အရှေ့ဖျားစီးပွားရေးဖိုရမ်နှင့် ဗဟုကမ္ဘာသို့ ဦးတည်ရာလမ်း

0

(ကမ္ဘာ့ရေးရာ အမှတ် (၁၆) အောက်တိုဘာ ၂၀၂၂ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

အရှေ့ဖျားစီးပွားရေးဖိုရမ်နှင့် ဗဟုကမ္ဘာသို့ ဦးတည်ရာလမ်း

အရှေ့ဖျားစီးပွားရေးဖိုရမ်သည် ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့တွင် နှစ်စဉ်ကျင်းပသည့် နိုင်ငံတကာ ဖိုရမ် တစ်ခုဖြစ်ပြီး ရုရှားအရှေ့ဖျားဒေသတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားပေးရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ဖိုရမ်အား ၂၀၁၅ ခုနှစ်မှ စတင်က ရုရှားသမ္မတ၏ အမိန့်ဒီကရီ ထုတ်ပြန်ချက်ဖြင့် စတင် ကျင်းပခြင်း ဖြစ်သည်။ ဦးဆောင်ကျင်းပသူများမှာ ရုရှားအစိုးရနှင့် Roscongress Foundation တို့ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့က ရုရှားဖက်ဒရေးရှင်း သမ္မတ၏ အမိန့်အမှတ် (၂၅၀) ဖြင့် အရှေ့ဖျား စီးပွားရေးဖိုရမ်ဆိုင်ရာ ထုတ်ပြန်ခဲ့ရာ –

ရုရှားအရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အားမြှင့်တင်ရန်နှင့် အာရှ – ပစိဖိတ်ဒေသတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်တို့အတွက် အောက်ပါအတိုင်း လုပ်ဆောင်ရန် ထုတ်ပြန်ခဲ့ပါသည် –

(က) အရှေ့ဖျားစီးပွားရေးဖိုရမ်အား ဗလာဒီဗော့စ်တော့ခ်မြို့တော်တွင် နှစ်စဉ်ကျင်းပနိုင်ရေး လုပ်ဆောင်သွားရန်။

(ခ) အရှေ့ဖျားစီးပွားရေးဖိုရမ် ပြင်ဆင်ရေးနှင့် ကျင်းပရေးဆိုင်ရာ ဦးစီးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန်။

(ဂ) အရှေ့ဖျားစီးပွားရေးဖိုရမ် ပြင်ဆင်ရေးနှင့် ကျင်းပရေးဆိုင်ရာ ဦးစီးကော်မတီ၏ စည်းမျည်းများအား အတည်ပြုရန်။

(ဃ) ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ အရှေ့ဖျားစီးပွားရေးဖိုရမ် ကျင်းပသွားရန်။

(င) အရှေ့ဖျားစီးပွားရေးဖိုရမ် ပြင်ဆင်ရေးနှင့် ကျင်းပရေးဆိုင်ရာ ဘဏ္ဍာငွေ ရင်းမြစ်များ ရှာဖွေရန် ရုရှားဖက်ဒရေးရှင်း အစိုးရအား ညွှန်ကြားရန်။

(စ) သမ္မတအမိန့်သည် ထုတ်ပြန်သည့်နေ့မှ စတင်အာဏာသက်ရောက်သည်။ ထိုအချိန်မှ စတင်ကာ အရှေ့ဖျားစီးပွားရေးဖိုရမ်အား နှစ်စဉ် ကျင်းပလျက် ရှိပါသည်။

ရုရှားအရှေ့ဖျားဒေသသည် ယူရေးရှားနိုင်ငံများ၏ အရှေ့အစွန်ဆုံးဒေသဖြစ်ပြီး အာရှနိုင်ငံများ၊ အာရှ – ပစိဖိတ်နိုင်ငံများနှင့် ချိတ်ဆက်ရာ၌ ဗဟိုချက်အဖြစ် အသုံးချ၍ ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှသည် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းနိုင်မှုအထိ ဦးတည်ဆောင်ရွက်သွားရန်ရည်ရွယ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အစပြု ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့စီးပွားရေး မဟာဗျူဟာတစ်ခု ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၂ ခုနှစ် (7th Eastern Economic Forum 2022)

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အား ယခုနှစ် စက်တင်ဘာ ၅ ရက်မှ ၈ ရက်နေ့အထိ ဗလာဒီဗော့စ်တော့ခ်ရှိ အရှေ့ဖျား ဖယ်ဒရယ်တက္ကသိုလ်ဝန်း (Far Eastern Federal University – FEFU) တွင် ကျင်းပခဲ့ပါသည်။ ရုရှားအနေဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုကြီးများကို ရင်ဆိုင်နေရသော်လည်း အရှေ့ဖျားဒေသ၏ အရေးပါမှုမှာ လျင်မြန်စွာ တိုးတက်လျက် ရှိပါသည်။ ဖိုရမ်၏ အဓိကအာဘော်မှာ ရုရှား နိုင်ငံခြားရေးမူဝါဒဖြစ်သည့် ဗဟုကမ္ဘာသို့ ဦးတည်ရာလမ်းကြောင်းသွယ် (The Path to Multipolar World) နှင့် ချိတ်ဆက်နေပါသည်။ အရှေ့ဖျားစီးပွားရေးဖိုရမ်သည် ရုရှားနှင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အသိုက်အဝန်းတို့အား ချိတ်ဆက်မှု စတင်ရန်နှင့် ခိုင်မာရန် လုပ်ဆောင်ပေးသည့် အရေးပါသော နိုင်ငံတကာ ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအခွင့်အလန်းများဆိုင်ရာ ရုရှားအရှေ့ဖျားဒေသ၏ စီးပွားရေးအလားအလာများနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၏ ပြည့်စုံကျယ်ပြန့်သော သုံးသပ်မှုနှင့် အဆင်မြင့် တိုးတက်လာသော အထူးစီးပွားရေးဇုန်များအတွင်း စီးပွားရေးလုပ်ကိုင်မှု အခြေအနေများ အတွက်လည်း အရေးပါသော ပလက်ဖောင်းဖြစ်သည်။

လေးရက်ကြာ ပြုလုပ်သော အဆိုပါဖိုရမ်တွင် ကျွမ်းကျင်သူ ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေး လုပ်ငန်းရှင်များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက်မအပြောင်းအလဲ၏ ပဲ့တင်ရိုက်ခတ်မှုများနှင့် အာရှ-ပစိဖိတ်ဒေသဆီသို့ တွန်းအားများဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ရုရှား၏ အလားအလာများနှင့် ပတ်သက်၍လည်း ဆွေးနွေးကြပါသည်။ တက်ရောက်ဆွေးနွေးသူအများစုသည် ဖိုရမ်အဓိကအာဘော်အားလည်း အလေးဂရုပြုမိကြသည်။

ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းတွင် သမ္မတပူတင်က ယခုဖိုရမ်သည် ရုရှားနှင့် အာရှ – ပစိဖိတ်ဒေသတွင်း နိုင်ငံများအကြား စီပွားရေးဆက်သွယ်မှုများ တည်ဆောက်ရန် အရေးပါသော အထောက်အကူပြုသည့် ဖိုရမ်ဖြစ်သည်။ ဥရောပနှင့် အမေရိကန်တို့သည် စက်မှုကုန်ထုတ်လုပ်မှု ထွန်းကားရာ ဒေသများအဖြစ်မှ ဖြည်းဖြည်းချင်း လျော့နည်း ပျောက်ကွယ်လာခြင်းတို့နှင့်အတူ အာရှ – ပစိဖိတ်ဒေသသည်လည်း ကမ္ဘာ့စီးပွားရေး အချက်အခြာအဖြစ် အလားအလာ ကောင်းလာသည်ဟု ပြောကြားပါသည်။

 (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ မည်သူတွေ တက်ရောက်ကြသနည်း

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အား ရုရှားအပါအဝင် နိုင်ငံပေါင်း ၆၈ နိုင်ငံမှ တက်ရောက်သူနှင့် မီဒီယာ ၇၀၀၀ ကျော်တက်ရောက်ပါသည်။ ကုမ္ပဏီပေါင်း ၇၀၀ ကျော်မှ ကိုယ်စားလှယ် ၁၇၀၀ ခန့်လည်း ပါဝင်တက်ရောက်ပါသည်။ အဓိကအစီအစဉ်တွင် ဆွေးနွေးပွဲပေါင်း ၁၀၀ ကျော်ပါဝင်ပြီး ခေါင်းစဉ် ၇၀ ကျော် ဆွေးနွေးကြပါသည်။ ဟောပြောသူနှင့် ညှိုနှိုင်းပံ့ပိုးသူ ၇၅၀ ကျော်တို့က အစည်းအဝေးများ၊ စီးပွားရေး စကားဝိုင်းများနှင့် စားပွဲဝိုင်းဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးကြပါသည်။ တက်ရောက်ကြသည့် ပြည်ပနိုင်ငံများအနက် တရုတ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ အာမေးနီးယားနှင့် တောင်ကိုရီးယားတို့မှ ကိုယ်စားလှယ်ဦးရေ အများဆုံး ပါဝင်တက်ရောက်ကြပါသည်။ 

အယ်ဂျီးရီးယား၊ ဂါနာ၊ ဒိုမီနီကန်၊ ဒိုးနက်ခ် ပြည်သူ့သမ္မတနိုင်ငံ၊ ဇမ်ဘီယာ၊ ကင်မရွန်း၊ လိုင်ဘေးရီးယားနှင့် ယူဂန်ဒါတို့က ပထမဆုံးအကြိမ်အဖြစ် ဖိုရမ်တွင် ပါဝင်တက်ရောက်ပါသည်။ ဖိုရမ်သို့ ပြည်ပအဆင့်မြင့် ခေါင်းဆောင် ၁၅ ဦးတို့ ပါဝင်တက်ရောက်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ လီဇန်ရှူး၊ အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန်၊ မွန်ဂိုလီးယား ဝန်ကြီးချုပ် လပ်ဗ်ဆန်နာစရိန် အိုယွန်-အာဒင်းန်၊ အာမေးနီးယား ဒုတိယဝန်ကြီးချုပ် မာဂရီဂေါ်ယန်တို့လည်း အပါအဝင် ဖြစ်ပါသည်။

၎င်းအပြင် သံအမတ်ကြီး (၁၅) ဦးတို့လည်း တက်ရောက်သည်။ ရုရှားအစိုးရ အရာရှိကြီးများ၊ ရှေ့နေချုပ်၊ ဝန်ကြီးဌာနနှင့် အေဂျင်စီအကြီးအကဲများနှင့် ဒေသအာဏာပိုင်များအပါအဝင် ရုရှားအစိုးရအရာရှိကြီး ၅၀ ကျော်တက်ရောက်သည်။

အလုပ်သဘောဆွေးနွေးပွဲ အစီအစဉ်များ

ဖိုရမ်၏ အလုပ်သဘော ဆွေးနွေးပွဲများအား အဓိကမဏ္ဍိုင် ၆ ခုဖြင့် ပြုလုပ်ပါသည်။ ၎င်းတို့မှာ –

(က)စီးပွားရေး

(ခ)ဘဏ်လုပ်ငန်း

(ဂ)ထောက်ပံ့ပို့ဆောင်ဖြည့်တင်းရေး ဈေးကွက်

(ဃ)နိုင်ငံတကာဆက်ဆံရေး

(င)ပညာရေးနှင့် ကျန်းမာရေးဖွံဖြိုးတိုးတက်မှု

(စ)မျိုးချစ်စိတ်ဓာတ်ဆိုင်ရာပညာရေးတို့ ဖြစ်သည်။

ပထမ မဏ္ဍိုင်ဆိုင်ရာ ဆွေးနွေးပွဲများအား ‘Russia’s Place in the World: Diamonds Are Made under Pressure’ ခေါင်းစဉ်ဖြင့် ပြုလုပ်ရာ တက်ရောက်လာသူများက ရုရှား၏ နိုင်ငံတကာဆက်ဆံရေး၏ လက်ရှိအခြေအနေနှင့် အနာဂတ်အလားလာများ၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် အခြားကဏ္ဍများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအား ဆွေးနွေးကြသည်။ အရေးပါသော တွေ့ရှိချက်များမှာ အရှေ့ဖျားဒေသသည် ဗဟုကမ္ဘာသစ်အတွက် အဝင်မုဒ်တံခါးဖြစ်ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်မှုသရဖူ ဆွတ်ခူးနိုင်ခြင်းသည် အရေးပါသောအချက်ဖြစ်သည် ဟူသော အချက်များဖြစ်သည်။

ဒုတိယမဏ္ဍိုင်အား ‘The Global Division of Labour: From Old Connections to New’ ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေကြသည်။ ၎င်းတွင် ရုရှားစီးပွားရေး ကဏ္ဍအသီးသီး၏ အနာဂတ်ကို ဆွေးနွေးသည်။ အရှေ့ဖျားဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန် ရှိသည်များနှင့် လက်ရှိကြုံတွေ့နေရသည့် ပြဿနာ အခက်အခဲများကိုသာမက ကမ္ဘာ့အစီအစဉ် တည်ဆောက်မှု ပုံစံသစ် ပေါ်ထွက်လာချိန်တွင် နိုင်ငံက ရင်ဆိုင်ရမည့် မဟာဗျူဟာတာဝန်များ၏ အတိုင်းအတာပမာဏကိုလည်း ဆွေးနွေကြသည်။

တတိယမဏ္ဍိုင်ဆွေးနွေးပွဲများအား ‘Financial Markets: What Holds Value When There Is a Loss of Confidence?’ ဖြင့် ပြုလုပ်သည်။ ၎င်းတွင် ဘဏ်လုပ်ငန်းကဏ္ဍအတွက် ထိရောက်သော အဖြေများကို ရှိဖွေခြင်း၊ ဒီဂျစ်တယ်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လက်ရှိအခြေအနေတွင် ကမ္ဘာ့ငွေကြေး ထိန်းကျောင်းခြင်းဆိုင်ရာကိစ္စများကို ဦးစာပေးဆွေးနွေးသည်။

စတုတ္ထမဏ္ဍိုင်သည် ခရီးသွားလာလည်ပတ်ရေးဆိုင်ရာ ဆွေးနွေးပွဲများဖြစ်သည်။ ဤဒေသတွင် ခရီးသွားလာလည်ပတ်ရေးဆိုင်ရာကိစ္စများသည် တိုးတက်ဖြစ်ထွန်းနေပြီး ဗလာဒီဗော့စ်တော့ခ်သည် အာရှပစိဖိတ်ဒေသသို့ ဝင်ရောက်ရာ ရုရှား၏ နိုင်ငံတကာခရီးသွားလာလည်ပတ်ရေး ဝင်ပေါက်တစ်ခု ဖြစ်လာကြောင်း ဆွေးနွေးသည်ကို တွေ့ရသည်။

ပဉ္စမမဏ္ဍိုင် ဆွေးနွေးပွဲ ခေါင်းစဉ်မှာ ‘Everyone Has Their Own Route: The Logistics of a Changed World’ ဖြစ်သည်။ ဤကဏ္ဍတွင် ထောက်ပံ့ပို့ဆောင်ဖြည့်တင်းရေးဆိုင်ရာများ၊ ဘိုင်ကယ်လ် – အာမူရာ ကားလမ်းမနှင့် ဆိုက်ဘေးရီးယား ဖြတ်ကျော် မီးရထားလမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးကြသည်။ ၎င်းတို့သည် ရုရှားမြောက်ပိုင်းရှိ မြောက်ပိုင်းကုန်သွယ်ရေလမ်းကြောင်း (Northern Shipping Route) သို့ ဆက်သွယ်လုပ်ဆောင်သွားမည့် ထောက်ပံ့ရေးစနစ်သစ်ဖြစ်သည်။ ၎င်းအပြင် အရှေ့ဖျားနှင့် အာတိတ်ဒေသများတွင် လေဆိပ်အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်း ဆွေးနွေးကြသည်။

ဆဌမမဏ္ဍိုင်မှာ ‘Patriotism over Tolerance’ ဖြင့် ဆွေးနွေးခြင်း ဖြစ်သည်။ ထိုးထွင်းတီထွင်ကြံဆဉာဏ်နှင့် ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ရင်းဖြစ်သည်။ ၎င်းတွင် ရုရှားမျိုးချစ်လူငယ်များအား ပညာသင်ကြားပေးရန် အနာဂတ်ကျောင်းသစ်များနှင့် အနာဂတ်စီးပွားရေးအတွက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအသစ်များ သင်ကြားလေ့ကျင့်ပေးရေး၊ ကွန်ယက်ဖြန့်ကျက် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ခေါင်းဆောင်မှု ပျိုးထောင်လေ့ကျင့်ရေးဆိုင်ရာ စီမံကိန်းများ၊ တီထွင်ဆန်းသစ်မှုများနှင့် ဆရာများ၏ ထိုးထွင်းကြံဆနိုင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြောင်း တွေ့ရသည်။

ဖိုရမ်၏ ရလဒ်များ

ဖိုရမ်တွင် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များနှင့် နားလည်မှုသဘောတူ စာချွန်လွှာအများအပြားကိုလည်း စံချိန်တင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အခြေခံ အဆောက်အဦနှင့် ပို့ဆောင်ရေး စီမံကိန်းများ၊ ဓာတ်သတ္တုသိုက်၊ ဆောက်လုပ်ရေး၊ စက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ သဘောတူညီချက်ပေါင်း ၂၉၆ ခုအား လက်မှတ်ရေးထိုးခဲ့ရာ စုစုပေါင်း ရူဘယ်လ် ၃.၂၇၂ ထရီလီယံဖိုး ရှိပါသည်။ အရေးပါသော သဘောတူညီချက်များမှာ

(က)ဒေသများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတူညီချက် ၈၀ ခု၊

(ခ)ပညာရေးနှင့် သိပ္ပံဆိုင်ရာ သဘောတူညီချက် ၃၅ ခု

(ဂ)ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက် ၃၃ ခု

(ဃ)စက်မှုနှင့် တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက် ၂၉ ခု

(င)ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ သဘောတူညီချက် ၁၇ ခု

(စ)အဆင့်မြင့် နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ၁၆ ခု

(ဆ)သဘာဝပတ်ဝန်းကျင်နှင့် သဘာဝ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူညီချက် ၁၅ ခုနှင့်

(ဇ)အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် သဘောတူညီချက် ၁၅ ခုတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံနှင့် အရှေ့ဖျားစီးပွားရေးဖိုရမ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum – 2022) ၏ မျက်နှာစုံညီ အစည်းအဝေး (Plenary Session) ပါဝင် တက်ရောက်ဆွေးနွေးပါသည်။ ထိုမျက်နှာစုံညီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာ လူသားများ အသက်ရှင်နေထိုင် လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy) ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ လုံခြုံမှုရှိရေး (Food Security) သည် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် သက်ရှိ လူသားများ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security) ဆိုသည်မှာ နိုင်ငံတစ်ခုအတွင်း နေထိုင်ရှင်သန် ရပ်တည် လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင် ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ်များစွာတိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့်အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည် စားနပ်ရိက္ခာလုံခြုံရေး (Food Security) အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ထည့်သွင်း ဆွေးနွေးသွားခဲ့သည်။

စားနပ်ရိက္ခာလုံခြုံရေး (Food Security) သည် အမျိုးသားလုံခြုံရေးဆိုင်ရာကဏ္ဍ (National Security) အသီးသီးရှိသည့်အနက် အရေးပါသောကဏ္ဍတစ်ခုလည်း ဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် စစ်ပွဲများက ကမ္ဘာ့ကြီး၏ စားနပ်ရိက္ခာလုံခြုံရေးအား ခြိမ်းခြောက်လျက် ရှိနေပါသည်။ ရုရှားနှင့် ယူကရိန်းတို့သည် ကမ္ဘာပေါ်တွင် ဂျုံစိုက်ပျိုးတင်ပို့သည့် ထိပ်တန်း (၁၀) နိုင်ငံတွင် အပါအဝင်ဖြစ်ရာ လက်ရှိ အရေးအခင်းများကြောင့် ထိုသို့ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုများအား ထိခိုက်လာပြီး ၎င်းအား မှီခိုနေရသည် အာဖရိကနိုင်ငံများမှာ စားနပ်ရိက္ခာအကြပ်အတည်း ကြုံတွေ့လာရကြောင်းလည်း လေ့လာတွေ့ရှိရသည်။

ဖိုရမ်နှင့် ပတ်သက်ပြီးလည်း ယခုကျင်းပပြုလုပ်သည့် Eastern Economic Forum – 2022 ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ သည်လည်း ယူရေးရှားဒေသတွင်း မိတ်ဖက်နိုင်ငံများအကြား ဆက်ဆံရေးအား ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဒေသတွင်းနိုင်ငံများအကြားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံများ ပြုလုပ်ခြင်းဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံ ဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်း ယန္တရားများ ရှိလာမည်ဖြစ်ကာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် အရှေ့ပိုင်းဒေသအား အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကိုလည်း တွန်းလှန် နိုင်မည် ဖြစ်ပါကြောင်း၊ အာရှဒေသတွင်းနိုင်ငံများအကြား ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးအား တည်ထောင် နိုင်ခြင်းဖြင့် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ဆက်သွယ်သော နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု (International North South Transport Corridor – INSTC) ကို ဖော်ဆောင်နိုင်မည်ဖြစ်ရာ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့ ထွန်းကားလာမည်ဖြစ်ပြီး အာရှ – ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအရ တည်ငြိမ်မှုရှိရေးကိုလည်း ပို၍ခိုင်မာအားကောင်းလာစေမည် ဖြစ်ပါကြောင်း၊ အာရှဒေသတွင်း အင်အားတောင့်တင်းခိုင်မာသည့် တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အာဆီယံ၊ BIMSTEC အဖွဲ့တို့အနေဖြင့် ရုရှားနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးအား ထူထောင်ခြင်းအားဖြင့် မိမိတို့ မြန်မာနိုင်ငံ အပါအဝင် အာရှဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအား ပံ့ပိုးပေးရာ ရောက်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ရုရှားနှင့် အာရှ-ပစိဖိတ်နိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အရေးကြီးပုံအား ထည့်သွင်း ဆွေးနွေးသွားကြောင်းတွေ့သည်။

အာရှ – ပစိဖိတ်ဒေသကြီးသည် မဟာဗျူဟာအရ အရေးပါသော ဒေသဖြစ်ပါသည်။ ယနေ့ခေတ်တွင် ကမ္ဘာကြီး၏ ပြိုင်ဆိုင်မှု ဗဟိုချက်သည် အာရှ-ပစိဖိတ်ဒေသကြီးဆီသို့ ရွေ့လျားလာရာ ဒေသတွင်း နိုင်ငံများသာမက ဒေသပြင်ပ အင်အားကြီးနိုင်ငံများ၏ ဝင်ရောက်ပြိုင်ဆိုင်မှုကလည်း ကြီးမားလာသည်ကို တွေ့ရမည် ဖြစ်သည်။ အာရှဆုံမှတ်မဏ္ဍိုင် (Pivot to Asia) ဟူသောအချက်မှာလည်း ခေတ်စားလာပါသည်။ ထိုသို့ပြိုင်ဆိုင်မှုများကြားတွင် မိမိတို့ကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဒေသတွင်းအဖွဲ့အစည်းများ၊ ဒေသပြင်ပ အဖွဲ့အစည်းများ၊ မိမိတို့နှင့် ချစ်ကြည်ရင်းနှီးစွဲရှိပြီးဖြစ်သည် နိုင်ငံကြီးများနှင့် ပူးပေါင်းကာ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရနိုင်သည့် နည်းလမ်းများကို အသုံးပြုလုပ်ဆောင်သွားသင့်ပါသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်လည်း တွေ့ဆုံဆွေးနွေးကြောင်း တွေ့ရသည်။ ထို့သို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးထားသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့ အပါအဝင် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း လေ့လာတွေ့ရှိရသည်။ ထိုသည်တို့ကို ကြည့်ခြင်းအားဖြင့် အနာဂတ်တွင် နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်လာဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

စာရေးသူအနေဖြင့် ဩဂုတ်လ ၂၉ ရက်က စိန့်ပီတာစဘတ် နိုင်ငံတကာ လူငယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် (PIIF 2022 St. Petersburg International Youth Investment Forum) တက်ရောက် ဆွေးနွေးစဉ် မြန်မာသည် တရုတ်နှင့် အိန္ဒိယအကြား ပထဝီမဟာဗျူဟာအရ အချက်အချာကျသည့် နေရာတွင် ရှိပြီး ထိုအင်အားကြီး နှစ်နိုင်ငံအား ဆက်သွယ်ထားသည့် အခြေအနေတွင် ရှိသည်။ ဈေးကွက်သည် မြန်မာ၏ လူဦးရေ သန်း ၅၀ ကျော်တင် မကပဲ ထိုဈေးကွက်ကြီး နှစ်ခု (နှစ်နိုင်ငံပေါင်း ၂.၈၃၈ ဘီလီယံကျော်) ရှိနေပါသည်ဟု ဆွေးနွေးချိန်တွင် ဖိုရမ်အား တက်ရောက်လာသည့် ရုရှားလူငယ်ရင်းနှီးမြှုပ်သူများက စိတ်ဝင်စားကြောင်း တွေ့ရှိရပါသည်။ မြန်မာအား BRICS Plus သို့ ဝင်ရောက်ရန် လျှောက်ထားဖို့လည်း တိုက်တွန်းကြပါသည်။ အနာဂတ်တွင် ရုရှားနိုင်ငံ နိုဗာဆီးဗရစ်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ လေယာဉ်တိုက်ရိုက် ပြေးဆွဲချိန်၌ ပိုမို ကူးလူးဆက်ဆံမှုများ ရှိလာမည် ဖြစ်ပါသည်။

ဗဟုကမ္ဘာနှင့် ရုရှား

အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် ရုရှားနိုင်ငံခြားရေးမူဝါဒ ဖြစ်သည့် ဗဟုကမ္ဘာသို့ ဦးတည်ရာလမ်းကြောင်းသွယ် (The Path to Multipolar World) အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) သို့သော စီးပွားရေးဖိုရမ်များမှာ အရေးပါလျက် ရှိနေသည်။ ဩဂုတ်လ ၁၆ ရက်က ပြုလုပ်သည့် (၁၀) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ဆွေးနွေးပွဲ (The X Moscow Conference on International Security) ဖွင့်ပွဲတွင် သမ္မတ ဗလာဒီမာပူတင်က ဧကဝင်ရိုး ကမ္ဘာဆိုသည်မှာ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်ပါသည်ဟု မိန့်ကြားခဲ့ကြောင်း တွေ့ရသည်။

ကာကွယ်ရေးဝန်ကြီး General of the Army ရွှိုင်းဂူကလည်း အမေရိကန်နှင့် ၎င်းမဟာမိတ်များ၏ အကြွင်းမဲ့ လွှမ်းမိုးချုပ်ကိုင်မှုသည် အတိတ်က အရာဖြစ်သွားပြီ။ ယူကရိန်းတွင် အထူးစစ်ဆင်ရေး စတင်ဆင်နွှဲသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဧကဝင်ရိုးကမ္ဘာ အဆုံးသတ်သွားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသေးသည်။ ရုရှား၏ ယူကရိန်းတွင် ဆင်နွှဲနေသော အထူးစစ်ဆင်ရေး (The Special Operation in Ukarine) သည် မြင်သာထင်သာ ရှိသောရည်မှန်းချက်များသာမက အခြား မဟာဗျူဟာရည်မှန်းချက်များလည်း ရှိနေပုံ ရပါသည်။။ အမေရိကန်ဦးဆောင်နေသည့် ဧကဝန်ရိုးကမ္ဘာ (Unipolar World) အား အဆုံးသတ်စေပြီး ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) အစပျိုးရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။

နိဂုံး

ရုရှားသည် အရှေ့တောင်အာရှဒေသတွင်းတွင် လာအို၊ ဗီယက်နမ်၊ မြန်မာတို့နှင့် ပိုမိုရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးရှိပါသည်။ အဆိုပါဆက်ဆံရေးသည် ၎င်း၏ လက်နက်ဈေးကွက်ရှာဖွေခြင်းထက် ပိုမိုသည်ဆိုသည်ကို မြင်တွေ့ရသည်။ ရုရှားသည် အရှေ့တောင်အာရှ ဒေသအပါအဝင် အာရှ-ပစိဖိတ် ဒေသကြီးအား ယခင်ကထက် ပိုမို အလေးထားလာသည်ကို တွေ့ရှိရသည်။ မကြာမီရောက်ရှိလာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံမှု (၇၅) နှစ် ပြည့်မြောက်မည် ဖြစ်ပါသည်။ မိမိတို့နှစ်နိုင်ငံသည် နှစ်ပေါင်းများစွာ မိတ်ဆွေကောင်း ပီသစွာဖြင့် နေထိုင်ခဲ့ကြပါသည်။  သံတမန် ဆက်ဆံရေး ကောင်းမွန်သည်သာမက နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံရေးကောင်းများကို တည်ဆောက်နိုင်ခဲ့သည်။ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ အရပ်ဘက်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍတို့တွင်လည်း ခိုင်မာသည့် ဆက်ဆံရေးသမိုင်းကောင်းကို ဆက်လက်တည်ဆောက်သွားရမည် ဖြစ်ပါသည်။ သမ္မတပူတင်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာသည် အရှေ့တောင်အာရှဒေသတွင် ကျွန်ုပ်တို့ ကာလရှည် လက်တွဲနေသည့် ယုံကြည်ရသော မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ပြောကြားခဲ့သည်ကို တွေ့ရသည်။ မကြာသေမီက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization – SCO) သို့ ဆွေးနွေးဖက်နိုင်ငံ (Dialogue Partner) အဖြစ် ဝင်ရောက်ရန် မြန်မာနိုင်ငံ၏ လျှောက်ထားမှုအား အတည်ပြုလက်ခံခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံချင်းသာမက နိုင်ငံစုံ ဆက်ဆံရေး တိုးတက်လာသည်ကို တွေ့ရှိနိုင်ပါသည်။

စစ်အေးတိုက်ပွဲပြီးဆုံးချိန် Bipolar World အဆုံးသတ်ပြီးနောက် အမေရိကန် ဦးဆောင်သည့် Unipolar World သာ ကျန်ရှိခဲ့ပါသည်။ နောက်ပိုင်း တရုတ်နှင့် ရုရှားအင်အားကြီးထွားလာမှု၊ သဘောထားတူညီရာဖြစ်စေ၊ ပထဝီအနေအထားတူရာဖြစ်စေ နိုင်ငံများ စုပေါင်းပြီး ဒေသတွင်း ပူပေါင်းဆောင်ရွက်မှု အစုအဖွဲ့များ (Regional Cooperation Organisations) (ဥပမာ Shanghai Cooperation Organisation (SCO), BRICS, BRICS Plus) ဖွဲ့စည်းလာခြင်းသည် ဗဟုဝင်ရိုးကမ္ဘာခေါ် Multipolar World အား ဦးတည်လာခြင်း ဖြစ်သည်။ လက်ရှိ ကမ္ဘာ့အခင်းအကျင်းသည် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်လျက်ရှိပါသည်။ အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum 2022) ကဲ့သို့သော လုပ်ငန်းစဉ်များသည် ဖွံ့ဖြိုးတိုးတက်မှု အရွေ့တစ်ခုသို့ ဦးတည်သွားနိုင်မည်လား၊ ရုရှား ဦးတည်နေသော ဗဟုကမ္ဘာ (Multipolar World) မည်မျှအထိ အောင်မြင်မည်နည်းစသည်တို့မှာ ဆက်လက်ပြီး စောင့်ကြည့်သွားရမည့် အကြောင်းခြင်းရာများ ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် လက်ရှိကမ္ဘာ့အခင်းအကျင်းတွင် ပေါ်ပေါက်လာသည့် အခွင့်အရေးများအား လက်လွတ်မခံပဲ အမျိုးသားအကျိုးစီးပွါးအတွက် ရယူဖော်ဆောင်သွားရမည် ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply