ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် အကြမ်းဖက်သမားများ၏ ဆိုင်ဘာအစွန်းရောက်ဝါဒ

0

(သုတကမ္ဘာဂျာနယ် အတွဲ ၅ အမှတ် ၁၄ ပါ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။)

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် အကြမ်းဖက်သမားများ၏ ဆိုင်ဘာအစွန်းရောက်ဝါဒ

ဒေါက်တာ နိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်မစ် အကြမ်ဖက်သမားများသည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း မရှိသော်လည်း အင်တာနက် အွန်လိုင်းအသုံးပြုလှုံ့ဆော်မှုများတော့ ရှိနေသည်။

အစ္စလာမ်မစ် စစ်သွေးကြွဝါဒသည် ၁၉၈၀ ပြည့်လွန်နှစ်များက စတင်ကာ ဘင်္ဂလာဒေ့ရှ်အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ရာ အရှေ့အလည်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခပေါင်းစုံက ထိုဝါဒ ကြီးထွားလာရေးအတွက် အားပေးအားမြှောက်ပြုရာ ဖြစ်ခဲ့သည်။

ပါလက်စတိုင်းတို့၏ လွတ်လပ်သောနိုင်ငံ ပေါ်ထွန်းရေး ကြိုးပမ်းမှုသည် ဘင်္ဂလားဒေ့ရှ်တွင် ၁၉၈၆ ခုနှစ်၌ Muslim Millat Bahini အဖွဲ့ကို တည်ထောင်သော ပထမမျိုးဆက် စစ်သွေးကြွများအတွက် စိတ်ဓာတ်လှုံ့ဆော်ပေးမှု ဖြစ်ခဲ့သည်။

၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်များအတွင်း ဖြစ်ပွားသော ဆိုဗီယက် – အာဖဂန် စစ်ပွဲသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုတိယမျိုးဆက် စစ်သွေးကြွများအတွက် စိတ်အားထက်သန်ဖွယ် ဖြစ်သည်။ ၎င်းတို့သည် Jamaat-ul-Mujahideen Bangladesh (JMB)၊  Jagrata Muslim Janata Bangladesh (JMJB) နှင့် Harkat-ul-Jihad-al-Islami Bangladesh (HUJI-B) တို့အပါအဝင် မရေတွက်နိုင်လောက်အောင်ပင် အသင်္ချေ အနန္တများပြားလှသည့် စစ်သွေးကြွအဖွဲ့များကို ဖွဲ့စည်းခဲ့ကြသည်။

အီရတ်၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့တွင် ဖြစ်ပွားသော ဖြစ်စဉ်ဖြစ်ရပ်များက တတိယမျိုးဆက် စစ်သွေးကြွများအပေါ် နက်ရှိုင်းစွာ လွှမ်းမိုးနေရာ Islamic State (IS) အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည့် Neo-JMB အဖွဲ့နှင့် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည့် Ansar Al Islam အဖွဲ့များ ဘင်္ဂလားဒေ့ရှ်တွင် ပေါ်ပေါက်ကြီးထွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပထမမျိုးဆက် အစ္စလာမ်မစ်စစ်သွေးကြွများ၏အဟုန်သည် ၁၉၈၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ အစွန်းရောက်တစ်ဦးဖြစ်သူ ဗိုလ်မှူး Matiur Rahman ဖမ်းဆီးခံရခြင်းနှင့်အတူ ကျဆင်းသွားရသည်။ Bangla Bhai နှင့် Shaikh Abdur Rahman တို့အပါအဝင် JMB ၏ ထိပ်တန်းခေါင်းဆောင်များ ဖမ်းဆီးကွပ်မျက်ခံရခြင်းနှင့်အတူ ဒုတိယမျိုးဆက် အစ္စလာမ်မစ်စစ်သွေးကြွများ၏ လမ်းကြောင်းမှာလည်း ၂၀၀၇ ခုနှစ်တွင် ဦးတည်ရာမဲ့ခဲ့ရတော့သည်။

Ansar Al Islam (AAI) အဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် အင်တာနက် ဘလော့ဂါ Rajib Haidar အား သတ်ဖြတ်ခဲ့ခြင်းနှင့်အတူ ရေပန်းစားလာခဲ့သည်။ ၎င်းစစ်သွေးကြွများသည် ဘာသာရေးနှင့် ဆက်နွယ်ခြင်းမရှိသည့် လောကီရေးရာ ဘလော့ဂါများ၊ ထုတ်ဝေသူများနှင့် စာရေးဆရာ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပစ်သည်ဟု စွပ်စွဲထားခြင်းလည်း ခံရသည်။ ၂၀၁၄ ခုနှစ်တွင် IS အဖွဲ့သည် အီရတ်မြောက်ပိုင်း မိုဆူးလ် (Mosul) နှင့် ဆီးရီးယားမှ ရက်ကာ (Raqqa) တို့အား ၎င်းတို့ အုပ်စိုးရာနယ်မြေအဖြစ် ကမ္ဘာလုံးဆိုင်ရာ Caliphate ကို ကြေညာသည်။ IS သည် ၂၀၁၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အတွက် အုပ်စိုးသူ (Khalifa) အမည်ကို သတ်မှတ်ကြေညာခဲ့ရာ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် အစွန်းရောက်များအတွက် ဂျီဟတ်ဒ် အပေါင်းအသင်း ပေါ်ထွက်လာခြင်း ဖြစ်သသည်။

ထိုပေါင်းဖက်မှု၏ အကျိုးရလဒ်အဖြစ် ၂၀၁၆ ခုနှစ် ဒါကာမြို့တော်ရှိ Holey Artisan Bakery အား အကြီးအကျယ်တိုက်ခိုက်ရန် IS က စီစဉ်လုပ်ဆောင်ခဲ့သည်။ ဤဖြစ်စဉ်သည် ဘင်္ဂလားဒေ့ရှ်တွင် ပထဆုံးအကြိမ်အဖြစ် ဖမ်းဆီးခံထားရသည့် ဓားစားခံများ အသတ်ခံရမှုဖြစ်သည်။ ပိုမိုအရေးကြီးသည်မှာ တိုက်ခိုက်ခံရသည့် နယ်မြေသည် သံတမန်များ နေထိုင်ရာနေရာဖြစ်သည်။ နိုင်ငံခြားသား (၁၇) ဦးနှင့် စစ်သွေးကြွ (၅) ဦးအပါအဝင် (၂၉) ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ထိုတိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များသည် စစ်ဆင်ရေးများ ဆက်တိုက်ဆင်နွှဲခဲ့ရာ စစ်သွေးကြွ (၁၀၀) နီးပါးကို သုတ်သင်နိုင်ခဲ့သည်။  ထို့အပြင် ဖမ်းဆီးခြင်းခံရသော စစ်သွေးကြွ (၁၀၀) အနက် (၉၀) ရာခိုင်နှုန်းမှာ Neo-JMB အဖွဲ့မှဖြစ်ရာ ထိုအဖွဲ့မှာ အင်အားချိနဲ့သွားပြီး ဆက်လက်အကြမ်းဖက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ အဆိုပါစစ်ဆင်ရေးများသည် တတိယမျိုးဆက် စစ်သွေးကြွများအား မလှုပ်နိုင်ရန် ထိန်းချုပ်နိုင်ခဲ့သော်လည်း ၎င်းတို့၏ အတွေးအခေါ် အိုင်ဒီယာကိုတော့ အားနည်းချိနဲ့စေရန် ပြုလုပ်နိုင်စွမ်း မရှိချေ။ အကြမ်းဖက်အဖွဲ့အစည်းများ အထူးသဖြင့် AAI အဖွဲ့အတွက် ခေါင်းဆောင်မှု အပြောင်းအလဲပင် မရှိခဲ့ပေ။

လွန်ခဲ့သည့်နှစ်က အစ္စလာမ်မစ်စစ်သွေးကြွ (၅၀၀) နီးပါး ဖမ်းဆီးခံရခြင်းနှင့် စစ်သွေးကြွအဖွဲ့များ၏ အင်တာနက် အွန်လိုင်းပေါ်က လုပ်ဆောင်မှုများ မီဒီယာများတွင် ဖော်ပြပါရှိရာလာရာ လူအများက စိတ်ဝင်စားလာခဲ့သည်။

(၂၀၁၈) ခုနှစ်က စတင်ကာ ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ်မစ်စစ်သွေးကြွများ၏ လုပ်ဆောင်မှုများမှာ ငြိမ်သက်သွားခဲ့သည် ဖြစ်သည့် လူသစ်စုဆောင်းနေခြင်းနှင့် ရန်ပုံငွေ ရှာဖွေနေသည့်အဆင့်သို့ ရောက်ရှိနေသည်ဟု သုံးသပ်ပါသည်။ လွန်ခဲ့သည့်နှစ်အတွင်း ထိုအစ္စလာမ်မစ်စစ်သွေးကြွ (၅၀၀) နီးပါး ဖမ်းဆီးခံရခြင်းကို ကြည့်လျှင် စစ်သွေးကြွအဖွဲ့အစည်းများသည် လူသစ်စုဆောင်းမှုအား အောင်မြင်စွာ အကောင်အထည် ဖော်နေသည် ဖြစ်ကြောင်း ဖော်ပြနေပါသည်။

လုံခြုံရေးတပ်ဖွဲ့များက ထိုစစ်သွေးကြွအဖွဲ့များကို စောင့်ကြည့်ထောက်လှမ်းနေခြင်းနှင့် စစ်သွေးကြွ အများအပြားကို အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိခြင်းတို့ကြောင့် ထိုအဖွဲ့များအတွက် ဆက်လက်ငြိမ်သက်စွာ နေရမည့်အချိန်ကို ထပ်မံတိုးမြှင့်လိုက်သကဲ့သို့ ဖြစ်ပါသည်။

အထက်ပါအခြင်းအရာများကြောင့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်အစွန်းရောက်များသည် မြေပြင်တွင် လှုပ်ရှားမှုမရှိသလောက် ငြိမ်သက်သွားသော်လည်း အင်တာနက်အွန်လိုင်းပေါ်တွင်တော့ ထိုသို့မဟုတ်ပါချေ။

အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့အား တည်ထောင်သူ အိုစမာဘင်လာဒင်သည် လူငယ်များအား ဘာသာရေးအယူဝါဒမှိုင်းတိုက်ရာ၌ မီဒီယာ၏ အရေးပါပုံကို ကောင်းစွာနားလည်သဘောပေါက်သည်။ (၂၀၀၂) ခုနှစ်တွင် ၎င်းက ဤရာစုနှစ်တွင် မီဒီယာစစ်ပွဲသည် အားအကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်မှာ ထင်ရှားသည်။ အမှန်စင်စစ်ဆိုရလျှင် တိုက်ပွဲများအတွက် ပြင်ဆင်မှုစုစုပေါင်း၏ (၉၀) ရာခိုင်နှုန်းအထိပင် အချိုးအစားရှိသည်ဟု ပြောခဲ့ပါသည်။

သူ၏ လက်ထောက်ခေါင်းဆောင်နှင့် နောက်တွင် ခေါင်းဆောင်ဖြစ်လာသူ အိန်မန် အယ်လ် ဇာဝါဟီရီက ဤဆင်နွှဲနေသော တိုက်ပွဲ၏ တစ်ဝက်ကျော်သည် မီဒီယာစစ်မြေပြင်ဖြစ်သည်။ ကျွန်ုပ်တို့အား ယုံကြည်သူများ၏ အသည်းနှလုံးအား ဆွဲဆောင်ရန် မီဒီယာစစ်ပွဲကို ဆင်နွှဲနေခြင်း ဖြစ်သည်။ ပေးချင်သည့် သတင်းစကားကို မိမိတို့ လူများရအောင် လုပ်ဆောင်ရမည်။ ဂျီဟဒ်လှုပ်ရှားမှုအား ပိတ်ဆို့နေသော မီဒီယာများအား ချိုးဖျက်ရမည်။ ဤသည်မှာ စစ်မြေပြင်တွင် ဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ဘေးချင်းယှဉ်လျက် ဆင်နွှဲရမည့် လွတ်မြောက်ရေးစစ်ပွဲ ဖြစ်သည်ဟု သူက ဆိုသည်။

နည်းပညာနယ်ပယ် ဖွံ့ဖြိုးလာခြင်းသည် State Actor ခေါ် အစိုးရများ၊ ၎င်းနှင့် ဆက်စပ်နေသူများအား အလွန်ကြီးမားစွာ အင်အားကောင်းစေယုံမျှမက  အကြမ်းဖက်သမားများ အပါအဝင်ဖြစ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြစ်သည့် Non-state Actor များကိုပါ အဆင်ပြေချောမွေ့စေရန် ပံ့ပိုးပေးနေလေသည်။ အကြမ်းဖက်အဖွဲ့အစည်းများသည် ခေတ်မီနည်းပညာများကို အသုံးပြုပြီး ၎င်းတို့၏ ဝါဒဖြန့်မှိုင်းသွင်းရာတွင် လွန်စွာ ရင်းနှီးကျွမ်းဝင်မှုရှိကြသည်။ ထို့အပြင် ၎င်းတို့သည် Azan ၊ Rumiyah ၊ Dabiq ၊ Resurgence နှင့် Al Balagh စသည့် မဂ္ဂဇင်းများကို အသုံးချပြီးလည်း ဝါဒဖြန့်ချိကြသည်။ ထိုမဂ္ဂဇင်းများသည့် ဘင်္ဂလားဒေ့ရှ်လူငယ်များဆီသို့ တိုက်ရိုက်ရောက်ရှိသော မဂ္ဂဇင်းများဖြစ်သည်။ အယ်ကိုင်ဒါအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအကြား ပိုမိုပြန့်နှံ့စေရန် ရည်ရွယ်ပြီး Al Balagh မဂ္ဂဇင်းအား ဘင်္ဂါလီဘာသာဖြင့် ထုတ်ဝေခြင်းသည်။

အကြမ်းဖက်အဖွဲ့အစည်းများသည် လူမှုကွန်ယက် မီဒီယာအမျိုးမျိုးနှင့် လျှို့ဝှက်စာပေးပို့နိုင်သော App များမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်လူငယ်များထံ ဝါဒဖြန့်ရန် လုပ်ဆောင်နေသည်။ ၎င်းတို့တွင် Facebook ၊ Telegram ၊ YouTube နှင့် ChirpWire တို့ ပါဝင်သည်။

၂၀၂၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့သည် နိုင်ငံတွင်းပထမဆုံးအဖြစ် အမျိုးသမီး အကြမ်းဖက်သမား Zobaida Siddiqua Nabila အား ဖမ်းဆီးရမိခဲ့သည်။ သူသည် Titumir Media ဟူသော Facebook Page ကို ဖွင့်လှစ်ထားကာ နောက်လိုက်နောက်ပါများနှင့် ဆက်သွယ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့သည်။ သူသည် Telegram နှင့် ChipWire တို့ကဲ့သို့ လျှို့ဝှက်စာတိုပေးပို့နိုင်သည့် App များကို အသုံးပြုကာ လူတစ်ဦးချင်းစီသို့ ဆက်သွယ်ခဲ့ကြောင်းလည်း တွေ့ရသည်။ သူသည် Telegram တွင် Channel ပေါင်း (၁၅) ခုကို ဖွင့်လှစ်ထားကာ Follower ပေါင်း (၂၅၀၀၀) ကျော် ရှိကြောင်း တွေ့သည်။ ထို Channel များမှတဆင့် သူသည် အစွန်းရောက်ဝါဒဖြန့်ချိမှုများ ထုတ်လွှင့်ခြင်း၊ ဗုံးလုပ်နည်းများ မျှဝေခြင်းနှင့် တိုက်ခိုက်ရေးနည်းဗျူဟာ၊ မဟာဗျူဟာများ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် မီဒီယာဆိုင်ရာ သုတေသနတစ်ခုအရ စစ်သွေးကြွများသည် Telegram ၊ Hoop ၊ Element ၊  the Internet Archive ၊ -Bcove.Video ၊ -Yandex.Com ၊ the IPFS distributed web platform ၊ -Transfer.Sh ၊ -Tune.Pk ၊  -Vudeo.Net ၊ -Fromsmash.Com ၊  -Gofile.Io ၊  -Tune.Pk ၊ -Wetransfer.com နှင့် -Mediafire တို့ကဲ့သို့သော မီဒီယာပလက်ဖောင်းမျိုးစုံကို အသုံးချကာ ဝါဒဖြန့်ချိနေကြောင်း တွေ့ရှိသည်။

၎င်းတို့သည် လူငယ်များအား သိမ်းသွင်းရန် YouTube အားလည်း အသုံးချသည်။ Ummah Network ဟူသော YouTube Channel တွင် မှတ်ပုံတင်ထားသူ တစ်သန်းနှင့် ပုံမှန်ကြည့်ရှုနေသူ သန်း (၇၀) ရှိကြောင်း တွေ့ရသည်။ အဆိုပါချယ်နယ်သည် ဘင်္ဂါလီဘာသာစကားဖြင့် ထုတ်လွှင်နေခြင်းဖြစ်သည်။ ပါဝင်သော အကြောင်းအရာများမှာ ဒီမိုကရေစီအစိုးရနှင့် အနောက်တိုင်း လစ်ဘရယ်ဝါဒများအား အပုပ်ချသည့် အစွန်းရောက်ဝါဒဖြန့်ချိမှုများ ဖြစ်သည်။

အနောက်တိုင်းလစ်ဘရယ်ဝါဒနှင့် ဒီမိုကရေစီတန်ဖိုးများအား အပုပ်ချခြင်းများအပြင် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်အဖွဲ့အစည်းများသည် တောင်အာရှမူစလင်လူမျိုးများအတွက် ရည်ရွယ်ဖန်တီးထားသည့် ဘာသာရေးအယူဝါဒများကိုလည်း ထုတ်လွှင့်လေ့ရှိသည်။ ၎င်းအယူဝါဒကို “The Gazwatul Hind”ဟု ခေါ်ပြီး မူဆလင်တို့ အိန္ဒိယအား သိမ်းပိုက်ရန် မျှော်မှန်းချက် ဖြစ်သည်။ ဤသည်မှာ အယ်လ်ကိုင်ဒါတို့ အယူဝါဒ၏ အနှစ်ချုပ်လည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူ သန်း (၉၀) ကျော်ရှိရာ အများစုမှာ လူငယ်လူရွယ်များ ဖြစ်သည်။ အစိုးရအနေဖြင့် အစွန်းရောက်အကြမ်းဖက်မှုများကို ရင်ဆိုင်ရန်အတွက် ဆိုင်ဘာစောင့်ကြည့်ထောက်လှမ်းများ ပြုလုပ်နိုင်ရန် လုပ်ငန်းစဉ်ယန္တရားများ ချမှတ်လုပ်ဆောင်သွားရန်မှာ အရေးကြီးသောအချက်ဖြစ်သည်။

ရင်းမြစ်။ Cyber Radicalization by Bangladeshi Islamists, The Diplomat

Share.

About Author

Leave A Reply