တောင်အာရှသို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သော IS အဖွဲ့

0

တောင်အာရှသို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သော IS အဖွဲ့

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

“IS အဖွဲ့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှ တောင်အာရှသို့ အပြီးတိုင်ရွှေ့ပြောင်းလာပြီ ဖြစ်ပါတယ်။”

မေလအတွင်း အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (Islamic State) က ၎င်းတို့သည် ပါကစ္စတန်နဲ့ အိန္ဒိယတို့တွင် Wilaya ခေါ် ပြည်နယ်များ တည်ထောင်ပြီးဖြစ်ကြောင်း သူတို့ရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Amaq News Agency ကနေ ကြေညာခဲ့ပါတယ်။

အဲဒီပြည်နယ်နှစ်ခုဟာ တစ်ချိန်က အာဖဂန် – ပါကစ္စတန်နယ်နိမိတ်မှာရှိတဲ့ IS ပြည်နယ် Khorasan [Islamic State of Khorasan Province (ISKP)] ကို ဝိုင်းပတ်တည်ရှိနေတာ ဖြစ်ပါတယ်။ အီရတ်နဲ့ မြေထဲပင်လယ် အရှေ့ပိုင်းရဲ့ ခေါင်းဆောင်ကာလီဖိတ်ကို ကြေညာပြီး လအနည်းငယ်အကြာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ISKP ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီခေါင်းဆောင်ဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှာ IS ရဲ့ လုပ်ငန်းတွေအားလုံးကို ဦးဆောင်သူဖြစ်တဲ့အပြင် အိန္ဒိယနိုင်ငံတွင်းက IS နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွလှုပ်ရှားမှုများရဲ့ ရင်းမြစ်လည်း ဖြစ်ပါတယ်။

ဒီ IS တို့ရဲ့ ပြည်နယ်နှစ်ခုဖွဲ့စည်းခြင်းကို အိန္ဒိယဘက်ခြမ်း ကတ်ရှ်မီးယားပြည်နယ်ရဲ့ Shopian ခရိုင်တွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးတဲ့အချိန်မှာ ကြေညာခဲ့ပါတယ်။ အဲဒီတစ်ပတ်အတွင်းမှာပဲ ပါကစ္စတန်က ဘလူချီစတန်ပြည်နယ် Mustung ခရိုင်မှာ IS တို့ရဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

IS တို့ရဲ့ ပါကစ္စတန်ပြည်နယ် (Wilayah Pakistan) မဖွဲ့စည်းမီ တစ်လအလိုမှာ ဘလူချီစတန်ပြည်နယ် မြို့တော် Quetta ရဲ့ Hazarjangi ဈေးမှာ ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် လူ (၂၀) သေဆုံးခဲ့ရပါတယ်။ ဧပြီလမှာ ဖြစ်ပွားတဲ့ ဒီဗုံးခွဲမှုဟာ Hazara မျိုးနွယ်စုနဲ့ ဒေသခံခရစ်ယာန်အသိုက်အဝန်းကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ရှီအိုက်မွတ်ဆလင်ဖြစ်တဲ့ ဒီမျိုးနွယ်စုဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေဖြစ်တဲ့ ဥဇဘက်နဲ့ တူရကီတို့နဲ့ ရုပ်ရည်သွင်ပြင်တူတာကြောင့် အလွယ်တကူ ခွဲခြားနိုင်ပြီး ရာစုနှစ် နှစ်စုနီးပါးခန့် အကြမ်းဖက်ခံနေရတာ ဖြစ်ပါတယ်။

ပေါက်ကွဲလုဆဲဆဲ ဘာသာရေးအသိုက်အမြုံဝန်းကျင်တွေ ရှိနေခြင်းကို ဘလူချီစတန်ပြည်ရဲ့ ကာလရှည် ဆူပူအုံကြွမှုတွေဖြစ်တဲ့ ဘလူခွဲထွက်ရေး လှုပ်ရှားမှုတွေ၊ ဂျီဟတ်ဒ်ဘာသာရေးအခြေခံစစ်ပွဲတွေ၊ အစိုးရက စစ်ဆင်ရေး ဆက်တိုက်ဆင်နွှဲနေတာတွေနဲ့ ယှဉ်တွဲလိုက်တဲ့အခါမှာတော့ IS အဖွဲ့အတွက် လှုပ်ရှားဖို့ အကောင်းဆုံးနယ်မြေတစ်ခု ဖြစ်လာပါတော့တယ်။ အရှေ့အလယ်ပိုင်းဒေသကနေ မောင်းထုတ်ခံရပြီးတဲ့နောက် ဘလူချီစတန်ပြည်နယ်ဟာ တောင်အာရှမှာ ဝင်ရောက်အခြေစိုက်လှုပ်ရှားဖို့ လမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုတာ IS တို့ တွေ့မြင်လာခဲ့ပါတယ်။

အာဖဂန် – ပါကစ္စတန် နယ်စပ်တစ်လျှောက်မှာ ဒေသတွင်း အခြေခံနယ်မြေတည်ထောင်ပြီး အာဖဂန်နစ္စတန်ကို ISKP အနေနဲ့ ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေစဉ်မှာပဲ ပါကစ္စတန်နိုင်ငံတွင်းမှာလည်း အပြင်းအထန် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ၎င်းတို့အနေနဲ့ မကြာခဏဆိုသလို ပြုလုပ်လေ့ ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ ဒေသတွင်းရည်မှန်းချက်တွေ မမေ့မပျောက် ပြုလုပ်နေတယ်ဆိုတာကို ပြသတာလည်း ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေမှာ ISKP ရဲ့ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေလည်း ပါဝင်ပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ Jamshoro ခရိုင်၊ Sehwan Sharif မြို့က ဝတ်ပြုရာ ကျောင်းတော် ဗုံးခွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး လူ (၇၂) ဦး သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ Mustung ခရိုင် ဗုံးခွဲမှုဟာလည်း ပါကစ္စတန်သမိုင်းမှာ ဒုတိယ လူအသေအပျောက် အများဆုံး ဖြစ်ပါတယ်။

ဘလူချီစတန်နဲ့ ဆင်းန်ပြည်နယ်တွေမှာ IS အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ တိုးပွားလာခြင်းကို လုံခြုံရေး သုတေသီတွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေက စောင့်ကြည့်လေ့လာပြီး အဖန်တလဲလဲ ထောက်ပြ ပြောဆိုနေကြပေမယ့် ပါကစ္စတန်တပ်မတော်ကတော့ နိုင်ငံတွင်း IS အဖွဲ့ရဲ့ တည်ရှိနေမှုကို တရားဝင် ငြင်းဆိုထားပါတယ်။

ပါကစ္စတန် ငြိမ်းချမ်းရေးလေ့လာမှုအင်စတီကျူရဲ့ ဒါရိုက်တာ Muhammad Amir Rana ကတော့ IS တွေဟာ သူ့တို့လှုပ်ရှားမှုတွေကို ကာလီဖိတ်ပုံစံ ပြုလုပ်မယ့်အစား အယ်လ်ကိုင်းဒါပုံစံ သွပ်သွင်းနေတယ်လို့ သုံးသပ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လူသားအရင်းအမြစ်ကို စုဆောင်းလာနိုင်ပြီး ကွန်ရက်တစ်ခု တည်ဆောက်လာနိုင်မယ်လို့လည်း သုံးသပ်ထားပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ IS အဖွဲ့ရဲ့ ခြိမ်းခြောက်မှုအပေါ် ဟန့်တားရန် ကြိုးပမ်းနေကြပါတယ်။ အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (The National Counter Terrorism Authority – NACTA) ဟာ အီရတ်နှင့် ဆီးရီးယားက ပြန်လာသူတွေကို မှတ်တမ်းတင်ထားဖို့ ဒေတာဘေ့စ်တစ်ခုကို တည်ထောင်ထားပါတယ်။ အဲဒီလိုပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနတွေ (Counter Terror Departments – CTDs) တွေ အနေနဲ့လည်း IS နဲ့ အယ်ကိုင်းဒါတို့နဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်သမားတွေကို အာရုံစိုက်ဖော်ထုတ်လျက် ရှိပါတယ်လို့ Rana က ဖြည့်စွက်ပြောကြားပါတယ်။

စစ်ဘက်သတင်းရင်းမြစ်တွေကတော့ ပါကစ္စတန်နိုင်ငံတွင်းမှာ IS တွေက ၎င်းလုပ်ပါတယ်ဆိုတဲ့ တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ ဒေသခံအောက်ခြေအဖွဲ့ဝင်တွေကသာ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ IS ရဲ့ ထီးရိပ်အောက်က ဒီဒေသခံအဖွဲ့အစည်းလေးတွေဟာ နိုင်ငံတွင်းမှာ စစ်ဆင်နိုင်စွမ်း မရှိကြပါဘူး။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ Lashkar-e-Jhangvi (LeJ) ဆိုတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ LeJ ရဲ့ al-Alami ဆိုတဲ့ အုပ်စုက IS နဲ့ မဟာမိတ်ဖွဲ့ထားပါတယ်။

ပါကစ္စတန် တပ်မတော်အရာရှိကြီးတစ်ဦးကတော့ ဘလူချီစတန်က IS အကြမ်းဖက်သမားတွေလို့ ပြောပြောနေကြတဲ့သူတွေဟာ LeJ ဒါမှမဟုတ် ပါကစ္စတန် တာလီဘန်အဖွဲ့အချို့နဲ့ ဆက်နွယ်နေသူတွေသာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ဒေသခံတွေပဲဖြစ်ပြီး အရှေ့အလယ်ပိုင်းက လာသူတွေ မဟုတ်ပါဘူး။ ပါကစ္စတန်မှာ အများအပြား ပြုန်းတီးနေပြီဖြစ်တဲ့ ဒီအဖွဲ့တွေဟာ IS ဆီကိုကပ်ပြီး သူတို့နဲ့ သက်ဆိုင်သယောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆက်လက်ပြောကြားပါတယ်။

ပြီးခဲ့တဲ့လက IS နဲ့ LeJ တို့နဲ့ ဆက်နွယ်တဲ့ စစ်သွေး         ကြွတွေကို Dera Ghazi Khan နဲ့ Sialkot မြို့တွေမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ရှေးယခင်ကလည်း IS နဲ့ ဆက်နွယ်နေတဲ့ ကတ်ရှ်မီးယားအခြေစိုက် Jamaat-ud-Dawa (JuD) အဖွဲ့ကို ပန်ဂျပ်ပြည်နယ်မှာ ချေမှုန်းနိုင်ခဲ့ပါသေးတယ်။ ထိုနည်းတူစွာပဲ IS အနွယ်ဝင် အကြမ်းဖက်သမားတွေကို မြို့တော်ကရာချိက Sakran နဲ့ Manghopir မြို့နယ်တွေမှာ ဖမ်းဆီးရမိတာကို ကြည့်မယ်ဆိုရင် ဒီအဖွဲ့တွေဟာ နိုင်ငံအနှံ့မှာ ဖြန့်ကြက်တည်ရှိနေတာကို ပြနေပါတယ်။

တပ်မတော်အရာရှိတွေကတော့ IS နဲ့ LeJ တို့လို ဂျီဟတ်ဒ်အဖွဲ့တွေကို ထောက်ခံအားပေးသူတွေ တပ်မတော်အတွင်းမှာ ရှိနေတယ်ဆိုတာ သိရှိထားပါတယ်။ ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး General Qamar Javed Bajwa က အချို့သော တပ်မတော်အရာရှိတွေဟာ ဘလူချီစတန်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကူညီပေးနေကြောင်း ပြီးခဲ့တဲ့နှစ်က ဝန်ခံခဲ့ပါတယ်။

ဂျီဟတ်ဒ်အဖွဲ့တွေကို ထောက်ခံအားပေးသူတွေဟာ ထိန်းသိမ်းရလွယ်ကူတဲ့ လူနည်းစုအဖွဲ့သာ ဖြစ်တယ်လို့ တပ်မတော်အရာရှိတွေက ထင်မြင်ကြပေမယ့် တပ်မတော်က အကာအကွယ်ပေးထားတဲ့ ဂျီဟတ်ဒ် ဘာသာရေးအစွန်းရောက်အဖွဲ့တွေအနေနဲ့ ဒေသတွင်း သူတို့ရဲ့ မဟာဗျူဟာရည်မှန်းချက်တွေ ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာဟာ ကမ္ဘာကြီးအတွက်တော့ စိုးရိမ်ဖွယ် ဖြစ်လာပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ ဒီအချက်ကို ထပ်ကာတလဲလဲ သတိပေးတဲ့အပြင် ပါက   စ္စတန်ရဲ့ မရိုးမသား နှစ်ခွထွက်နေတဲ့ လုံခြုံရေးမူဝါဒတွေကို ဖိအားပေးဖို့လည်း ကြိုးပမ်းနေကြပါတယ်။ ဒီလုံခြုံရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး ကြည်းတပ်ဦးစီးချုပ်ဟောင်းတွေနဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်းတွေကလည်း ဝန်ခံထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စစ်နှုတ်ခမ်းဝ ကျရောက်လုဆဲဆဲ နျူကလီးယားလက်နက်ပိုင် နိုင်ငံနှစ်နိုင်ငံမှာ IS တို့ရဲ့ ပြည်နယ်တွေ ထူထောင်တာဟာ အနာဂတ်မှာ ခြိမ်းခြောက်မှုတွေ ပိုမိုတိုးပွားလာဖို့ပဲ ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ IS အဖွဲ့ဟာ ဂျမူးနှင့် ကတ်ရှ်မီးယားပြည်နယ်ကို မျက်စိကျ စိတ်ဝင်စားနေပြီး တည်ရှိနေပြီးဖြစ်တဲ့ အတန်ငယ် ပျော့ပြောင်းသော ခွဲထွက်ရေးလှုပ်ရှားမှုကို ပိုမိုကြမ်းတမ်တဲ့ ဂျီဟတ်ဒ် ဘာသာရေးစစ်ပွဲအပြင် ပုံဖော်လုပ်ဆောင်နေပါတယ်။ ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်က အမျိုးမျိုးအထွေထွေ ကွဲပြားနေတဲ့ ဂျီဟတ်ဒ်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေလိုပဲ ကတ်ရှ်မီးယားပြည်နယ်က ဆူပူအုံကြွမှုတွေဟာလည်း IS အဖွဲ့အတွက် လူသစ်စုဆောင်းရာ အခြေခံအကြောင်းတရား ဖြစ်လာပါတယ်။ ဒါပေမယ့် ပါကစ္စတန်လိုပဲ အိန္ဒိယလုံခြုံရေးအေဂျင်စီတွေဟာ IS အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို မှေးမှိန်ဘေးချိတ်ဖို့ လုပ်ဆောင်နေပါတယ်။

အိန္ဒိယထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ Research and Analysis Wing (RAW) ရဲ့ အကြီးအကဲဟောင်း Vikram Sood ကတော့ အလယ်ခေတ်ကလို ရက်စက်ကြမ်းကြုတ်မှုတွေကို စိတ်ကူးယဉ်နေတဲ့ ထောက်ခံသူတွေ၊ လေးစားသူတွေ၊ နောက်လိုက်တွေ ကတ်ရှ်မီးယားမှာ အချို့ရှိနေပါတယ်။ ဒါပေမယ့် ဒီ IS ကွန်ရက်မရှိသကဲ့သို့ IS အကြမ်းဖက်သမားစစ်စစ်တွေလည်း မရှိပါဘူးလို့ ပြောပါတယ်။

ကတ်ရှ်မီးယားမှာ IS တွေ လှုပ်ရှားဖို့ လွတ်မြောက်နယ်မြေတွေ မရှိပါဘူး။ ထောက်လှမ်းရေးနဲ့ လုံခြုံရေးကွန်ရက်ဟာ ကတ်ရှ်မီးယားမှာ သိပ်ပြီးခိုင်မာထိရောက်ပါတယ်။ နှိမ်နင်းခံရတဲ့ အကြမ်းဖက်သမား အရေအတွက်နဲ့ ပုံလျှိုးကွယ်လျှိုးနေရတဲ့ သူတို့ဘဝတွေကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အောင်မြင်စဉ်ကကဲ့သို့ စစ်ရေးစွမ်းရည်မျိုး မရှိတော့တဲ့ IS အဖွဲ့ဟာ ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖန်တီးရာမှာလည်း တောင်အာရှဒေသတစ်ခုလုံး သူ့ရဲ့ သဘောတရားရေးရာ သွေးဆောင်ဖြားယောင်းမှုဟာ ထင်သာမြင်သာ ရှိလာပါတယ်။ ယခင်က ပါကစ္စတန်မှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေလိုပဲ ဒီနှစ် သီရိလင်္ကာမှာ အီစတာပွဲတော်ရက် ဗုံးခွဲမှုတွေကို သုံးသပ်မယ်ဆိုရင် IS အဖွဲ့အနေနဲ့ အရှေ့အလယ်ပိုင်းကနေ တောင်အာရှကို ရွှေ့ပြောင်းပြီးစီးပြီဆိုတာ ထင်ရှားလာပါတယ်။

သီရိလင်္ကာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ ဗုံးခွဲတိုက်ခိုက်ခံရမှုဟာ အိန္ဒိယတောင်ပိုင်းကို ရိုက်ခတ်လာနိုင်ပြီး လုံခြုံရေးအေဂျင်စီတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ အိန္ဒိယတောင်ပိုင်းကနေ လူတွေ ဖြတ်သန်းခိုးဝင်တဲ့ ဖြစ်စဉ်အချို့ရှိပေမယ့် အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ဒါဟာလည်း ယူအေအီး ဒါမှမဟုတ် ဆော်ဒီအာရေးဗီးယားဘက်ကနေ အယူဝါဒသွပ်သွင်းခံရခြင်းကြောင့်သာ ဖြစ်နိုင်ပါတယ်။

မည်သို့ပင်ဆိုစေ အိန္ဒိယနဲ့ သီရိလင်္ကာတို့ဟာ ဒေသတွင်း IS တွေ ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွေးချောင်းစီး အနိဋ္ဌာရုံ သရုပ်သကန်စစ်စစ်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပါပြီ။ ပါကစ္စတန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်လဲ ပျက်စီးဆုံးရှုံးမှုပမဏဟာ ပိုမိုများပြားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ပါကစ္စတန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဒုတိယဗိုလ်ချုပ်ကြီး Talat Masood ကတော့ ပါကစ္စတန်ခေါင်းဆောင်ပိုင်းအနေနဲ့ တိုင်းပြည်အတွင်းမှာ IS အဖွဲ့ရှိနေခြင်းကို မှေးမှိန်အောင် ပြုလုပ်ထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို တွန်းလှန်သွားရမှာဖြစ်ကြောင်း သတိပေး ပြောကြားထားပါတယ်။

တိုင်းပြည်တွင်းမှာ ဒီ IS အဖွဲ့ ခြေကုပ်ရယူနိုင်ခြင်းကို မှေးမှိန်အောင် ပြုလုပ်ထားကောင်း ထားနိုင်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လက်ရှိ စီးပွားရေးအခြေအနေ အရင်းခံကြောင့်ဖြစ်ပြီး အထူးသဖြင့် တစ်စတစ်စ ခြိမ်းခြောက်လာနေတဲ့ ပိတ်ဆို့မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး Masood က အကြမ်းဖက်မှု စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Financial Action Task Force (FATF) ရဲ့ ပါကစ္စတန်အစိုးကို သတိပေးချက်တွေကို ရည်ညွှန်းပြောဆိုသွားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရခေါင်းဆောင်ပိုင်းအနေနဲ့ သတိချပ်သင့်တာကတော့ IS အဖွဲ့ဟာ ယခင်က ပါကစ္စတန်မှာ အခြေချလှုပ်ရှားခဲ့ကြတဲ့ အခြားမည်သည့်အဖွဲ့အစည်းနဲ့မျှ မတူဘူးဆိုတာပါပဲ။ ဒီအဖွဲ့ဟာ နယ်မြေတွေကို ထိန်းချုပ်သိမ်းပိုက်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီး သူ့ရဲ့ သဘောတရား အယူဝါဒဟာလည်း ပြိုင်ဘက်မရှိ အသာစီးရနေဆဲ ဆိုတာပါပဲဟု သူက ဖြည့်စွက် ပြောဆိုထားပါတယ်။

သုံးသပ်ချက်

IS အဖွဲ့အစည်းနှင့် ပတ်သက်ပြီး ပညာရှင်များအကြားတွင် အယူအဆနှစ်မျိုး ရှိပါတယ်။ တစ်ခုကတော့ ယခုဆယ်စုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသမှာ ဒီအဖွဲ့အစည်းဟာ လုံးဝအမြစ်ဖြတ် ချေမှုန်းခံရမယ်ဆိုတာ ဖြစ်ပြီး နောက်တစ်ခုကတော့ နောက်ဆယ်စုနှစ်များစွာ ဆက်လက် တည်ရှိနေနိုင်သေးတယ် ဆိုတာပါ။ လက်ရှိမှာ IS တို့အနေနဲ့ အရှေ့အလယ်ပိုင်းကို လက်လွှတ်ဆုံးရှုံးရပြီ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့ရဲ့ အနာဂတ် စီမံချက်က ဘာဖြစ်နိုင်မလဲ။ IS အဖွဲ့ဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ဆင်းရဲတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံနဲ့ ဒေသတွေ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ရွေးချယ် လုပ်ဆောင်လေ့ ရှိပါတယ်။ ယခုဆိုလျှင် တောင်အာရှမှာ အခြေစိုက်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီကတစ်ဆင့် အရှေ့တောင်အာရှက မတည်မငြိမ်ဖြစ်နေတဲ့ နေရာဒေသတွေဆီ ချဲ့ထွင်လာနိုင်တယ်ဆိုတာ သုံးသပ်တင်ပြလိုက်ရပါတယ်။

Source: Islamic State Comes for South Asia by Kunwar Khuldune Shahid, the Diplomat, June 18, 2019

 

 

 

 

 

Share.

About Author

Leave A Reply