တောင်တရုတ်ပင်လယ် ပဋိပက္ခအတွင်းမှ ရေငုပ်သင်္ဘောများ၏ အခန်းကဏ္ဍ
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
”တောင်တရုတ်ပင်လယ် ပဋိပက္ခအတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေကြသော နိုင်ငံ (၇) နိုင်ငံအနက် (၅) နိုင်ငံသည် ၁၉၉၁ ခုနှစ်မှ စတင်ကာ အနည်းဆုံး ရေငုပ်သင်္ဘော တစ်စီးတော့ ဝယ်ယူခဲ့ကြပါသည်။”
လွန်ခဲ့သော ရက်သတ္တ (၅) ပတ်က သြစတေးလျသည် ဗြိတိန်နိုင်ငံ BAE Systems ထုတ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ်စစ်ရေယာဉ်များအား ဝယ်ယူရန် အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဖရီးဂိတ်များ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ ဖြစ်ပါသည်။ ၎င်းဝယ်ယူမှုသည် တောင်တရုတ်ပင်လယ် ပိုင်နယ် အငြင်းပွားမှုအတွင်း ကြီးကြီးမားမား လက်နက်တပ်ဆင်မှုများအနက်မှ တစ်ခုဖြစ်ပါသည်။
ရေငုပ်သင်္ဘောများ၏ သမိုင်းကြောင်းသည် အမေရိကန်လွတ်လပ်ရေးစစ်ပွဲကာလက ဗြိတိန်၏ အလံဆောင် စစ်ရေယာဉ်အား အမေရိကန်တို့၏ ရေအောက်တွင် ငုပ်ရှိုးနိုင်သော “လိပ်” (Turtle) ဟု အမည်တွင်သည့် စစ်ရေယာဉ်က ဗုံးထောင်ဖောက်ခွဲရန် ကြိုးပမ်းသည့် အချိန်ကပင် စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထိုအချိန်ကစတင်ကာ တိုက်ခိုက်ရေးရေငုပ်သင်္ဘေားများသည် ကုန်သွယ်ရေကြောင်းလမ်းများအား နှောက်ယှက်တိုက်ခိုက်ခြင်း၊ တပ်ဖွဲ့ဝင်များအား လျှို့ဝှက်စွာ ပို့ဆောင်ခြင်းနှင့် ရန်သူ့အား အလစ်အငိုက်ရယူတိုက်ခိုက်ခြင်းစသော တာဝန်များအား ထမ်းဆောင်လာခဲ့ကြပါသည်။ နိုင်ငံချင်း ဖြစ်သော စစ်ပွဲများတွင် ရေငုပ်သင်္ဘောများအား အလွန်ထိရောက်စွာ အသုံးချနိုင်ခဲ့ပါသည်။ ဥပမာဆိုရလျှင် ပထမကမ္ဘာစစ်ကာလက ဂျာမန် U – Boat များသည် ရေယာဉ် ၅၀၀၀ ခန့်အား နှစ်မြှုပ်ဖျက်စီးပစ်နိုင်ခဲ့ပါသည်။
၁၉၉၁ ခုနှစ်မှ စတင်ကာ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းပိုင်ဆိုင်မှု သို့မဟုတ် ရေပြင်ပိုင်နက် ပိုင်ဆိုင်မှု အငြင်းပွားနေသော နိုင်ငံ (၇) နိုင်ငံအနက် (၅) နိုင်ငံသည် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (Attack Submarine) အနည်းဆုံးတစ်စီးအား ဝယ်ယူ ပိုင်ဆိုင်နိုင်ခဲ့ကြပါသည်။ တောင်တရုတ်ပင်လယ်အငြင်းပွားမှုအတွင်း ပါဝင်သော နိုင်ငံ (၅) နိုင်ငံမှာ
(က) ဘရူနိုင်း
(ခ) တရုတ်
(ဂ) တိုင်ဝမ်
(ဃ) မလေးရှား
(င) အင်ဒိုနီးရှား
(စ) ဖိလစ်ပိုင်နှင့်
(ဆ) ဗီယက်နမ်တို့ဖြစ်ပြီး
တရုတ်၊ တိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ကြပါသည်။ ရေငုပ်သင်္ဘောပိုင်ဆိုင်သော အထက်ပါ (၅) နိုင်ငံလုံးသည် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခြင်း တာဝန် (Freedom of Navigation Missions) ကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သို့မဟုတ် စတင်မည်ဖြစ်ကြောင်း ကြေငြာခဲ့ကြပါသည်။ တောင်တရုတ်ပင်လယ်အတွင်း ရေငုပ်သင်္ဘာအင်အား ကြီးထွား များပြားလာခြင်း အန္တရာယ်ကြောင့် သြစတေးလျကဲ့သို့သော နိုင်ငံများအတွက် ရေငုပ်သင်္ဘောသစ်များ ဝယ်ယူခြင်း၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကိရိယာတန်ဆာပလာများ ဝယ်ယူတပ်ဆင်ခြင်းနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ်စစ်ရေယာဉ်များ ဝယ်ယူခြင်းတို့ကို ပြုလုပ်လာခဲ့ရပါသည်။
တောင်တရုတ်ပင်လယ်သည် မည်သည့်အတွက်ကြောင့် အရေးပါနေရပါသနည်း။ နှစ်စဉ် အမေရိကန် ဒေါ်လာ ၅ ထရီလီယံရှိ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်သန်ရာဖြစ်ပါသည်။ ထို့အပြင် နှစ်စဉ် တန်ချိန် ဘီလီယံချီသော စက်မှုကုန်ကြမ်းဆီများ တင်ဆောင်ဖြတ်သန်းနေပါသည်။ တရုတ်ရေငုပ်သင်္ဘောများ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်ရန် အတွက် နေရာလည်း ဖြစ်ပါသည်။ တောင်တရုတ်ပင်လယ် ပိုင်နယ် အငြင်းပွားမှု ပဋိပက္ခများသည် ၁၉၇၀ ပြည့်လွန်နှစ်များကပင် စတင်ခဲ့ရာ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်က အဆိုပါပင်လယ်အတွင်း ကျွန်းတုများအား အလွန်လျင်မြန်စွာ စတင်တည်ဆောက်လာချိန်တွင်တော့ ကမ္ဘာက သတိပြုရသည့် အရေးအခင်းတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပါတော့သည်။
တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်း အင်အားတိုးချဲ့ရန် ကြိုးပမ်းမှုများတွင် ယူလင်း – အရှေ့ ရေငုပ်သင်္ဘောအခြေစိုက်စခန်း တည်ဆောက်ခြင်းလည်း အပါအဝင်ဖြစ်ပါသည်။ တောင်တရုတ်ပင်လယ် ဒေသတွင်း ရေငုပ်သင်္ဘောအင်အား ပြသခြင်းသည် တရုတ်နိုင်ငံအတွက် လွန်စွာအရေးကြီးပါသည်။ တရုတ်သည် ၎င်း၏ရေငုပ်သင်္ဘောများအား ထောက်လှမ်းရေးသတင်းစုဆောင်းရန်၊ ပါဝါဖြန့်ကြက်ရန်နှင့် ရင်ဆိုင်ထိတွေ့ တိုက်ခိုက်မှုများအား ဟန့်တားရန်အတွက် အသုံးပြုနေပါသည်။ စစ်ပွဲတစ်ပွဲ စတင်လိုက်ပြီ ဆိုသည်နှင့် ဒေသတွင်းနေရာယူထားပြီးဖြစ်သော ရေငုပ်သင်္ဘောများက ပဋိပက္ခ၏ အကျိုးရလဒ်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိပါသည်။ ထို့အတွက်ကြောင့်ပင် တောင်တရုတ်ပင်လယ်အတွင်းရှိ နိုင်ငံများ အထူးသဖြင့် ရေငုပ်သင်္ဘောပိုင်ဆိုင်သော နိုင်ငံများသည် ရေငုပ်သင်္ဘောများ တစ်ဟုန်ထိုး တိုးပွားလာမှု၏ အခွင့်အလမ်းနှင့် အတိုင်းအတာ ပမာဏကို သေချာစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။
တောင်တရုတ်ပင်လယ်အတွင်း ရေငုပ်သင်္ဘောများ ဝယ်ယူရောင်းချမှုများအား သုံးသပ်ရာတွင် တွေ့ရသည်မှာ အဆိုပါရောင်းချမှုများအား တစ်နိုင်ငံတည်းက ချုပ်ကိုင်ထားနိုင်ခြင်းမရှိဘဲ လွတ်လပ်စွာ ဝယ်ယူနေကြကြောင်း တွေ့ရှိသုံးသပ်ရပါသည်။ Stockholm International Peace Research Institute (SIPRI) ၊ the Nuclear Threat Initiative နှင့် အခြားသတင်းရင်းမြစ်များမှ ရရှိသော ရေငုပ်သင်္ဘော ရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက်များအရ ထိုကဲ့သို့ သုံးသပ်တွေ့ရှိရခြင်း ဖြစ်ပါသည်။
၁၉၉၁ ခုနှစ်မှ စတင်ကာ ရေငုပ်သင်္ဘောဝယ်ယူရောင်းချမှု ကွန်ယက်အား ရေးဆွဲကြည့်ရာ အဓိက ကွန်ယက် (၃) ခု ပေါ်ထွက်လာပါသည်။
အထင်ရှားဆုံးအချက်တစ်ခုမှာ ရုရှားက တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားနေသည့် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံလုံးအား ရေငုပ်သင်္ဘောများ ရောင်းချပေးခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် တရုတ်က ရုရှားထံမှ ကီလို (Kilo) အတန်းအစား ဒီဇယ် – အီလက်ထရစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော (၈) စီးအား မှာယူခဲ့ပြီး ၂၀၁၄ ခုနှစ် ဝန်းကျင်တွင် ဗီယက်နမ်သည်လည်း အဆိုပါ ရေငုပ်သင်္ဘော (၆) စီးအား ရုရှားထံမှ မှာယူခဲ့ပါသည်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် ပါဝင်နေသော နောက်တစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည်လည်း ရုရှားထံမှ ရေငုပ်သင်္ဘောဝယ်ယူရန် မကြာသေးမီက ကြိုးပမ်းနေကြောင်း သတင်းများအရ တွေ့ရှိရပါသည်။ တရုတ်နိုင်ငံသည် ရေငုပ်သင်္ဘောများကို တည်ဆောက်ထုတ်လုပ်နိုင်သည်ဖြစ်ရာ ပြည်တွင်းထုတ် Jin အတန်းအစား နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကိုလည်း ပိုင်ဆိုင်ထားပါသည်။ သို့သော် အငြင်းပွားမှုတွင် ပါဝင်သော အခြားနိုင်ငံများအနေဖြင့် နျူးကလီးယားစွမ်းအင်သုံးမဟုတ်သော ရေငုပ်သင်္ဘောများအား တစ်နိုင်ငံတည်းထံမှ ဝယ်ယူအသုံးပြုနေသည့် အခြေအနေဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ်မှ စတင်ကာ တရုတ်သည် ရေငုပ်သင်္ဘောအများဆုံး ဝယ်ယူသော နိုင်ငံ ဖြစ်ပါသည်။ စုစုပေါင်း ၃၅ စီးအား ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် ပြည်တွင်းထုတ် ရေငုပ်သင်္ဘောများအား ထည့်သွင်းရေတွက်ထားခြင်း မရှိပါ။ အချို့ ရေငုပ်သင်္ဘောများအား တပ်တော်ဝင် ပယ်ဖျက်ခဲ့ပြီး ဖြစ်သော်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) တွင် လက်ရှိ ဒီဇယ် – အီလက်ထရစ် ရေငုပ်သင်္ဘော (၄၈) စီးနှင့် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (၁၀) မှ (၁၃) စီးအထိ အသုံးပြုနေပါသည်။
အင်ဒိုနီးရှားနိုင်ငံသည်လည်း ရေငုပ်သင်္ဘော (၅) စီး ဖြင့် ဖွဲ့စည်းထားသော စစ်ရေယာဉ်စုအား ပိုင်ဆိုင်ထားပါသည်။ သို့သော် ၎င်း၏ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ပိုင်ဆိုင်သော ရေငုပ်သင်္ဘောအရေအတွက်နှင့် နှိုင်းယှဉ်လျှင် ပြောပလောက်သော အရေအတွက်တော့ မဟုတ်ပါ။ ၂၀၂၄ ခုနှစ် အရောက်တွင် ရေငုပ်သင်္ဘောအရေအတွက်အား (၈) စီးအထိ အင်အားတိုးချဲ့ဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေညာထားပါသည်။
တောင်တရုတ်ပင်လယ်အရေးတွင် ပိုင်ဆိုင်မှု အငြင်းပွားနေသောနိုင်ငံများ၏ ရေတပ်များမှ ရေငုပ်သင်္ဘောများသာ ဝင်ရောက်လှုပ်ရှားနေကြသည်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ သြစတေးလျ၊ ယူကေနှင့် ပြင်သစ်တို့သည်လည်း တောင်တရုတ်ပင်လယ်အတွင်း Freedom of Navigation Operations အား စတင်ခြင်းသို့မဟုတ် ကြေညာခြင်းများကို ပြုလုပ်ကာ ပါဝင်ဝင်နေကြပါသည်။ ပါဝင်ပတ်သက်သော နိုင်ငံ များလာလေလေ မတော်တဆဖြစ်မှုနှင့် ထိတွေ့မှု ဖြစ်စဉ်များ ဖြစ်လာရန် ပိုမိုများပြားလာပါသည်။ တရုတ်က တောင်းဆိုထားသော သီးသန့်စီးပွားရေးဇုန် ရေပိုင်နက်နှင့် ပတ်သက်သော စီရင်ချက်သည် တရုတ်အစိုးရနှင့် စစ်ဘက်အရာရှိကြီးများအား ဒေါသမီးပုံကျစေပါသည်။ မတော်တဆ ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ရာ ၂၀၀၉ ခုနှစ်က တရုတ်ရေငုပ်သင်္ဘောတစ်စီးနှင့် အမေရိကန် ဆိုနာကိရိယာ (Sonar Array) တို့ တိုက်မိခဲ့သော ဖြစ်စဉ်မှာ ထင်ရှားပါသည်။
တောင်တရုတ်ပင်လယ်အတွင်း ရေငုပ်သင်္ဘောများ တစ်ဟုတ်ထိုး တိုးပွားလာခြင်းသည် အဖျက်သဘောသို့ဆောင်သည့် အလာအလားရှိကြောင်း စစ်ရေးလေ့လာသုံးသပ်သူများအကြား သိသာထင်ရှားလာခဲ့ပါသည်။ ပါဝင်ပတ်သက်နေသော နိုင်ငံများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုကို ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့ကြပါသည်။ မတ်လအတွင်းက အမေရိကန်နှင့် ဂျပန်တို့သည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေး လေ့ကျင့်ခန်းများကို စတင်ပြုလုပ်ခဲ့လာခဲ့ကြပါသည်။ တရုတ်သည်လည်း ရေအောက် စောင့်ကြည့်အသံဖမ်းကိရိယာများ (Underwater Listening Devices) များကို တောင်တရုတ်ပင်လယ်တွင်းချထားခြင်းဖြင့် အခြားနိုင်ငံများမှ ရေငုပ်သင်္ဘောများ၏ လမ်းကြောင်းကို ဖော်ထုတ်ရန် ကြိုးပမ်းနေပါသည်။
ထိုကဲ့သို့ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်းများနှင့် အတူ သြစတေးလျ၏ ယခုနောက်ဆုံး ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီးဂိတ်စစ်ရေယာဉ်များ ဝယ်ယူမှုအပါအဝင် အပြင်းအထန် အပြိုင်အဆိုင် လက်နက်တပ်ဆင်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိပါသည်။ တောင်တရုတ်ပင်လယ် တင်းမာမှုများ ဆက်လက်မြင့်မားလာပါက အငြင်းပွားမှုတွင် ပါဝင်ပတ်သက်နေသော ဘရူနိုင်း၊ တရုတ်၊ တိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ ရေငုပ်သင်္ဘော ဝယ်ယူမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
Source: Submarines in the South China Sea Conflict by Tyler Headley, The Diplomat, August 10, 2018