ရုရှားအထူးစစ်ဆင်ရေး၏ တစ်ပတ်တာအစီရင်ခံစာ ကောက်နုတ်ဖော်ပြချက်
(၁၈-၁၂-၂၀၂၂ – ၂၅-၁၂-၂၀၂၂)
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၁၉.၁၂.၂၂ ရက်နေ့က ဘီလာရုဇ်သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံခဲ့သည်။ ရုရှားသမ္မတသည် အထူးလေယာဉ်ဖြင့် ဘီလာရုဇ်သို့ အလည်အပတ်သွားခဲ့ပြီး နှစ်နိုင်ငံမဟာမိတ်ဆိုင်ရာကိစ္စများကို သီးသန့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဘီလာရုဇ်ဟာ ရုရှားနိုင်ငံနှင့် မဟာမိတ်ဖြစ်သည့်အပြင် NATO တပ်ဖွဲ့များ၏ နယ်နမိတ်နှင့် ထိစပ်နေသော ရုရှား၏ ရှေ့တန်းခံတပ်မြို့လည်း ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် ရုရှားစစ်ဆင်ရေးအစတွင် ယူကရိန်းနိုင်ငံသို့ မြောက်ဘက်စစ်မျက်နှာမှ ဝင်ရောက်တိုက်ခိုက်ခဲ့သော တပ်ဖွဲ့များသည် ဘီလာရုဇ်နိုင်ငံအတွင်းမှတစ်ဆင့် ဝင်ရောက်လာခြင်းလည်း ဖြစ်ပါသည်။ ရုရှားအထူးစစ်ဆင်ရေးကာလ တစ်နှစ်ပြည့်ခါနီးတွင် ဘီလာရုဇ်နိုင်ငံအတွင်းတွင် ရုရှားတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲနေကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ ထို့ကြောင့် ရုရှားတပ်များအနေဖြင့် ယူကရိန်းနိုင်ငံအတွင်းသို့ ဒုတိယအကြိမ် ထိုးစစ်ကြီးပြန်လည်ဆင်နွှဲဝင်ရောက်လာနိုင်သည်ဟု ထင်မြင်ယူဆချက်များမှာလည်း ပြန့်နှံ့နေသည်။ ထိုသို့သောအရေးကြီးသည့်အချိန်တွင် ရုရှားသမ္မတ၏ ဘီလာရုဇ်နိုင်ငံသို့ လာရောက်လည်ပတ်မှုသည် ယူကရိန်းအပေါ် စိုးရိမ်စိတ်များ ပိုမိုမြင့်တက်သွားစေကြောင်းသိရပါသည်။
ရုရှားတပ်များသည် ယူကရိန်းနိုင်ငံအတွင်းတွင် အထူးစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိပါသည်။ ၂၁ ရက်နေ့တွင် Kupyansk မြို့အနီးတဝိုက်၌ ရုရှားတပ်များနှင့် ယူကရိန်းတပ်များ ထိပ်တိုက်တွေ့ဆုံတို က်ပွဲများဖြစ်ပွားပြီး ယူကရိန်းစစ်သည် ၆၀ ဦးခန့် ထိခိုက်ကျဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်သွားကြောင်း သိရပါသည်။ ထို့အတူ Krasniy Lymen မြို့တွင်လည်း ရုရှားတပ်ဖွဲ့များမှ ယူကရိန်းတပ်ဖွဲ့များ၏ တင့်ကားတစ်စီးနှင့် ထရပ်ကားငါးစီးကို ခြုံခိုတိုက်ခိုက်နိုင်ခဲ့ကြောင်း ဗီဒီိယိုမှတ်တမ်းများအရ သိရပါသည်။
Donetsk ပြည်နယ်စစ်မြေပြင်တွင် ယူကရိန်းတို့၏ အမှတ် ၇၂ နှင့် အမှတ် ၁၀၂ ယန္တရားယာဉ်တင် တပ်များအား ရုရှားတပ်များမှ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ယူကရိန်းတပ်ဖွဲ့ဝင် ၃၀ ဦးခန့် ထိခိုက်ကျဆုံးပြီး စစ်ယာဉ်လေးစီးခန့် ပျက်စီးသွားရပါသည်။
ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ Buk-1M တာလတ်ပစ်ဒုံးစနစ် တိုက်ယာဉ်တစ်စီးနှင့် P-18 တာဝေးထောက်လှမ်းရေး ရေဒါယာဉ်တစ်စီးတို့ကို ရုရှားနိုင်ငံထုတ် Zala Lancet အသေခံဒရုန်းဖြင့် ၂၀ ရက်နေ့က ဖျက်ဆီးနိုင်ခဲ့ပါသည်။ ထို့အပြင် ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် အမေရိကန်မှ ထောက်ပံ့ပေးထားသော M777 ဟောင်ဝင်ဇာအမြောက်နှစ်လက် နှင့် BMP-1 သံချပ်ကာယာဉ်တစ်စီးတို့ကို အသေခံတိုက်ခိုက်ရေးဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ များတွင် ယူကရိန်းတပ်ဖွဲ့၏ P-18 ရေဒါယာဉ်တစ်စီး အမိန့်ပေးကွပ်ကဲရေးယာဉ်တစ်စီးနှင့် 36D6 ရေဒါ တိုက်ယာဉ်တစ်စီးတို့ကို ထပ်မံဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် မြေပြင်တပ်ဖွဲ့၏ အီတလီနိုင်ငံထုတ် FH-70 ယာဉ်ဆွဲဟောင်ဝင်ဇာအမြောက်တစ်လက်နှင့် ပိုလန်နိုင်ငံထုတ် Krab ယာဉ်တင် ဟောင်ဝင်ဇာ တိုက်ယာဉ်တစ်စီးတို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါသည်။
ယူကရိန်းအမြောက်တပ်၏ Grad အမျိုးအစား MLRS အတွဲလိုက်ပစ်ဒုံးယာဉ်တစ်စီး သယ်ယူပို့ဆောင်ရေး ထရပ်ကားတစ်စီးနှင့် ဂိုထောင်နှစ်ခုတို့ကိုလည်း ရုရှားတပ်ဖွဲ့သုံး Forpost မောင်းသူမဲ့လေယာဉ်မှ တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အတူ အမေရိကန်နိုင်ငံထုတ် AN/TPQ-36 ပစ်မှတ်ရှာရေဒါတစ်စုံကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ရုရှားလေကြောင်းအာကာသနှင့် ဒုံးပျံတပ်ဖွဲ့သည် တစ်ပတ်အတွင်း ယူကရိန်းတပ်ဖွဲ့များ၏ ပစ်မှန်နေရာ ၆၃ ခုအထိကို တိုက်ခိုက်ခဲ့သည်။ ၎င်းတို့ထဲတွင် လက်နက်နှင့် ခဲယမ်းစုပုံထားသော ရှေ့တန်းအခြေချ ဂိုထောင်နှစ်ခုနှင့် အခြားဂိုထောင်များလည်း ပါဝင်ခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ရုရှားတင့်ကားတပ်ဖွဲ့၏ အကောင်းဆုံး တိုက်ပွဲဝင်တင့်ကားများ ဖြစ်ကြသော T-90M Prorvy နှင့် T-14 Armata တင့်ကားများကို အထူးစစ်ဆင်ရေးအတွက် ရှေ့တန်းသို့ ပို့လွှတ်လိုက်ပြီဖြစ်သည်။ ထို့အပြင် T-80 တင့်ကားများအနက် အဆင့်အမြင့်ဆုံးဖြစ်သော T-80BVM တင့်ကားများကိုမူ ဘီလာရုဇ်နိုင်ငံအတွင်းရှိ ရုရှားစစ်စခန်းများတွင် တပ်စွဲထားစေသည်။ ပထမအကြိမ်ထိုးစစ်ဆင်ချိန်တွင် ဘီလာရုဇ် – ယူကရိန်း နယ်စပ်မှတစ်ဆင့် ရုရှားလေကြောင်းချီတပ်ဖွဲ့များမှ တာဝန်ယူထိုးစစ်ဆင်ခြင်းဖြစ်သည်။ ၎င်းမှာ အပေါ့စားတပ်များကို အသုံးပြုပြီး ယောင်ပြထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြလေသည်။ သို့သော် ယခုကဲ့သို့ ပင်မတိုက်ပွဲဝင်တင့်များနှင့် ခြေလျင်တပ်မကြီးများကို ဘီလာရုဇ်ဘက်တွင် နေရာယူထား စေသောကြောင့် နောက်တစ်ကြိမ်ထိုး စစ်ဆင်ပါက အင်ပြည့်အားပြည့် ထိုးစစ်ဖြစ်လာလိမ့်မည်ဟု လေ့လာသူများမှ ဖော်ပြထားကြပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့