန္ဒိယအနေဖြင့် ၎င်းရွေးချယ်ထားသော လမ်းကြောင်းအတိုင်း မူအရ ခိုင်မာစွာ ရပ်တည်လျက်ရှိသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ဆုံးဖြတ်ချက်များအား ကြားနေမဲ အဖြစ်ပေးခဲ့စဉ်အတွင်း၌မှာပင် ကမ္ဘာ့ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း၏ အခြေခံမူများကို လိုက်နာလျက် ဆွေးနွေးညှိနှိုင်းခြင်းနှင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် ပဋိပက္ခအား ဖြေရှင်း ဆုံးဖြတ်ချက် ချမှတ်ရန်လည်း တိုက်တွန်းနှိုးဆော်လျက် ရှိပါသည်။ ဤအခြေအနေက အိန္ဒိယအား စိတ်မသက်မသာ ဖြစ်စေသော်လည်း ၎င်း၏ အမျိုးသားအကျိုးစီးပွားကို မထိခိုက်ဟု ယူဆထားသည့်အတွက် ရုရှားအား ပွင့်ပွင့်လင်းလင်း ဝေဖန်မှုမပြုခြင်း ဖြစ်သည်။
အိန္ဒိယသည် ရုရှားအား ပွင့်လင်းစွာ ဝေဖန်ကန့်ကွက်ခြင်း မပြုလုပ်သော်လည်း ၎င်း၏ စိုးရိမ်ပူပန်မှုများအား ရုရှား မိတ်ဆွေများထံ အသိပေးထားပါသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဥဇဘတ်ကစ္စတန်နိုင်ငံ မြို့တော် ဆမာခန်တွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် မိုဒီက သမ္မတပူတင်အား ယနေ့ခေတ်သည် စစ်ပွဲများခေတ် မဟုတ်တော့ကြောင်း လူသိထင်ရှား ပြောကြားခဲ့ပါသည်။ ရုရှား – ယူကရိန်းအရေးသည် တွေ့ဆုံညှိနှိုင်းမှုများနှင့် သံတမန်လမ်းကြောင်းများဖြင့်သာ အဆုံးသတ်သင့်ပါသည်။ မိုဒီသည် ယူကရိန်းသမ္မတ ဇလန်းစကီးအားလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပါသည်။ ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းနေသော အိန္ဒိယအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့် ထိုတိုးတက်ဖြစ်ထွန်းမှု အဆက်ပြတ်ရပ်တန့်သွားမည်ကို စိုးရိမ်လျက် ရှိပါသည်။ ဘာလီတွင် ပြုလုပ်သည့် ဂျီ-၂ဝ ထိပ်သီးအစည်းအဝေးတွင်လည်း မိုဒီက အသစ်ပေါ်ထွန်းလာသည့် ကမ္ဘာ့အစီအစဉ်သစ်နှင့် ထိုအပေါ် အိန္ဒိယ၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး ထပ်လောင်း ပြောကြားခဲ့ပါသည်။ တရားဝင် လူသိထင်ရှား ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း အိန္ဒိယအနေဖြင့် စစ်ပွဲရပ်ဆိုင်းသွားစေရန် ကြားဝင် စေ့စပ်ပေးလိုသည့် သဘောထားရှိကြောင်း မြင်တွေ့ရသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ
ဝိရောဓိအားဖြင့် ရုရှား – ယူကရိန်းစစ်ပွဲသည် အိန္ဒိယ – ရုရှား ဆက်ဆံရေး တိုးတက်လာစေရန် အထောက်အကူပြုသည်။ နှစ်နိုင်ငံကုန်သွယ်ရေးသည် တစ်နှစ်အတွင်း ရာခိုင်နှုန်း ၁၇၀ အထိတိုးတက်လာရာ အများစုမှာ အိန္ဒိယက ရုရှားထံက သက်သာသောနှုန်းဖြင့် ဝယ်ယူရရှိသည့် ရေနံကြောင့်ဖြစ်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ စာရင်းများအရ ရုရှားသည် အိန္ဒိယအား အကြီးမားဆုံး ရေနံရောင်းချသူ ဖြစ်လာသည်။ အီရန်အား ဖြတ်သန်း၍ ရုရှားနှင့် အိန္ဒိယအား ဆက်သွယ်ထားသော နိုင်ငံတကာ မြောက် – တောင် ပို့ဆောင်ဆက်သွယ်ရေးစင်္ကြံ The International North – South Transport Corridor (INSTC) သည်လည်း ပြန်လည်ရှင်သန် အသက်ဝင်လာပါသည်။ နှစ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာအသုံးပြု ငွေပေးချေသည့် စနစ်ကို ရှောင်ရှားပြီး အခြားငွေကြေးစနစ်တစ်ခုဖြင့် အစားထိုး သုံးစွဲရန်လည်း ဆွေးနွေးနေကြသည်။ ရုရှား – ယူကရိန်းအရေးအခင်းတွင် အိန္ဒိယ၏ လွတ်လပ်စွာ ဘက်မလိုက်သည့် အနေအထားကို ရုရှားကလည်း အသိအမှတ်ပြုပါသည်။ ဤသို့ဖြင့် စီးပွားရေးနယ်ပယ်တွင် နှစ်နိုင်ငံလုံးအတွက် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာပါသည်။ နှစ်နိုင်ငံလုံးအတွက် ရှိပြီးဖြစ်သော နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုအရှိန်မြှင့်တင်ရန်တော့ လိုအပ်နေပါသေးသည်။
စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
အိန္ဒိယအနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်း၏ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုအား နိုင်ငံစုံမှ ဖြန့်ခွဲ ဝယ်ယူမှုများ ပြုလုပ်လာသော်လည်း အိန္ဒိယ – ရုရှား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုမှာ ခိုင်မာလျက် ရှိနေပါသည်။ ရုရှား၏ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရောင်းချမှုနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ်ဖြစ်ခြင်းနှင့် ယုံကြည်စိတ်ချရခြင်းဆိုင်ရာ ကိစ္စရပ်များတွင် လက်ခံနိုင်လောက်သည့် စိုးရိမ်ပူပန်မှုများ အိန္ဒိယတွင် ရှိနေပါသည်။ မည်သို့ပင် ဆိုစေကာမူ အနာဂတ် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအတွက် အိန္ဒိယသည် ဆက်လက် လမ်းဖွင့်ထားဆဲ ဖြစ်ပါသည်။ အိန္ဒိယသည် အမေရိကန်တို့ထံက ကန့်သတ်မှုများ ရှိသော်လည်း ရုရှားထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ပါသည်။ အိန္ဒိယနှင့် ရုရှားတို့အကြား ဘရားမို့စ် (BrahMos) ဒုံးကျည်ကဲ့သို့ ဒုံးလိမ္မာအား အောင်မြင်စွာ ပူးတွဲထုတ်လုပ် နိုင်ခဲ့ပါသည်။ အိန္ဒိယသည် ဘရားမို့စ် (BrahMos) ဒုံးကျည်များအား ဖိလစ်ပိုင်သို့ တင်ပို့ရောင်းချထားပါသည်။ ထပ်မံပြီးလည်း AK-202 ချေမှုန်းရေး ရိုင်ဖယ်များအား အိန္ဒိယတွင် လိုင်စင်ယူ ထုတ်လုပ်မည့် Make in India စီမံချက်သစ်အား ပူးတွဲ လုပ်ဆောင်နေပါသည်။
နှစ်နိုင်ငံကြား အခြားပူးပေါင်းလုပ်ဆောင်နိုင်မည့် နယ်ပယ်သစ်များလည်း ရှိနေပါသည်။ ဇီဝနည်းပညာ၊ ဆေးဝါးထုတ်လုပ်ရေး၊ ဆေးပစ္စည်း ထုတ်လုပ်ရေး၊ လူမဲ့လေယာဉ် နည်းပညာများ၊ ဉာဏ်ရည်တု (AI) နှင့် ဘဏ္ဏာရေးဆိုင်ရာ နည်းပညာဝန်ဆောင်မှု (Fintech) စသည့်နယ်ပယ်များတွင် အိန္ဒိယသည် သိသာထင်ရှားသောတိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့သည်။ နည်းပညာဆိုင်ရာ ကုမ္ပဏီသစ် အများအပြား ပေါ်ထွက်လာခဲ့သည်။ အာကာသနယ်ပယ်တွင်လည်း ပုဂ္ဂလိကပိုင်းက ပါဝင်လုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးထားပါသည်။ အိန္ဒိယတွင် နျူးကလီးယား ဓာတ်ပေါင်းဖိုအများအပြားအား တိုးချဲ့တည်ဆောက်ရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်ဟူသည့် ရည်မှန်းချက်ကြီးမားသော စီမံကိန်းလည်း ရှိနေပါသည်။ ရုရှားနှင့် အိန္ဒိယတို့သည် ထိုအသစ်ပေါ်ထွန်းလာသည့် နယ်ပယ်များတွင် ပူးပေါင်းလုပ်ကိုင်သွားနိုင်ပါသည်။
နှစ်နိုင်ငံဆက်ဆံရေးအား စစ်မှန်သည်ဟု မှတ်ယူရန် မဖြစ်နိုင်သေးပေ။ စိန်ခေါ်မှုများက ရှိနေသည်။ နှစ်ဘက်လုံးအနေဖြင့် ထိုစိန်ခေါ်မှုများအား ရင်ဆိုင် ကျော်လွှားရန် လိုအပ်နေသည်။ အဆင့်မြင့်ခေါင်းဆောင်များ အချင်း ချင်း အပြန်အလှန် နားလည်မှုအား ထောက်ဆလျှက် အိန္ဒိယနှင့် ရုရှားတို့သည် လက်ရှိဆက်ဆံရေးအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီး၊ ဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာခြင်းများ၏ ဆိုးကျိုးရိုက်ခတ်မှုများမှ ၎င်းတို့ဆက်ဆံရေးအား ခံနိုင်ရည်ရှိစေမည့် ဖြစ်နိုင်ဖွယ်နည်းလမ်းများအား ရှာဖွေသွားရန်လည်း လိုအပ်နေသည်။ တစ်ကမ္ဘာလုံးတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ရှိနေသော်လည်း အိန္ဒိယနှင့် ရုရှားတို့သည် ရေရာသေချာခြင်း မရှိသေးသည့် ဝင်ရိုးစုံ ဗဟုကမ္ဘာတွင် အရေးပါသော လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများအဖြစ် ရှိနေကြဆဲ ဖြစ်သည်။
အိန္ဒိယသည် ယူရေးရှားနှင့် အင်ဒို-ပစိဖိတ်ဒေသကြီးနှစ်ခုလုံးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးတို့အား ချိန်ခွင်ညှာညှို လုပ်ဆောင်နေသည်ကို ရုရှားအနေဖြင့် အသိအပြု ကြိုဆိုသင့်ပေသည်။ QUAD သို့ အိန္ဒိယက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းသည် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာများအတွင်းသို့ တရုတ်၏ ဝင်ရောက်ကြီးစိုးလိုမှုများ ပိုမိုကြီးထွားလာသည်ကို တုံ့ပြန်ရန်ဖြစ်သည်။ ထိုဒေသများအတွင်း တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အိန္ဒိယတွင် စိုးရိမ်မှုများ ရှိနေသည်။ ထိုနည်းတူစွာပင် ရုရှားသည်လည်း အိန္ဒိယနှင့် အမေရိကန်တို့၏ ကြီးထွားလာသော မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးအခြေအနေနှင့် စပ်လျဉ်းပြီး စိုးရိမ်မှုများ ရှိနေသည်။ QUAD တွင် အိန္ဒိယ ပါဝင်မှုသည် ရုရှား၏ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများနှင့် ဝိရောဓိ မဖြစ်ချေ။ အမှန်တကယ်အားဖြင့် အိန္ဒိယသည် လွတ်လပ်သည့် စည်းမျဉ်းအခြေခံ အင်ဒို-ပစိဖိတ် မူဝါဒဖြင့် ရပ်တည်နေခြင်းဖြစ်သည်။ QUAD အပြင် အိန္ဒိယသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာများအား ဖြတ်သန်းလျက် ရုရှားအရှေ့ဖျားသို့ ရောက်ရှိနိုင်သည့် ချင်နိုင်း-ဗလာဒီဗော့စတော့ခ် ပင်လယ်ရေကြောင်း စင်္ကြံလမ်းကြောင်းအား အသက်သွင်းရန် လုပ်ဆောင်နေပါသည်။
နိဂုံး
နှစ်နိုင်ငံအနေဖြင့် တရုတ်၊ အင်ဒို-ပစိဖိတ်၊ အမေရိကန်နှင့် ပါကစ္စတန်စသည်တို့အပေါ်တွင် ကွဲပြားခြားနားသည့် အမြင်များ ရှိနေပါသည်။ ဤသည်မှာ နားလည်ပေးနိုင်သည့်အခြေအနေ ဖြစ်ပါသည်။ ရုရှားနှင့် အိန္ဒိယတို့သည် ဒေသနှစ်ခု၏ အလှုပ်အခတ် အပြောင်းအလဲများကို နားလည်သဘောပေါက်နိုင်ရန်အတွက် ဆွေးနွေးပွဲတစ်ခု ဖန်တီးသင့်ပါသည်။ နှစ်ဖက်လုံးအနေဖြင့် တစ်ဦးနှင့် တစ်ဦး ထိလွယ်ရှလွယ်ကိစ္စများအား ထည့်သွင်းတွက်ချက်ရန် လိုအပ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဆက်ဆံရေးအား တည်ထောင်သွားရမည် ဖြစ်ပါသည်။ ဤသည်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်သော်လည်း ကျော်လွှား၍ မရနိုင်သော အရာတစ်ခုတော့ မဟုတ်ပါချေ။
ရင်းမြစ်။ Indo-Russian Relations in the Changing Geopolitical Environment, Arvind Gupta, Director, Vivekananda International Foundation, December 12, 2022
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့