၂၁ ရာစု စစ်ဘက်ခေါင်းဆောင်မှု အလှည့်အပြောင်း၏ စိန်ခေါ်မှုများ

0

၂၁ ရာစု စစ်ဘက်ခေါင်းဆောင်မှု အလှည့်အပြောင်း၏ စိန်ခေါ်မှုများ

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

၂၁ ရာစုအတွက် ထိရောက်တဲ့ စစ်ဘက်ခေါင်းဆောင်မှု၏ အရည်အချင်းတွေဟာ များစွာ ပြောင်းလဲသွားခဲ့ပါပြီ။ ခေါင်းဆောင်မှုဆိုင်ရာ သိပ္ပံနှင့်ဝိဇ္ဇာပညာရပ်ဟာ တပ်မတော်အတွက် လွန်စွာ အရေးကြီးလှပါတယ်။ တပ်မတော်တွေအနေနဲ့ အရာရှိတွေနဲ့ အခြားအဆင့်စစ်သည်တွေကို သက်ဆိုင်ရာ ရာထူး/အဆင့်အလိုက် ပိုမိုထိရောက်အောင် ခေါင်းဆောင်ပြီး တာဝန်ယူ ဆောင်ရွက်နိုင်ဖို့အတွက် စနစ်တကျ ပြုစုပျိုးထောင်ရမယ်အချိန်လည်း ဖြစ်ပါတယ်။ အရာရှိကြီးတွေအနေနဲ့ ထောင်ပေါင်းများစွာသော စစ်သည်တွေကို ကွပ်ကဲအုပ်ချုပ်ရခြင်း၊ ပမာဏများပြားတဲ့ ဘတ်ဂျက်တွေကို စီမံခန့်ခွဲရခြင်းနဲ့ စစ်ဖြစ်ပွားချိန်မှာ အဆုံးအဖြတ်ပေးရခြင်း စတဲ့လုပ်ငန်းဆောင်တာတို့ဟာ ၎င်းတို့၏ အုပ်ချုပ်မှုအောက်ရှိ စစ်သည်များကို အကျိုးသက်ရောက်စေသည်သာမက နိုင်ငံ၏ မဟာဗျူဟာရည်မှန်းချက်များ အပေါ်မှာလည်း အကျိုးသက်မှု ရှိစေပါတယ်။

သမိုင်းကြောင်းအရ စစ်ဘက်ခေါင်းဆောင်မှုဟာ အထက်အောက်အုပ်ချုပ်မှုပုံစံအတိုင်း တိကျစွာ လုပ်ဆောင်ရသည့် သဘောသဘာဝရှိပါတယ်။  အခြားနယ်ပယ်တွေဖြစ်တဲ့ စက်မှု၊ ပညာရေး စတာတွေနဲ့ နှိုင်းယှဉ်ရင် အာဏာရှင်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။ အစဉ်အလာအရ အထက်အောက်အုပ်ချုပ်မှုပုံစံနဲ့ တိတိကျကျလုပ်ဆောင်ရတဲ့ အဖွဲ့အစည်းတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့အာဏာနဲ့ လုပ်ဆောင်ခြင်းကြောင့် အမိန့်ပေးကွပ်ကဲခြင်းနဲ့ အခြားအုပ်ချုပ်မှုဆိုင်ရာ ဆက်သွယ်ခြင်းများမှာ တိတိကျကျ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လေ့ ရှိပါတယ်။ ဒါ့အပြင် တပ်မတော်တစ်ရပ်ရဲ့ တာဝန်မှာ လက်နက်မျိုးစုံတပ်ဆင်ထားတဲ့ မိမိတပ်ဖွဲ့ကို ရန်သူ့နေရာဆီ ချီတက်စေပြီး တိုက်ခိုက်ချေမှုန်းဖို့ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှယ စစ်ဘက်ခေါင်းဆောင်တစ်ဦးအနေနဲ့ မိမိအင်အားကို ဘယ်လိုအသုံးချမယ်နဲ့ ပစ်မှတ်ရန်သူကို အနိုင်ရရှိဖို့ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်လိုအာရုံစိုက်ထားရမည်ကို သိရှိဖို့ လိုအပ်ပါတယ်။ ၂၀ ရာစုနဲ့ အဲဒီအချိန်မတိုင်မီက စစ်ဘက်ခေါင်းဆောင်ကောင်းတစ်ဦး ပြည့်စုံဖို့လိုအပ်တဲ့ သုံးနားညီတြိဂံလို့ တင်စားပြောဆိုနိုင်တဲ့ အချက်တွေက နည်းပညာကို ကျွမ်းဝင်သိရှိခြင်း၊ ဆုံးဖြတ်ချက် တိကျပြတ်သားခြင်းနဲ့ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာဦးတည်ထားတဲ့ အမူအကျင့်ရှိခြင်းတို့ ဖြစ်တယ်။

(၂၁) ရာစုမှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာတွေ အလျင်အမြန် တိုးတက်လာခြင်းနှင့်အတူ စစ်ပွဲ၏ သဘောသဘာဝလည်း ပြောင်းလဲလာခဲ့ရာ ထိရောက်တဲ့ စစ်ဘက်ခေါင်းဆောင်မှုပေးဖို့ လိုအပ်တဲ့ အရည်အချင်းများတွေဟာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ တပ်မတော်တွေအနေနဲ့ အစဉ်အလာအတိုင်း အထက်အောက်ကွပ်ကဲအုပ်ချုပ်တဲ့ ဖွဲ့စည်းမှုပုံစံကို ထိန်းသိမ်းထားပြီး ဆက်လက်လုပ်ဆောင်နေကြပေမယ့် တပ်ဖွဲ့အချင်းချင်း အလျင်အမြန် ရှင်ရှင်းလင်းလင်း ဆက်သွယ်ဆောင်ရွက်ဖို့အတွက် အဲဒီဖွဲ့စည်းမှုပုံစံ မလိုအပ်တော့ပါ။ တပ်မှူးတစ်ဦးအနေနဲ့ ကွန်ပျူတာခလုတ်တစ်ချက်နှိပ်ရုံလောက်နဲ့ သူ့ကွပ်ကဲမှုအောက်က စစ်သည်အားလုံးကို တိုက်ရိုက် ဆက်သွယ်အမိန့်ပေး အုပ်ချုပ်ကွပ်ကဲနိုင်စွမ်းရှိလာပြီ ဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်က ၂၁ ရာစုတွင် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ အတိတ်က ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေနဲ့ အလွန်ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရကြည့်ရင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်ပွဲတွေဟာ နိုင်ငံအချင်းချင်းကြားမှာသာ ဖြစ်ပွားလေ့ရှိပါတယ်။ အဲဒီသမားရိုးကျစစ်ပွဲတွေမှာ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ တိကျသော ရည်မှန်းချက်တွေ ရှိခဲ့ကြပါတယ်။ ဥပမာဆိုရရင် ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော် အမေရိကန် ဗိုလ်ချုပ်ကြီးပက်တန်အနေနဲ့ စစ်ပွဲအတွင်း သူထမ်းဆောင်ရမယ့် တာဝန်ကို တိတိကျကျသိရှိပြီး ထိုတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် နည်းလမ်းတွေကိုလည်း ကောင်းကောင်း နားလည်သဘောပေါက်ခဲ့ပါတယ်။ သို့သော် ၂၁ ရာစု စစ်ပွဲတွေကတော့ ကွဲပြားစွာ ဖြစ်တည်လျက်ရှိပါတယ်။

BONN – MAY 21: General United States George S. Patton, christened “Blood and Guts” by his men, is shown on May 21, 1945 at his last press conference at his headquarters somewhere in Germany. General Patton’s armored advance across France and Germany in 1944 and 1945 made a significant contribution to Allied victory in World War II . He died in Heidelberg, Germany on December 21, 1945 because of his injuries in an automobile accident. (Photo by Charles Haacker/AFP/Getty Images)

ISIS တို့ရဲ့ ခြိမ်းခြောက်မှုကို ထောက်ပြလိုပါတယ်။ ISIS ဟာ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုခြင်းမရှိ၊ ပါဝါတည်ဆောက်မှုကို ကွဲပြားပျံ့နှံ့စွာ ဖြန့်ကျက်ထားပြီး သဘောတရားရေးရာအရ ထိန်းကျောင်းမောင်းနှင်နေကြောင်း တွေ့နိုင်ပါတယ်။ အဲဒီနည်းတွေကို အသုံးပြုခြင်းဖြင့် ဘက်မညီ စစ်နည်းဗျူဟာမတွေ (Asymmetric Tactics) ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ကြောင်း သုံးသပ်နိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ စစ်ခေါင်းဆောင်တစ်ဦးအနေနဲ့ မိမိရင်ဆိုင်နေရတဲ့ ရန်သူ့အနေအထားကိုသာမက စစ်ဆင်ရေးဆင်နွှဲရာဒေသရဲ့ လူမှုပထဝီဝင် (Social Geography) ကိုပါ နားလည်ရန် အရေးကြီးလာပါတယ်။ ဒေသခံခေါင်းဆောင်တွေနဲ့ ကောင်းစွာ ဆွေးနွေးညှိနှိုင်းနိုင်စွမ်းရှိခြင်း၊ ဆင်နွှဲနေတဲ့စစ်ပွဲကို ဒေသခံလူထု ထောက်ခံမှုရှိဖို့အတွက် လူမှုကွန်ရက် မီဒီယာကို ကောင်းစွာအသုံးချနိုင်စွမ်းရှိခြင်းနဲ့ အခြားအခြားသော ကျွမ်းကျင်မှုတွေနဲ့ စွမ်းရည် အသင်္ချေတို့ဟာ ၂၁ ရာစု စစ်ခေါင်းဆောင်တစ်ဦး ပြည့်စုံရမည့်အချက်များ ဖြစ်လာခဲ့ပါတယ်။

          ဒါ့အပြင် အမျိုးသားစစ်မဟာဗျူဟာ (National Military Strategy) သည်လည်း သမားရိုးကျ စစ်ပွဲတွေကို တိုက်ခိုက်အောင်မြင်ဖို့ ပြင်ဆင်ခြင်းမှသည် လက်နက်ကိုင်ပဋိက္ခတွေကို ကာကွယ်ခြင်း (Prevention/ Shaping) နဲ့ တားဆီးခြင်း (Deterring) အဆင့်တွေဆီကို ပိုမိုကျယ်ပြန့်စွာ ပြောင်းလဲလာခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေမှာ နိုင်ငံအချင်းချင်းဖြစ်ပွားတဲ့ သမားရိုးကျစစ်ပွဲတွေနဲ့ သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေ ပါဝင်ပါတယ်။ သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေလို့ဆိုရာမှာ ISIS အဖွဲ့နဲ့ ဆက်စပ်တဲ့ ခြိမ်းခြောက်မှုတွေ အပါအဝင် နိုင်ငံရေးရည်မှန်းချက် ပြီးမြောက်အောင်မြင်ဖို့အတွက် အကြမ်းဖက်မှုတွေ လုပ်ဆောင်တာတွေလည်း ပါဝင်နေပါတယ်။ စစ်ပွဲတစ်ပွဲကို တားဆီးကာကွယ်ဖို့အတွက် စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေကို ဦးစားပေး ဖန်တီးလုပ်ဆောင်ရတာနဲ့စာရင် ရန်သူ့စက်ရုံ ဒါမှမဟုတ် ရန်သူ့အခြေစိုက်စခန်းကို ဗုံးကြဲဖျက်စီးရတာက ပိုမိုလွယ်ကူတယ်လို့ပင် ဆိုနိုင်ပါတယ်။

          အဲဒ်ီအကြောင်းတွေကြောင့်ပဲ တပ်မတော်တွေအနေနဲ့ ရှေးခေတ်ခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ်လျှင် ပိုမိုကျယ်ပြန့်တဲ့ အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ အနာဂတ်ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ လိုအပ်နေပြီဖြစ်တယ်လို့ အသိအမှတ်ပြုလာရပါတယ်။ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ အရင်ခေတ်ကလိုပဲ နည်းပညာပိုင်း ကုံလုံပြည့်စုံဖို့လိုအပ်ခြင်း၊ စစ်ပွဲရဲ့ သီအိုရီနဲ့ လုပ်ငန်းဥပဒေသတွေကို နားလည်ဖို့လိုအပ်ခြင်းနဲ့ တာဝန်တစ်ရပ်ကို ပြီးမြောက်အောင် ထမ်းဆောင်ဖို့အတွက် ဘယ်လိုကွပ်ကဲရမယ်ဆိုတာကို နားလည်ခြင်းစတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံရပါမယ်။ ဒါတင်မကသေးပါ၊ အနာဂတ်စစ်ဘက်ခေါင်းဆောင်တွေ ပြည့်စုံဖို့လိုအပ်တာတွေ ဒါမှမဟုတ် စိန်ခေါ်မှုတွေကတော့ –

၁။      အာဏာရှင်ပုံစံ ခေါင်းဆောင်မှုနှင့် အတွေးအခေါ်အစား တန်းတူညီမျှ ဆက်ဆံရေးမူဝါဒကို ဖော်ဆောင်ရပါမည်။

အဆင့်အတန်းမြင့်မြင့် လေ့ကျင့်ထားတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ စမတ်ကျပြီး ပညာရည်မြင့်မားတဲ့ စစ်သည်တော်တွေ လိုအပ်ပါတယ်။ “ငါပြောသလိုလုပ်” လို့ လက်အောက်ငယ်သားတွေကို အမိန့်ပေးတာဟာ ကာလတိုအတွက် အလုပ်ဖြစ်ကောင်းဖြစ်မှာ ဖြစ်ပေမယ့် ရေရှည်မှာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။     အဲဒီအချက်က စစ်ဘက်ခေါင်းဆောင်တွေဖြစ်တဲ့ အကြပ်ကြီးတွေကနေ ဗိုလ်ချုပ်ကြီးတွေအထိ အရပ်သားတွေ၊ အစိုးရမဟုတ်တဲ့ အေဂျင်စီတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရာမှာလည်း အကျုံးဝင်ပါတယ်။ တန်းတူညီမျှ ဆက်ဆံတတ်တဲ့ ခေါင်းဆောင်တွေဟာ ရည်မှန်းချက် ပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် လက်အောက်ငယ်သား အားလုံးဟာ တစ်ပြေးညီဖြစ်ပြီး လက်အောက်ငယ်သား အားလုံးဟာ အရေးကြီးတယ်လို့ ခံယူပါတယ်။ ဒါ့အပြင် သူတို့ဟာ လက်အောက်ငယ်သားတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လမ်းညွှန်ပြသနိုင်ခြင်း၊ လူမှုဆက်ဆံရေးဆိုင်ရာ အသိဉာဏ် မြင့်မားခြင်းတို့နဲ့လည်း ပြည့်စုံကြပါတယ်။ နွားသိုးကြိုးပြတ်လို စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ စိတ်ထင်ရာလုပ်တတ်ပြီး အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်မျိုးဟာ အခုခေတ် တပ်မတော်မျိုးမှာ ထိထိရောက်ရောက် ကွပ်ကဲအုပ်ချုပ်နိုင်မှာ မဟုတ်ပါဘူး။

၂။     ခေတ်သစ် စစ်ဘက်ခေါင်းဆောင်တစ်ဦးသည် Transactional Leadership ပုံစံနှင့်စာလျှင် Transformational Leadership ကို လိုက်နာကျင့်သုံးသူ ဖြစ်ရပါမည်။

Transactional Leadership ဟာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ရောက်ဖို့အတွက် လက်အောက်ငယ်သားတွေကို တွန်းအားပေးပါတယ်။ သူတို့က အသေးစိတ် စီမံခန့်ခွဲခြင်း၊ ဆုပေး/ဒဏ်ပေးစနစ် ကျင့်သုံးခြင်း၊ စံနှုန်းတွေနဲ့ ကိုက်ညီစေဖို့ တွန်းအားပေးခြင်းတို့နဲ့ လက်အောက်ငယ်သားတွေကို တိုးတက်ကြီးပွားစေဖို့ လုပ်ဆောင်လေ့ရှိပါတယ်။ Transformational Leadership ကတော့ အဲဒီလို မဟုတ်ပါဘူး။ Transformational Leadership မှာ ခေါင်းဆောင်ဟာ သူ၏လုပ်ဖော်ကိုင်ဖက် အဖွဲ့သားတွေနဲ့အတူ လိုအပ်နေတဲ့ အပြောင်းအလဲကို ညှိနှိုင်းအဖြေရှာခြင်း၊ အပြောင်းအလဲအတွက် လမ်းညွှန်လုပ်ဆောင်နိုင်မယ့်အမြင် (Vision) ကို ချမှတ်ခြင်းနဲ့ အပြောင်းအလဲကို အဖွဲ့သားတွေနဲ့ ဒိုးတူပေါင်ဖက် အစီအစဉ်တကျ အကောင်အထည်ဖော်ခြင်းတို့ကို တစ်ပြိုင်နက် လုပ်ဆောင်ပါတယ်။ Transactional Leadership နဲ့ Transformational Leadership ပုံစံတွေဟာ Full Range Leadership Model ရဲ့  အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။

Figure: Full Range Leadership Model

၃။     စစ်ခေါင်းဆောင်များအနေဖြင့် ဒေသ၏ ဓလေ့ထုံးတမ်းများနှင့်အညီ လိမ္မာပါးနပ်မှု ရှိရပါမည်။

ဒေသခံပြည်သူတွေရဲ့ အသည်းနှလုံးကို သိမ်းကြုံးရယူနိုင်ဖို့နဲ့ စစ်ပွဲတွေကို တိုက်ခိုက်စရာမလိုဘဲ တားဆီးနိုင်ဖို့အတွက် တပ်ဖြန့်ချထားရာ စစ်ဆင်ရေးဒေသရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို နားလည်သဘောပေါက်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံရမယ့်အပြင် နောက်ခံသမိုင်းကြောင်း၊ ဘာသာတရားနဲ့ ယဉ်ကျေးမှုမတူညီတဲ့ ဒေသခံတွေနဲ့ လိုက်လျောညီထွေ လက်တွဲလုပ်ဆောင်နိုင်စွမ်း ရှိရပါမယ်။

၎။     စစ်ခေါင်းဆောင်များအနေဖြင့် နည်းပညာသစ်များနှင့် လျင်လျင်မြန်မြန် အသားကျနေရန် လိုအပ်ပါသည်။ သတင်းအချက်အလက် နည်းပညာဟာ အလွန်လျင်လျင်မြန်မြန် ပြောင်းလဲတိုးတက်နေပါတယ်။ လူမှုကွန်ရက် မီဒီယာရဲ့ စွမ်းအားကို ဘယ်လိုထိန်းချုပ်အသုံးချနိုင်တယ်ဆိုတာ ကောင်းကောင်းသိရှိတာဟာ မိမိ အဖွဲ့အစည်း အတွင်းမှာဖြစ်စေ၊ အဖွဲ့အစည်းပြင်ပမှာဖြစ်စေ ဆက်သွယ်ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။ မိမိတပ်ဖွဲ့ တပ်ဖြန့်ချထားရာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ ဒေသခံလူထုနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာလည်း အသုံးချနိုင်ပါတယ်။ စစ်ခေါင်းဆောင်တစ်ဦးအနေနဲ့ မိမိကွပ်ကဲမှုအောက် တပ်ဖွဲ့ရဲ့ အမိန့်ပေးကွပ်ကဲရေး စနစ်တွေနဲ့ လက်နက်စနစ်တွေရဲ့ နည်းပညာတွေကို အပြည့်အဝ နားလည်ထားဖို့ လိုအပ်ပါတယ်။

၅။     ယခုခေတ်တွင် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) ပြောင်းလဲနေပြီဖြစ်ပါသည်။ အောင်မြင်တဲ့ စစ်ဆင်ရေးတစ်ရပ်ဆိုတာ မိမိတို့ အကျအဆုံးအနည်းဆုံး၊ တစ်ဖက်ကလည်း သေဆုံးမှုနည်းနည်း (အရပ်သားများကို ဆိုလိုသည်) နဲ့ ဆင်နွှဲခြင်းဖြစ်ပါတယ်။ ရေရှည် မဟာဗျူဟာတစ်ရပ် အောင်မြင်ဖို့အတွက် အရေးကြီးတဲ့အချက်က အခြားသူတွေ ထိခိုက် ဒဏ်ရာရခြင်းနဲ့ ကျဆုံးခြင်းမရှိစေဘဲ ရည်မှန်းချက်ကို တိုက်ခိုက်အောင်မြင်ဖို့အတွက် မိမိအင်အားကို လိုအပ်သလောက်သာ ချိန်ညှိသုံးစွဲခြင်းကို သေသေချာချာ နားလည်သဘောပေါက်ခြင်း ဖြစ်ပါတယ်။ မကြာသေးမီနှစ်တွေအတွင်းက ဂါဇာကမ်းမြောင်ဒေသမှာ ဆင်နွှဲခဲ့တဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးအတွင်း အရပ်သားတွေ သေဆုံးနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာက စစ်ဆင်ရေးရဲ့ အနိုင်၊အရှုံးကို ဖော်ညွှန်းနိုင်စွမ်း ရှိပါတယ်။

၆။     နောက်ဆုံးအချက်မှာ အောင်မြင်သော စစ်ဘက်ခေါင်းဆောင်တစ်ဦးသည် မိမိတာဝန်ပြီးမြောက်အောင် ထမ်းဆောင်ရန်အတွက် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိမ္မာပါးနပ်စွာ ပူးပေါင်းလုပ်ကိုင်နိုင်စွမ်း ရှိရမည်။

ယနေ့တပ်မတော်တွေမှာ သီးသန့် ထုံးတမ်းစဉ်လာတွေနဲ့ အမှတ်သင်္ကေတ ဘာသာစကားတွေ ရှိကြပါတယ်။ စစ်ပွဲတွေကို ရှောင်လွှဲနိုင်ဖို့အတွက် တပ်မတော်ကို အသုံးချလိုပါက စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ရပ် ထူထောင်ခြင်း (အခြေခံအားဖြင့် အပြန်အလှန် ကောင်းမွန်စွာ ဆက်ဆံဆောင်ရွက်ခြင်း) ဟာ မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ တပ်မတော်ကို အတိုက်အခံပြုနေတာနဲ့ အောင်မြင်မှာ မဟုတ်ပါဘူး။

ယနေ့ခေတ်မှာ ISIS လို ရန်သူကို ချေမှုန်းဖို့အတွက် မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့ကို ကွပ်ကဲဖို့ ပက်တန်ကို တာဝန်ပေးမယ်ဆိုရင် အောင်အောင်မြင်မြင် ကွပ်ကဲတိုက်ပွဲဝင်နိုင်မလားဆိုတာ စဉ်းစားဖို့ ခက်ခဲလှပါတယ်။ စစ်ရေးတိုက်ပွဲမှာ အောင်မြင်နိုင်မှာ ဖြစ်ပေမယ့် ပိုမိုကျယ်ပြန့်တဲ့သဘောရှိတဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုစစ်ပွဲမှာတော့ ရှုံးနိမ့်နိုင်ပါတယ်။ အထက်ပါ အကြံပြုချက် (၆) ချက်ကို တပ်မတော်တွေအပြင် အခြားအင်စတီကျူးရှင်းတွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း လိုအပ်သလို လိုက်နာကျင့်သုံးသင့်ပါတယ်။ တိုင်းပြည်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ တာဝန်ယူထားရတဲ့ တပ်မတော်တစ်ရပ်အနေနဲ့  အခြားသူတွေကို ခေါင်းဆောင်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို ဖော်ထုတ်ရာမှာ ရှေ့က ဦးဆောင်ပြေးနေသင့်တာ မလွဲဧကန်ပဲ ဖြစ်ပါတော့တယ်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

 

Ref;  21st Century Military Leadership by Michael D. Matthews Ph.D. , Professor of Engineering Psychology, United States Military Academy, Oct 06, 2014

Share.

About Author

Leave A Reply