တရုတ်၊ အာဆီယံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသေးစား၊ အလတ်စား လုပ်ငန်းများ – ကိုဗစ်-၁၉ ၏ ဆိုးကျိုးသက်ရောက်မှုကို ကျော်လွှားခြင်းနှင့် အနာဂတ်အလားအလာများ

0

တရုတ်၊ အာဆီယံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသေးစား၊ အလတ်စား လုပ်ငန်းများ

ကိုဗစ်၁၉ ဆိုးကျိုးသက်ရောက်မှုကို ကျော်လွှားခြင်းနှင့် အနာဂတ်အလားအလာများ

 

စကားချီး

၂၁ ရာစုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကမ္ဘာကြီးအတွက် စိန်ခေါ်မှုကြီးမားစွာဖြင့် ရိုက်ခတ်ခဲ့သည်။  ကိုဗစ်-၁၉ ကူးစက်ရောဂါသည် အချိန်တိုအတွင်း တစ်ကမ္ဘာလုံးကို လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအနေဖြင့် အဆိုးရွားဆုံး ရိုက်ခတ်ခဲ့သည်။

John Hopkin တက္ကသိုလ်မှ ကောက်ယူထားရှိသော ကိုဗစ်-၁၉ စာရင်းများအရ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် လူပေါင်း (၃) သန်းခွဲကျော် သေဆုံးစေခဲ့ပြီး လူပေါင်း (၁၇၁) သန်းကျော် ကူးစက်စေခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ လူပေါင်း (၅၀၅) သန်းကျော် ကူးစက်ခဲ့ပြီး လူပေါင်း ၆ သန်း ၂ သိန်း ကျော် သေဆုံးခဲ့ရသည်။ အထက်ပါ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ၂၀၂၂ ခုနှစ်၊ ဧပြီလ အတွင်း သေဆုံးမှု ၂ ဆ နီးပါးရှိခဲ့ပြီး ကူးစက်မှုနှုန်းသည် ၃ ဆကျော် မြင့်တက်ခဲ့သည်။

ကိုဗစ် – ၁၉ ကပ်ရောဂါသည် မျိုးရိုးဗီဇသစ်များ အဆင့်ဆင့် ပြောင်းလဲလာသော်လည်း ကာကွယ်ဆေး အချိန်မီ ထုတ်လုပ်နိုင်ခြင်းနှင့် သိုလှောင်၊ ဖြန့်ဖြူး၊ ထိုးနှံခြင်း အစရှိသည့် လုပ်ငန်းစဉ်များ လျင်မြန်မှုကြောင့် လူ့အသက်သေဆုံးနှုန်းကို များစွာလျော့ချနိုင်ခဲ့သည်။ ကိုဗစ် – ၁၉ စတင် ကူးစက်ပျံ့နှံ့ခဲ့ချိန် အစောပိုင်းကာလများတွင်  အသက်အရွယ်ကြီးရင့်သူများတွင် ထိခိုက်မှုများပြားခဲ့ပြီး တစ်နှစ်ကျော်ကြာ ကာလတွင် သက်လတ်ပိုင်းများကိုပါ အသက်ဆုံးရှုံးရသည်ထိ ပြင်းထန်ခဲ့သည်။

အဆိုပါ ကပ်ရောဂါဆိုးကြောင့် လူ့အသက်သေဆုံးမှု များပြားနေချိန်တွင် တစ်ဖက်တွင်လည်း စီးပွားရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝယ်လိုအား လျော့နည်းခြင်း၊ ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းရခြင်း၊ Lockdown များ ချမှတ်ကာ ကူးစက်ရောဂါထိန်းချုပ်ရေး လုပ်ဆောင်သည့်အတွက် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် အကန့်အသတ်များခြင်း၊ Stay at Home အစီအစဉ်များကြောင့် ကုန်ထုတ်လုပ်ငန်းများတွင် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်ရေး ဆိုင်ရာများတွင် ထိခိုက်မှုပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ အဓိက သက်ရောက်မှုများစွာခံရသည့် လုပ်ငန်းများမှာ အသေးစား၊ အလတ်စား လုပ်ငန်းများပင် ဖြစ်သည်။

ထိုအသေးစား၊ အလတ်စား လုပ်ငန်းများထဲမှ မျှော်မှန်းအန္တရာယ်အတွက် ကြိုတင်မပြင်ဆင်ထားသော လုပ်ငန်းများသည် ထိခိုက်မှု အများဆုံးဖြစ်သည်။ (အသေးစား၊ အလတ်စား လုပ်ငန်းများကို Small & Medium Enterprises – “SME” ဟူ၍ ဆောင်းပါးနောက်ပိုင်းတွင် သုံးနှုန်းသွားမည်။)

တရုတ်နိုင်ငံရှိ SME များ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံ ဖြစ်သောကြောင့် ယခုဆောင်းပါးတွင် တရုတ်နိုင်ငံကို ပို၍ ဦးစားပေး တင်ပြပါမည်။ တရုတ်နိုင်ငံ၏ အခြေအနေသည် အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံကို လွယ်ကူလျင်မြန်စွာ သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ပေသည်။ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် SME ကုမ္ပဏီများ ထိခိုက်မှုကို မီဒီယာများက မီးမောင်းထိုးပြခဲ့ကြသည်။ ယင်း SME လုပ်ငန်းများသည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။

တရုတ်အစိုးရ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ တရုတ်တစ်နိုင်ငံတည်း၏ လုပ်ငန်းအားလုံးတွင်ပင် ၉၀ ရာခိုင်နှုန်းသည် SME လုပ်ငန်းများ ဖြစ်သည်။ SME လုပ်ငန်းများသည် မြို့နေလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ကို အလုပ်အကိုင် ဖန်တီးပေးထားသည်။ ၇၀ ရာခိုင်နှုန်းသော နည်းပညာစွန့်ဦးတီထွင်မှုများသည် SME များမှ တစ်ဆင့် ဖြစ်ထွန်းလာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအသားတင်ထုတ်ကုန် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို SME များမှ ရှာဖွေပေးသည်။ တရုတ်ပြည်တွင်း အခွန်ရရှိမှု၏ ၅၀ ရာခိုင်နှုန်းသည် အဆိုပါ SME များမှ ပေးဆောင်ကြခြင်းဖြစ်သည်။ တရုတ်အစိုးရ၏ အင်တာနက်စာမျက်နှာတွင် အထက်ပါ ကိန်းဂဏန်းများ ဖော်ပြပေးထားပြီး နိုင်ငံ၏ SME လုပ်ငန်းများကို ဆက်လက် အားပေးနေလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ SME များ၏ အလားအလာများသည် ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်အလွန်ကာလများတွင် စိုးရိမ်စရာကောင်းလှသည်။ တရုတ်အစိုးရအနေဖြင့် ကိုဗစ် – ၁၉ စတင်ပြီး လပိုင်းအတွင်းကပင် ငွေကြေးအထောက်အပံ့များ၊ အခွန်သက်သာခွင့်များနှင့် အခြားသော အကူအညီများကို ပေးအပ်ခဲ့သည်။ 

တရုတ်အစိုးရသည် SME များအတွက် မူဝါဒများ ချမှတ်ပြီး ကူညီနေသောကြောင့် ကိုဗစ်၏ ဆိုးကျိုး သက်ရောက်မှုများတွင် အတော်အတန် လျော့နည်းခဲ့ရသည်။ သို့သော်လည်း အဆိုပါ ကူညီရေးမူဝါဒများတွင် SME များသည် ကောင်းစွာလိုက်နာ အလုပ်လုပ်ကိုင်ရန်အတွက် စိန်ခေါ်မှုများ ရှိနေပေသည်။ SME များသည် ဝန်ထမ်းနည်းပါးသော လုပ်ငန်းများဖြစ်သည့်အတွက် အပေါ်မှထိန်းချုပ်မှုပုံစံလျော့ရဲခြင်းနှင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များ တိကျစွာ မှတ်ထားမှု မရှိမှုများကြောင့် ချမှတ်ထားသောမူဝါဒများကို ကောင်းစွာလိုက်နာရန် စိန်ခေါ်မှုများ ရှိပေသည်။ ထို့အတွက်ကြောင့် SME များ၏ လိုအပ်ချက်များနှင့် အစိုးရများ ပေးအပ်သော အကူအညီများသည် လက်တွေ့ နယ်ပယ်တွင် နှစ်ဦးနှစ်ဖက် လိုက်လျောညီထွေမှု မရှိ ဖြစ်နေသည်။ 

တရုတ်အစိုးရကိုယ်တိုင်က စီမံခန့်ခွဲပြီး အကူအညီပေးအပ်သည့်တိုင် ကိုဗစ် – ၁၉ ဖြစ်ပွားပြီး လပိုင်းအကြာ ၂၀၂၀ ပြည့်နှစ် ဒုတိယလပတ်တွင် SME များကို စစ်တမ်းကောက်ခဲ့ရာတွင် အမြတ်ငွေကျဆင်းမှုများသည် အံအားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ လုပ်ငန်းပေါင်း ၈၂၄ ခုတွင် လုပ်ငန်း ၂၆၅ ခု (၃၂ ရာခိုင်နှုန်း) သည် ၁ နှစ်တာ ကာလအတွင်း အမြတ်ငွေ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ ၀ ရာခိုင်နှုန်းမှ  ၂၀ ရာခိုင်နှုန်းအတွင်း အမြတ်ငွေ ကျဆင်းသော လုပ်ငန်းများသည် စုစုပေါင်း ၁၇ ရာခိုင်နှုန်း ရှိသည်။ ထိုအချက်အလက်များကို ကြည့်ရှုခြင်းဖြင့် ကိုဗစ်ရောဂါ ရိုက်ခတ်မှု မည်မျှပြင်းထန်သည်ကို တွေးဆနိုင်သည်။

သို့သော်လည်း ကပ်ရောဂါကြောင့် အမြတ်ငွေကျဆင်းသွားသည့် လုပ်ငန်းများရှိသကဲ့သို့ အမြတ်ငွေ တိုးတက်ခဲ့သည့် လုပ်ငန်းများလည်း ရှိသည်ဟု ဆိုနိုင်သည်။ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းနှင့်အထက် ရရှိခဲ့သော လုပ်ငန်းများလည်း ရှိသည်။ အမြတ်ဖြစ်ထွန်းသည့် ကုမ္ပဏီများကို စစ်တမ်းကောက်ကြည့်ရာတွင် ၃၁ ရာခိုင်နှုန်းသည် အင်တာနက်နှင့်နည်းပညာဆိုင်ရာ ကုမ္ပဏီများ ဖြစ်နေသည်ကို တွေ့ရသည်။  လျှပ်စစ်ပစ္စည်း၊ ဆိုလာစွမ်းအင်၊ အွန်လိုင်းလုပ်ငန်း၊ အွန်လိုင်းရုံးခန်း၊ ဉာဏ်ရည်တု (Artificial Intelligent) သုံးစွဲသော ပစ္စည်းများ၊ ကားနှင့်သက်ဆိုင်သောအရာများ ထုတ်လုပ်ဝန်ဆောင်မှုပေးသည့် လုပ်ငန်း စသည်တို့ဖြစ်သည်။

ထို့ပြင် ဗီတာမင်ဆေးဝါးများ၊ အဖျားတိုင်းစက်၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ၊ အစားအသောက်၊ အွန်လိုင်းဂိမ်း၊ အသား စသည်တို့သည် ကိုဗစ်ကာလအတွင်း လွန်စွာရောင်းအားတက်ခဲ့သည်။ ထိုလုပ်ငန်းများမှာလည်း အမြတ်အစွန်း များခဲ့ပေသည်။

အာဆီယံ

ကိုဗစ်-၁၉ သည် အာဆီယံနိုင်ငံများသို့လည်း လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သက်ဆိုင်ရာအစိုးရများက လျင်လျင်မြန်မြန် ကိုင်တွယ်သောကြောင့် အဖိတ်အစင် နည်းပါးခဲ့သည်။ အာဆီယံနိုင်ငံများသည်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနှင့် ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံရေးကို အစဉ်တစိုက် လုပ်ဆောင်နေသည်။

အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစုဖြစ်သည်နှင့်အညီ ထိခိုက်နိုင်ခြေပိုများသည်။ ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် အာဆီယံဒေသတွင်း လည်ပတ်ငွေကျပ်တည်းခြင်း၊ ဝယ်လိုအားလျော့နည်းခြင်း၊ လုပ်ငန်းပိတ်သိမ်းရခြင်း၊ ဖောက်သည်အသစ်နှင့် တွေ့ဆုံရန် ခက်ခဲခြင်း၊ လုပ်ငန်းမဟာဗျူဟာကို ပြောင်းလဲမှု ခက်ခဲခြင်း စသည်တို့သည် အဓိက အခက်အခဲ (၅) ရပ်အဖြစ် ကြုံတွေ့ခဲ့ရသည်။

အနာဂတ်အလားအလာများ

ကိုဗစ် – ၁၉ ကပ်ရောဂါသည် လွယ်ကူစွာနှင့် ပျောက်ကင်းမည်မဟုတ်ဘဲ လူများကြားတွင် ရှိနေဦးမည် ဖြစ်သည်။ ယခုအခါတွင် တိုင်းပြည်များသည် New Normal အခြေအနေနှင့် စတင် အသားကျလာကြပြီ ဖြစ်သည်။ ရှေ့ဆက်၍ ဖြစ်ပေါ်လာမည့် အလားအလာများမှာ လူအချင်းချင်းထိတွေ့မှုမရှိဘဲ ရောင်းဝယ်သည့် E-commerce၊ Social-commerce စသည်တို့သည် ပို၍ ဈေးကွက်ဖြစ်ပေါ်လာမည်။ ထို့ကြောင့် ယခုမှစပြီး SME လုပ်ငန်းရှင်များ ချက်ချင်းပြင်ဆင်သင့်သလို သက်ဆိုင်ရာအစိုးရများအနေဖြင့်လည်း သင့်လျော်သော အစီအမံများနှင့် ပူပင်စရာများကို ဖြေဖျောက်ပေးရန် တာဝန်ရှိလှပေသည်။

ကျော်ထင်ခန့်

MBA (University of Northampton, UK)

Ph.D. Candidate (Rushford Business School, Switzerland)

ကိုးကား။

  1. Development Asia: An Initiative of Asian Development Bank
  2. Finance Research Letter
Share.

About Author

Leave A Reply