ရုရှား၏ ယူကရိန်းစစ်ဆင်ရေးကြောင့် အခက်ကြုံလာရသည့် ယူကရိန်းအမြောက်တပ်များ
ရုရှားတပ်တွေဟာ လက်ရှိမှာ ယူကရိန်းအပေါ် လေကြောင်းတိုက်ခိုက်မှု၊ ဒုံးပျံနဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်နေတဲ့အပြင် စစ်မြေပြင်မှာလည်း ရုရှားအမြောက်တပ်တွေက တစ်ရက်ကို ကျည်ဆံ ၂၀၀၀၀ ကျော် ပစ်ခတ်နေတဲ့အတွက် ယူကရိန်းတပ်တွေဟာ ရုရှားအမြောက်ဒဏ်ကြောင့် အထိအခိုက် အကျအဆုံး အလွန်များပြားနေပါတယ်။
လက်ရှိအပြင်းထန်ဆုံးဖြစ်နေတဲ့ ဘက်ခ်မွန့်မြို့တိုက်ပွဲဆိုရင် ရုရှားအမြောက်ဒဏ်ကြောင့် ယူကရိန်းတပ်တွေဟာ နေ့စဉ် စစ်သည် ၅၀၀ ခန့် (တပ်ရင်း ၁ ရင်းစာခန့်) ထိခိုက်ကျဆုံးနေတဲ့အတွက် အနောက်နိုင်ငံတွေကတောင် Meat Grinder “အသားကြိတ်စက်” လို့ တင်စားရတဲ့အခြေအနေဖြစ်ပါတယ်။
ယူကရိန်းတွေအနေနဲ့ နယ်မြေတချို့ ပြန်သိမ်းနိုင်ပေမဲ့ အကျအဆုံးတွေက များပြားလွန်းခဲ့ပါတယ်။
ယူကရိန်းဟာ လက်ရှိမြေပြင်တိုက်ပွဲတွေမှာ အနီးကပ်လေကြောင်းပစ်ကူကို မသုံးနိုင်တဲ့အတွက် အမြောက်ပစ်ကူကိုသာ အဓိက သုံးနေရပါတယ်။
ဒါပေမဲ့ စစ်ပွဲကာလကြာလာတာနဲ့အမျှ ယူကရိန်းအမြောက်တပ်တွေဟာ ရေရှည်စစ်ဆင်နွှဲဖို့ အခက်အခဲ ရှိလာပါတယ်။ အတွဲလိုက်ပစ်ဒုံး MLRS တွေအကြောင်းကို သီးခြားထပ်ရေးပါမယ်။
ယူကရိန်းတပ်မတော်ရဲ့ ဆိုဗီယက်စံပြု ၁၂၂၊ ၁၃၀ နဲ့ ၁၅၂ မမ ဟောင်ဝစ်ဇာတွေအတွက် ကျည်ဆံကို ယူကရိန်းစက်ရုံတွေက များများစားစား မထုတ်နိုင်တော့တဲ့အပြင် NATO နိုင်ငံတွေမှာလည်း မထုတ်လုပ်တဲ့အတွက် ကျည်ဆံမလုံလောက်မှု ဖြစ်လာပြီး အမေရိကန်နဲ့ NATO က ထောက်ပံ့တဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာတွေကိုသာ အဓိက မှီခိုနေရပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို M 777 ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ ၁၄၂ လက် (တပ်ရင်း ၈ ရင်းစာခန့်) နဲ့ အမြောက်ကျည်ဆံ ၁ သန်းခန့် ပေးပို့ထားပါတယ်။
အခြား NATO နိုင်ငံတွေကလည်း ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအချို့နဲ့ ကျည်ဆံအချို့ ထောက်ပံ့ ပေးထားပါတယ်။
အမေရိကန်နဲ့ NATO က ထောက်ပံ့ထားတဲ့ ၁၀၅ မမ နဲ့ အခြား ဟောင်ဝစ်ဇာအချို့ ရှိပေမဲ့ အနည်းငယ်သာဖြစ်ပြီး ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာတွေသာလျင် ယူကရိန်းရဲ့ အဓိက အမြောက်တွေ ဖြစ်ကြပါတယ်။
အမြောက်နဲ့ပတ်သက်ရင် ယူကရိန်းမှာ အခက်အခဲ ၃ ခု ရှိပါတယ်။
ကျည်ဆံမလုံလောက်နိုင်မှု
ပထမ တစ်ခုက ကျည်ဆံအခက်အခဲ ဖြစ်ပါတယ်။
ယူကရိန်းဟာ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်ကျည် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ အမေရိကန်ကိုသာ လုံးလုံးလျားလျား မှီခိုနေရပါတယ်။
ယူကရိန်းအမြောက်တပ်တွေဟာ လက်ရှိမှာ တစ်ရက် (၂၄ နာရီ) ကို ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်ကျည် ၄၀၀၀ မှ ၇၀၀၀ ခန့် အထိ အသုံးပြုပစ်ခတ်နေတယ်လို့ CNN ရဲ့အဆိုအရ သိရပါတယ်။
အမေရိကန်တပ်မတော်ဟာ လက်ရှိမှာ တစ်လကို ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ ကျည်ဆံ ၁၄၀၀၀ ပဲထုတ်နိုင်ပါတယ်။ ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ လုပ်နေပေမဲ့ ၂၀၂၃ ခုနှစ်မှာ တစ်လ ၂၀၀၀၀ နဲ့ ၂၀၂၅ အရောက်မှာ တစ်လ ၄၀၀၀၀ ထုတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
ဒါကြောင့် လက်ရှိအမေရိကန်တပ်မတော်ရဲ့ တစ်လထုတ်လုပ်မှုဟာ ယူကရိန်းရဲ့ ၃ ရက်စာကနေ ၅ ရက်စာပဲရှိနေတာ တွေ့ရပါတယ်။
ယူကရိန်းကို ၉ လအတွင်း ပို့လိုက်တဲ့ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ ကျည်ဆံတွေဟာ အမေရိကန်တပ်မတော်ရဲ့ ၄ နှစ်စာ ထုတ်လုပ်မှုနဲ့ ညီမျှပါတယ်။
နိုဝင်ဘာလကုန်အထိ အမေရိကန်ဟာ ယူကရိန်းကို ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ ကျည်ဆံ ၁ သန်းခန့် ပေးပို့ထားပြီး ဒီကျည်ဆံတွေဟာ အမေရိကန်တပ်မတော်ရဲ့အရန်ကနေ ထုတ်ယူသုံးစွဲထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်တပ်မတော်ဟာ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာကျည်ဆံတွေအနေနဲ့ ယူကရိန်းကို အဆက်မပြတ်ထောက်ပံ့ဖို့ ရုန်းကန်နေရသလို လျော့နည်းသွားတဲ့ သူ့ရဲ့အရန်ခဲယမ်းတွေကို ပြန်ဖြည့်ဖို့လည်း ရုန်းကန်နေရပါတယ်။ NATO နိုင်ငံအားလုံး အလားတူ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်ဟာ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာကျည်ဆံ ထုတ်လုပ်မှုမြှင့်တင်နေတဲ့အပြင် ရေတိုအမြန်စီမံကိန်းအနေနဲ့ လက်ရှိမှာ တောင်ကိုရီယားကနေလည်း ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာကျည်ဆံ ၁ သိန်း ဝယ်ယူဖို့ ဆောင်ရွက်နေပါတယ်။
NATO မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ဟာလည်း ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာကျည်ဆံနဲ့ပတ်သက်ပြီး မလုံလောက်မှုတွေ ရှိနေပါတယ်။
ဒါကြောင့် ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာကျည်ဆံနဲ့ ပတ်သက်ရင် အမေရိကန်နဲ့ NATO နိုင်ငံတွေကိုသာ မှီခိုနေရတဲ့ ယူကရိန်းအတွက် ရေရှည်စစ်ဆင်နွှဲဖို့ စိန်ခေါ်မှု ဖြစ်လာပါတယ်။
ပြောင်းသက်တမ်း
ဒုတိယပြဿနာက အမြောက်ပြောင်းတွေ သက်တမ်းကုန်မဲ့ ပြဿနာ ဖြစ်ပါတယ်။
အမြောက်တွေရဲ့ အသက်ဟာ ပြောင်းသက်တမ်း ဖြစ်ပါတယ်။ အမြောက်တစ်လက်ကို ရေရှည်အသုံးပြုလိုတယ်ဆိုရင် ပြောင်းသက်တမ်းပြည့်တာနဲ့ လဲလှယ်ပေးရမှာ ဖြစ်တယ်။ ပြောင်းသက်တမ်းကုန်ပြီး အစားထိုးလဲလှယ်ခြင်းမရှိဘဲ ဆက်ပစ်နေရင် တိကျမှုမရှိနိုင်တဲ့အပြင် အမြောက်တစ်ခုလုံး ပျက်စီးတာမျိုးအထိ ဖြစ်မှာ ဖြစ်ပါတယ်။
အမြောက်တိုင်းဟာ စွမ်းအားကုန်ပစ်တဲ့ကျည်ဆံ Effective Full Charge (EFC) ဘယ်နှတောင့်ပစ်ပြီးရင် အမြောက်ပြောင်းအသစ်လဲရမယ်ဆိုတဲ့ စံနှုန်းရှိပါတယ်။ ကျည်တောင့်တိုင်းဟာ EFC နဲ့ ပစ်တာမဟုတ်တဲ့အတွက် ပြန်လည်တွက်ချက်ယူရပါတယ်။
ဒီလိုတွက်ချက်မှုအရ အမေရိကန်က ယူကရိန်းကို ပေးပို့ထားတဲ့ M 777 ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာတွေရဲ့ ပြောင်းသက်တမ်းဟာ တစ်လက်ကို ကျည်ဆံ ၂၅၀၀ ပစ်ပြီးတာနဲ့ ပြောင်းသက်တမ်းကုန်ပြီး ပြောင်းအသစ်လဲရမှာဖြစ်ပါတယ်။
ရာသီဥတု၊ ပစ်တဲ့ကျည်ဆံအမျိုးအစား၊ ယမ်းအား စတာတွေပေါ် မူတည်ပြီး အပြောင်းအလဲအချို့ ရှိနိုင်ပေမဲ့ ပျမ်းမျှကတော့ အတောင့် ၂၅၀၀ ခန့် ဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်ဟာ ယူကရိန်းကို M 777 ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ ၁၄၂ လက်နဲ့ ကျည်ဆံ ၉၂၄၀၀၀ ပေးပို့ထားပြီး ဖြစ်ပါတယ်။
ဒါဟာ M 777 ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ တစ်လက်ကို ကျည်ဆံ ၆၅၀၀ နှုန်းဖြစ်လို့ ဒီကျည်ဆံတွေ ကုန်အောင်သာပစ်ရင် အမြောက်ပြောင်းအသစ် ၃ ကြိမ်ခန့် လဲရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် M 777 ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ ၁၄၂ လက်အနက် ရုရှားတွေရဲ့ ဖျက်ဆီးခြင်းခံရတာ အနည်း ဆုံး အလက် ၂၀ ခန့်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သုံးမရတဲ့ M 777 တွေလည်း အများအပြား ရှိတာမို့ သေချာတွက်ကြည့်ရင် M 777 အရေအတွက်ဟာ ၁၄၂ မဟုတ်ဘဲ ဒါ့ထက်လျော့သွားဖို့ ရှိတာကြောင့် ကောင်းတဲ့အမြောက်တွေက အစားထိုးပစ်ပေးရမှာဖြစ်လို့ တစ်လက်ကို ၆၅၀၀ ကျော်မဟုတ်တော့ဘဲ ကျည်ဆံ ၈၀၀၀ လောက် ပစ်ရမဲ့ အခြေအနေပါ။
ရေရှည်မှာ ဒီအမြောက်တွေကို ပြောင်းတွေဘယ်လိုအသစ်လဲကြမလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
လက်ရှိအထိ ကနေဒါဟာ ယူကရိန်းကို M 777 ပြောင်းအပို ၁၀ ခုသာ ပေးအပ်ထားပြီး အမေရိကန်ကတော့ တစ်ခုမှပေးထားတာ မတွေ့ရသေးပါဘူး။
ဒါကြောင့် အမေရိကန်အနေနဲ့ အဆက်မပြတ် ထောက်ပံ့ပေးနိုင်မှု မရှိရင် စစ်ပွဲကာလ ကြာလာလေ ယူကရိန်းရဲ့ အဓိကကျောရိုးဖြစ်တဲ့ M 777 အမြောက်တွေရဲ့ ထိရောက်စွာ အသုံးပြုနိုင်စွမ်း ကျဆင်းလေ ဖြစ်လာနိုင်ပါတယ်။
အပိုပစ္စည်းနဲ့ maintenance ပြဿနာ
ယူကရိန်းအမြောက်တပ်တွေရဲ့ အကြီးမားဆုံးနဲ့ အဓိကအကျဆုံး အခက်အခဲက အပိုပစ္စည်းနဲ့ maintenance လုပ်နိုင်မှုအပိုင်း ဖြစ်ပါတယ်။
တခြားအမြောက်အမျိုးအစားတွေ မပါသေးဘဲ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ တစ်မျိုးတည်းမှာတင် ယူကရိန်းဟာ လက်ရှိ M 777 သာမက ချက်နိုင်ငံလုပ် SpGH Zuzana၊ ဂျာမန်လုပ် PzH 20000၊ အမေရိကန်လုပ် M-114၊ M-109 နဲ့ M-109A3GN၊ ပိုလန်လုပ် AHS Krab စတဲ့ နိုင်ငံစုံက လက်နက်မျိုးစုံ အသုံးပြုနေတာ တွေ့ရပါတယ်။
မိုင်ထောင်ချီတဲ့ စစ်မျက်နှာတစ်လျှောက် ဖြန့်ကျက်ထားတဲ့ ဒီလိုအမျိုအစားစုံလင်လှတဲ့ အမြောက်တွေကို အပိုပစ္စည်းတွေ မပြတ်အောင် ထိန်းသိမ်းဖို့နဲ့ maintenance လုပ်ဖို့ဟာ စိန်ခေါ်မှုကြီးမားပါတယ်။
အထူးသဖြင့် တချို့အမြောက်တွေကို အကြီးစားပြင်ဖို့လိုအပ်လာရင် မူရင်းနိုင်ငံ ပြန်ပို့ရတဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ဥပမာ ယူကရိန်းဟာ PzH 2000 အမြောက်တချို့ကို ပြုပြင်ဖို့ ဂျာမနီကို ပြန်ပို့ခဲ့ရပါတယ်။
ယူကရိန်းရဲ့ အဓိကအမြောက်ဖြစ်လာတဲ့ M-777 တွေဟာ ကောင်းမွန်တဲ့အမြောက်တွေဖြစ်ပေမဲ့ အလွန်ပေါ့ပါးအောင် တည်ဆောက်ထားတဲ့အတွက် ပစ်တဲ့ကျည်တောင့်များလာရင် အချို့အစိတ်အပိုင်းတွေဟာ မကြာခဏ အစားထိုးလဲလှယ်ပေးရပါတယ်။
၂၀၁၈ ခုနှစ်က အီရတ်-ဆီးရီးယားနယ်စပ် Firebase Saham မှာ တပ်ဖြန့်ထားတဲ့ အမေရိကန် M-777 အမြောက်တပ်ရင်းဟာ ၆ လခန့်အတွင်း ကျည် ၃၀၀၀၀ ကျော် ပစ်ခတ်ခဲ့ရပါတယ်။ ဒါဟာ ဗီယက်နမ်စစ်နောက်ပိုင်းမှာ အမေရိကန်အမြောက်တပ်ရင်း ၁ ရင်းအနေနဲ့ ကျည်တောင့်ရေ အများဆုံး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ M-777 ၂ လက်ဟာ ပစ်တဲ့ကျည်တောင့်ရေများလွန်းလို့ ပြောင်းတွင်းပေါက်ကွဲပျက်စီးခဲ့သလို ကျန်အမြောက်အများစုဟာလည်း ဒဏ်ခံကိရိယာတွေ ပျက်စီးခဲ့လို့ အမြန်ပြင်ဆင်ခဲ့ကြရပါတယ်။
ဒါကြောင့် တစ်လက်ကို ကျည်တောင့်ရေ ၄/၅/၆ ထောင်ပစ်ရမဲ့ ယူကရိန်းရဲ့ အမြောက်တွေအနေနဲ့ အပိုပစ္စည်းလိုအပ်ချက် အလွန်ကြီးမားနိုင်တာ မြင်တွေ့နိုင်ပါတယ်။
နိဂုံး
ဒါကြောင့် ယူကရိန်းအနေနဲ့ ရုရှားကို ရေရှည်စစ်ဆင်နွှဲခုခံမယ်ဆိုရင် အရေးအပါဆုံးဖြစ်တဲ့ အမြောက်တပ်တွေကို စနစ်တကျ စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ဖို့ logistics ပိုင်းဟာ အလွန်အရေးကြီးကြောင်း တွေ့နေရပါတယ်။
အခြားတစ်ဖက်မှာလည်း ရုရှားအနေနဲ့ ယူကရိန်းလိုပဲ အမြောက်တွေကို ရေရှည်စစ်အတွက် ရုန်းကန်ရမဲ့အခြေအနေရှိနိုင်ပါတယ်။
ဒါပေမဲ့ ရုရှားဟာ Artillery is God of the War လို့ ခံယူခဲ့တဲ့ အမြောက်တပ်အင်အား အလွန်ကြီးမားတဲ့ ဆိုဗီယက်ခေတ်ကတည်းက ထုတ်လုပ်ထားတဲ့ ထောင်ပေါင်းများစွာသော အမြောက်တွေ ရှိနေတဲ့အပြင် ကျည်ဆံတွေကလည်း အမြောက်အများရှိနေပါတယ်။
ဒါတင်မက စက်မှုအင်အားကြီးဖြစ်ပြီး သယံဇာတကြွယ်ဝတဲ့ ရုရှားအနေနဲ့ နည်းပညာရှုပ်ထွေးခြင်း မရှိတဲ့ အမြောက်ကျည်ဆံနဲ့ အပိုပစ္စည်းတွေကို တိုးချဲ့ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။
ဒါ့အပြင် ရုရှားရဲ့မိတ်ဖက်နိုင်ငံတွေဟာလည်း အမျိုးစားတူ အမြောက်တွေနဲ့ ကျည်ဆံတူတွေ အသုံးပြု/ ထုတ်လုပ်နေတာကြောင့် လိုအပ်လာရင် မျှဝေနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ဒါကြောင့်ရုရှားဟာ ရေရှည်စစ်မှာ ယူကရိန်းထက်စာရင်တော့ အမြောက်ဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားသွားနိုင်မဲ့ အလားအလာ ရှိနေပါတယ်။
အမြောက်တပ်ရှုထောင့်ကနေ ကြည့်ရင်တော့ ရုရှား-ယူကရိန်းစစ်ရဲ့ အမြောက်ကဏ္ဍမှာ စစ်နည်းဗျူဟာထက် logistics က အဆုံးအဖြတ်ပေးသွားမဲ့ သဘောရှိပါတယ်။
အောင်သူရိန်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့