(သုတကမ္ဘာဂျာနယ် အတွဲ (၆) အမှတ် (၂၂) တွင် ဖော်ပြပါရှိသော မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။)
(၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံနှင့် အနာဂတ်ကမ္ဘာ့လုံခြုံရေး
နိဒါန်း
စာရေးသူသည် နိုင်ငံတော်၏ စေလွှတ်မှုကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၊ မော်စကို နိုင်ငံတော်တက္ကသိုလ် (Moscow State University) တွင် ဆေးပညာဘွဲ့လွန်သင်တန်းအား ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တက်ရောက်သင်ကြားခွင့် ရရှိခဲ့ပါသည်။ ထိုစဉ်ကတည်းကပင် တစ်ချိန်တွင် ရုရှားနိုင်ငံသို့ ပြန်လည် လာရောက်လိုသည့်စိတ်ဖြစ်ပေါ်မိပါသည်။ ထိုဆန္ဒပြည့်ဝသည်ဟု ဆိုရပါမည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များအတွင်း မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံများအား တက်ရောက်ဆွေးနွေးခွင့် ရရှိခဲ့ပါသည်။ ထို့အပြင် ရုရှားနိုင်ငံ မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့များ အခြေစိုက်အကြံပေးပညာရှင်အဖွဲ့များ (Think Tanks) ဖြင့်လည်း တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံ သံတမန်လမ်းကြောင်းသွယ် (၂) (Track 2 Diplomacy) တိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
(၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ တက်ရောက်ခြင်း
စာရေးသူသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သော (၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ (The XI Moscow International Security Conference – XI MCIS) အား ဒုတိယအကြိမ်အဖြစ် တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ နှစ်စဉ် ပြုလုပ်ကျင်းပသော ၎င်းညီလာခံအား ယခုနှစ်တွင် မော်စကိုမြို့တော်အနီး ကူဘင်းကာရှိ ရုရှားတပ်မတော် မျိုးချစ်ပန်းခြံ (The Patriot Park) ရှိ Cosmos Hotel တွင် ပြုလုပ်ခြင်း ဖြစ်ပါသည်။
အဆိုပါ မော်စကို နိုင်ငံတကာ လုံခြုံရေး ညီလာခံ (The XI Moscow Conference on International Security) သို့ နိုင်ငံပေါင်း (၂၀) မှ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် (၂၀) ဦး၊ နိုင်ငံ (၁၆) နိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် (၁၆) ဦး၊ နိုင်ငံ (၁၂) နိုင်ငံမှ ညွှန်ကြားရေမှူးအဆင့် ပုဂ္ဂိုလ် (၁၂) ဦးနှင့် အကြံပေးပညာရှင်အဖွဲ့ (Think Tanks) များမှ တာဝန်ရှိပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်းအင်အား (၈၀၀) ကျော် တက်ရောက်ပါသည်။ မြန်မာနိုင်ငံမှ တက်ရောက်ကြသူများမှာ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးအဖွဲ့ဝင်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး ဦးဆောင်သည့် အကြံပေးပညာရှင်အဖွဲ့များဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တို့ ဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အဖွင့်မိန့်ခွန်းအား Video Message ပေးပို့ပြီး ကာကွယ်ရေးဝန်ကြီးက အဖွင့်မိန့်ခွန်း ပြောကြားပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Plenary Session 2 – Security in Asia-Pacific Region တွင် အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု ခေါင်းစဉ်ဖြင့် Video File ပေးပို့ ဆွေးနွေးပါသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အဖွင့်မိန့်ခွန်းတွင် ၎င်းက ဝင်ရိုးစုံ ဗဟုကမ္ဘာ့အစီအစဉ် (Multipolar World Order) သည် တဖြည်းဖြည်း ပုံသဏ္ဍန်ပြောင်းလဲလာသည်ကို တွေ့မြင်ရပါကြောင်း၊ နိုင်ငံအများစုသည် ၎င်းတို့၏ အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာတည်ဆောက်ထားကြပြီး၊ ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား၊ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံတို့ကို ကာကွယ်ရန် အဆင်သင့်ဖြစ်နေကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးဗဟိုချက် အသစ်များသည် ၎င်းတို့၏ရပ်တည်မှုကို ခိုင်မာစေရန် လုပ်ဆောင်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားသွားသည်။ ဆက်လက်ပြီး သမ္မတပူတင်က ကမ္ဘာပေါ်ရှိ အခြားဒေသများတွင်လည်း တင်းမာမှုများ ရှိနေကြောင်း၊ ဒေသတိုင်းသည် ၎င်းတို့ရင်ဆိုင်နေရသော လုံခြုံရေးစိန်ခေါ်မှုများအလိုက် ထူးခြားချက်များ ရှိနိုင်သော်လည်း ဤပြဿနာများအားလုံးသည် အနောက်နိုင်ငံများ၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ မဆင်မခြင် လုပ်ဆောင်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ကိုလိုနီလက်သစ်လုပ်ရပ်များမှ ပေါက်ဖွားလာခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားပါသည်။ ၎င်းတို့အနေဖြင့် နိုင်ငံတကာဥပဒေ၊ အချုပ်အခြာအာဏာနှင့် တန်းတူညီမျှမှု၊ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်ကိုးစားမှုတို့အပေါ် အခြေခံသည့် ဝင်ရိုးစုံ ဗဟုကမ္ဘာအပေါ်တွင် အခိုင်အမာရပ်တည်နေကြောင်းလည်း ပြောကြားသွားပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မျက်နှာစုံညီ အစည်းအဝေးအစီအစဉ် ဒုတိယပိုင်း – အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး (Plenary Session 2 – Security in Asia-Pacific Region) တွင် အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု ခေါင်းစဉ်ဖြင့် Video File ပေးပို့ ဆွေးနွေးရာ အာရှ-ပစိဖိတ်ဒေသသည် လူဦးရေများပြားခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အချက်အချာကျနေခြင်းတို့အပြင် လုံခြုံရေးအပါအဝင် ကဏ္ဍမျိုးစုံ၌ အရေးပါသည့် ဒေသဖြစ်လာသည့်အတွက် အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနှင့် NATO အဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ် စိတ်ဝင်စားမှု မြင့်တက်လာပြီး ဒေသတွင်းနိုင်ငံများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါကြောင်း။ ကပ်ရောဂါဖြစ်ပွားမှု၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ မဖြေရှင်းနိုင်သေးသည့် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများနှင့် လတ်တလောပေါ်ပေါက်နေသော အရေးအခင်းများ၏ ပေါင်းစပ်သက်ရောက်မှုများကြောင့် မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ အနေအထားသည် ကြီးမားစွာ ကွဲပြားကွာဟမှုများနှင့် တွေ့ကြုံနေရပြီး လုံခြုံရေးကဏ္ဍတွင်လည်း အပြိုင်အဆိုင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှုများနှင့်အတူ ကြီးမားသည့် အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ တည်ငြိမ်လုံခြုံမှု ပိုမိုလျော့နည်းလာသည့် ကမ္ဘာ့အနေအထားသည် အာရှ-ပစိဖိတ်ဒေသကြီး၏ လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများ၌ သိသာထင်ရှားသည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အနေအထား မတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့မှတစ်ဆင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကို လျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများသည် အထူးအရေးကြီးသည့် ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ အပြန်အလှန်ဆွေးနွေးမှုများကို မြှင့်တင်ခြင်း၊ ပဋိပက္ခဖြေ ရှင်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးခြင်း၊ စီးပွားရေး ပေါင်းစည်း ဆောင်ရွက်မှုများကို တိုးမြှင့်စေခြင်းနှင့် နိုင်ငံအများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးကျင့်သုံးခြင်းများသည် အာရှ-ပစိဖိတ်ဒေသအတွက် စိန်ခေါ်မှုများအား ရင်ဆိုင်ရာ၌ အထောက်အကူဖြစ်စေသည့်အပြင် မရေရာမတည်ငြိမ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် အနေအထားအား တည်ငြိမ်အေးချမ်းပြီး သာယာဝပြောမှုတို့ကို ပြန်လည်ဖော်ဆောင် နိုင်ရန်အတွက်လည်း ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း ထည့်သွင်းဆွေးနွေးပါသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးက မိမိတို့မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသ အများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်ထားနိုင်ပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရား မျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း လုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက် ရှိသည်ကို ပြောကြားလိုပါကြောင်း၊ အာဆီယံဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ တို့ကို ပေါင်းကူးပေးသည့် နေရာတွင်ရှိပြီး အာရှ-ပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ် တည်ရှိလျက်ရှိပါကြောင်း၊ အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသကြီး တစ်ခုလုံး၏ တည်ငြိမ် အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင် အာရှ-ပစိဖိတ် ဒေသတွင်း နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင် ဆောင်ရွက်ကာ ကျော်လွှားတုံ့ပြန်သွားကြရမည် ဖြစ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား အငြင်းပွားမှုများနှင့် ပြဿနာများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားရမည်ဖြစ်ပြီး ရရှိလာသော အခွင့်အလမ်းများကို အမိအရအသုံးချ၍ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးသွားကြောင်း တွေ့ရှိရပါသည်။
ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးပွဲ (Expert Discussion Club) တွင် ပါဝင်ဆွေးနွေးခြင်း
စာရေးသူအနေဖြင့် ၎င်းညီလာခံ၏ ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးပွဲ (Expert Discussion Club) တွင် Myanmar’s Perspectives on The Future Challenges of Global and Regional Security ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအား ရုရှားတပ်မတော် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရုံး ဒုတိယအရာရှိချုပ် (၁) (First Deputy Chief of the Main Directorate for International Military Cooperation) ဗိုလ်ချုပ် Yevgeny Ilyin က Moderator အဖြစ် ဆောင်ရွက်ပြီး နိုင်ငံတကာမှ ပညာရှင် (၃၀) ဦးတို့က အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် လုံခြုံရေး အခင်းအကျင်းဆိုင်ရာတို့အား ဆွေးနွေးခဲ့ကြပါသည်။
စာရေးသူက ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုသို့ ရင်ဆိုင်ရာတွင် သမားရိုးကျ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Traditional Security Threats) သာမက သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Non – traditional Security Threats) လည်း ပါဝင်ကြောင်း ထိုစိန်ခေါ်မှုများအနက် အကြမ်းဖက်မှုများ၊ ဆိုင်ဘာလုံခြုံရေးခြိမ်းခြောက်မှုများ၊ ရာသီဥတုပြောင်းလဲခြင်း၊ ကပ်ရောဂါများ ကူးစက်ဖြစ်ပွားခြင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် ရွှေ့ပြောင်းသွားလာ နေထိုင်မှုများနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးတို့သည်လည်း အပါအဝင်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့သော စိန်ခေါ်မှုများသည် ကမ္ဘာလုံးနှင့် ဒေသတွင်း နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများပေါ် မူတည်ပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ကမ္ဘာကြီးသည် အပြန်အလှန် ပိုမိုယှက်နွယ်ဆက်သွယ်လာနေသည်နှင့်အမျှ နယ်ပယ်အသီးအသီးတွင် လိုက်လျောညီထွေမှု ဖြစ်ရန် လုပ်ဆောင်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ဖြင့် အနာဂတ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမြင်ကွင်းအား သတ်မှတ်ဖော်ဆောင် လာနိုင်မည်ဖြစ်သည်။ နည်းပညာတိုးတက်မှုများအား လက်ခံခြင်း၊ ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းခြင်း၊ လူမှုရေးနှင့် စီးပွားရေးတည်ငြိမ်မှုအား မြှင့်တင်ခြင်းနှင့် ကောင်းမွန်ထိရောက်သော အုပ်ချုပ်မှုပုံစံများ ထူထောင်ခြင်းတို့သည် ပိုမိုကျယ်ပြန့်သော လုံခြုံရေးမူဘောင်၏ အရေးကြီးသောအစိတ်အပိုင်းများ ဖြစ်ပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ပဋိပက္ခနှင့် မတည်မငြိမ်ဖြစ်စေသော အခြေခံအကြောင်းရင်းမြစ်များအား ကိုင်တွယ်ဖြေရှင်ခြင်းဖြင့် လူသားမျိုးနွယ်စုအတွက် ပိုမိုလုံခြုံပြီး ခံနိုင်ရည်ရှိသည့် ကမ္ဘာသစ်ဆီသို့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
The International Military and Technical Forum “Army – 2023”
ညီလာခံနှင့် ဆက်စပ်ပြုလုပ်သည့် The International Military and Technical Forum “Army – 2023” စစ်လက်နက်ပစ္စည်းပြပွဲအားလည်း လေ့လာကြည့်ရှုခွင့် ရရှိခဲ့ပါသည်။ နည်းပညာသစ်များစွာအား မျက်ဝါးထင်ထင် လေ့လာကြည့်ရှုခွင့် ရရှိခဲ့ပါသည်။ ဥပမာအားဖြင့် နာမည်ကျော် Kalashnikov ကုမ္ပဏီပြခန်းသို့ လေ့လာရာတွင် ယူကရိန်းတွင် ဆင်နွှဲနေသော အထူးစစ်ဆင်ရေးအတွင်း ရုရှားစစ်သည်များ ဝတ်ဆင်နေကြသည့် ၎င်းကုမ္ပဏီထုတ် ပုံစံသစ် All-weather Field Uniform Kit (VKPO 3.0) အား တွေ့မြင်ခဲ့ရပါသည်။ ပြပွဲတွင် ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်း ကုမ္ပဏီများသာမက ဘီလာရုစ်၊ တရုတ်နှင့် အီရန်တို့၏ ပြခန်းများအားလည်း တွေ့မြင် လေ့လာခွင့် ရရှိခဲ့ပါသည်။ ယူကရိန်းတွင် ဆင်နွှဲနေသော အထူးစစ်ဆင်ရေးအတွင်းမှ သိမ်းဆည်းရမိသည့် အနောက်နိုင်ငံလုပ် စစ်လက်နက်၊ ယာဉ်ယန္တရားများအားလည်း ပြသထားကြောင်း လေ့လာသိရှိရပါသည်။
တွေ့ဆုံဆွေးနွေးမှုများ
မော်စကိုမြို့သို့ ရောက်ရှိနေစဉ်အတွင်း စာရေးသူဦးဆောင်သော မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ သိပ္ပံအကယ်ဒမီကြီးအောက်ရှိ The Institute of China and Contemporary Asia of the Russian Academy of Sciences (ICCA RAS) ၏ တာဝန်ရှိသူများနှင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့က ICCA RAS ရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ၂၀၂၃ ခုနှစ်အတွက် နှစ်ဖက်သဘောတူညီထားသော လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်မူဘောင်အတွင်းမှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းအချို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အကြံပေးပညာရှင်အဖွဲ့များ အချင်းအချင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာလာစေရန် လုပ်ဆောင်နိုင်ခဲ့ပါသည်။
သွားရောက်လေ့လာမှုများ
ခရီးစဉ်အတွင်း ရုရှားတပ်မတော် ပင်မ ဘုရားရှိခိုးကျောင်းတော် (The Main Cathedral of the Russian Armed Forces) ဝင်းအနီးရှိ မဟာမိတ် လမ်းသွယ် (Allies’ Alley) တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က မြန်မာနှင့် ရုရှားကာကွယ်ရေးဝန်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည့် မြန်မာတို့၏ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒီများကို တွန်းလှန် တိုက်ခိုက်အောင်မြင်ခဲ့မှု အထိမ်းအမှတ်အနေဖြင့် ထုလုပ်ပုံဖော်ထားသည့် ရုပ်တုအားလည်း သွားရောက် အလေးပြုခွင့်ရရှိခဲ့ပါသည်။ ထိုရုပ်ထုအား မဟာမိတ် မြန်မာစစ်သည်တော်များဟု ခေါ်တွင်ကြောင်းလည်း သိရှိရပါသည်။ ထိုရုပ်ထုကို သွန်းလောင်း ထုလုပ်သူမှာ Military Artists Studio named after M.B. Grekova မှ A.D. Chebannenko ဖြစ်ကြောင်း သိရှိရပါသည်။ Military Artists Studio named after M.B. Grekova သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စစ်ပွဲပုံတူ ရုပ်တုများ ထုလုပ်ရာ နာမည်ကျော် စတူဒီယိုတစ်ခုဖြစ်ကြောင်းလည်း လေ့လာသိရှိရပါသည်။
အထိမ်းအမှတ်ရုပ်တုသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအား ရည်စူးအောက်မေ့ သတိရစေရန်အတွက် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ရုပ်တုဖွင့်ပွဲသည် နှစ်နိုင်ငံတပ်မတော်များအကြား ကာကွယ်ရေးနှင့် ယဉ်ကျေးမှုကူးလူး ဆက်နွယ်မှု၊ သမိုင်းကြောင်းအရ ဆက်နွယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ညွှန်းလျက်ရှိကြောင်း တွေ့ရှိနိုင်ပါသည်။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး အခြေအနေများ သည် မည်သူမျှ ကြားဝင်ဖျက်ဆီး၍မရနိုင်သလို မြန်မာ – ရုရှား နှစ်နိုင်ငံသည် မဟာဗျူဟာ မိတ်ဖက်အနေဖြင့် ဆက်လက်တည်တံ့ ခိုင်မြဲနေမည် ဖြစ်ပါသည်။
ထို့အပြင် မော်စကိုရှိ အထင်ကရနေရာများဖြစ်သည့် ရင်ပြင်နီနှင့် ကရင်မလင်နန်းတော်၊ ရုရှားတပ်မတော် ပင်မ ဘုရားရှိခိုးကျောင်းတော်၊ ပြတိုက်အဖြစ် ပြောင်းလဲထားသည့် စစ်အေးတိုက်ပွဲခေတ် နျူးကလီးယားဗုံးဒဏ်ခံ မြေအောက်ဘန်ကာ (Bunker 42)၊ Victory Park နှင့် Victory Museum စသည့်နေရာများအား သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။
စစ်အေးတိုက်ပွဲခေတ် နျူးကလီးယားဗုံးဒဏ်ခံ မြေအောက်ဘန်ကာ (Bunker 42) အား လေ့လာခြင်း
ဤနေရာတွင် အလျင်းသင့်သည့်အတွက် စစ်အေးတိုက်ပွဲကာလက အမိန့်ပေးကွပ်ကဲရေး စင်တာအဖြစ် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြတိုက်အဖြစ် ဖွင့်လှစ်ပြသထားသည့် Bunker 42 အား သွားရောက် လေ့လာခဲ့သည့်အကြောင်းအား တင်ပြချင်ပါသည်။ ၎င်းဘန်ကာသည် မြေအောက် ၆၅ မီတာ (၂၁၃ ပေ) အနက်မှာ တည်ရှိပြီး အကျယ်အဝန်း စတုရန်းမီတာ ၇၀၀၀ (စတုရန်းပေ ၇၅၀၀၀) ရှိပါသည်။ မော်စကို မြေအောက်ရထား ဘူတာရုံ “Taganskaya” အနီးတွင် တည်ရှိပြီး အဆိုပါဘူတာရုံနှင့် မြေအောက်က ဆက်သွယ်ထားသော လမ်းလည်း ရှိပါသည်။ မြေအောက်ဘန်ကာကို ဥမင်လိုဏ်ခေါင်း (၄) ခုဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။ အမေရိကန်အပါအဝင် အနောက်အုပ်စုနှင့် ဖြစ်ပွားသော စစ်အေးတိုက်ပွဲ အစောပိုင်းကာလ ၁၉၅၁ တွင် စတင်ဆောက်လုပ်ကြောင်း သိရှိရပါသည်။ မော်စကိုမြို့တွင်း မြေအောက်ရထားလိုင်း (Moscow Metro) ဆောက်လုပ်ရာတွင် အသုံးပြုသည့် နည်းလမ်းများ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း လေ့လာသိရှိရပါသည်။
စတင်တည်ဆောက်စဉ်က လူရာပေါင်းများစွာသည် မြေအောက်တွင် လပေါင်းများစွာ နေထိုင်ကာ တူးဖော်တည်ဆောက်နေကြသော်လည်း အနီးရှိ ရပ်ကွက်တွင် နေထိုင်သူများအနေဖြင့် လုံးဝ ရိပ်မိသိရှိခြင်း မရှိဟု သိရှိရပါသည်။ ၎င်းရပ်ကွက်တွင်း နေထိုင်သူများသည် စစ်မှုထမ်း မိသားစုများ ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။ ဆိုဗီယက်ခေါင်းဆောင် စတာလင်အနေဖြင့် ထိုဘန်ကာ၏ပုံစံအား အတည်ပြုပေးခဲ့သော်လည်း တည်ဆောက်ပြီးစီးချိန်အား မမီခဲ့ပဲ ကွယ်လွန်သွားပါသည်။
၁၉၅၆ ခုနှစ်အရောက်တွင် ဘန်ကာ – ၄၂ သည် မော်စကိုလေကြောင်းရန် ကာကွယ်ရေးခရိုင် (PVO) ဆက်သွယ်ရေးစင်တာ၏ အရေးပေါ်ကွပ်ကဲမှုဌာနချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဘန်ကာ – ၄၂ ဆိုသည်မှာ ဆက်သွယ်ရေးစက်အခေါ်အဖြစ် သတ်မှတ်ထားသာ နံပါတ်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ထိုဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေကြသူများအား ၂၄ နာရီ တစ်ဆိုင်းအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်စေပါသည်။ ဤသည်မှာ တာဝန်ကျ ဝန်ထမ်းများ နိုးကြားနေစေရန်နှင့် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဖိစီးခြင်းမှ ကင်းဝေးစေရန်တို့အတွက် အဆိုင်းအတိုများဖြင့် လုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၁၉၆၀ ပြည့်နှစ်များအတွင်း နျူကလီးယား တိုက်ခိုက်မှုအတွင်း အချိန်ကြာမြင့်စွာ ဆက်လက်လည်ပတ်ရန် လိုအပ်သည့်အရာအားလုံးဖြစ်သည့် သန့်ရှင်းသော သောက်သုံးရေ ပံ့ပိုးပေးရန်အတွက် မြေအောက် အဝီစိတွင်း နှစ်တွင်း၊ ရိက္ခာနှင့် လောင်စာဆီတို့အား ဖြည့်ဆည်းပေးခဲ့ပါသည်။ လူဦးရေ ၆၀၀ သည် ပြင်ပက အထောက်အပံ့ မလိုအပ်ပဲ ရက်ပေါင်း (၃၀) ကြာ နေထိုင်လုပ်ကိုင်နိုင်သည်ဟု သိရှိရပါသည်။
အကယ်၍ လိုအပ်လာပါက အနီးတွင် တည်ရှိနေသော Taganskaya မြေအောက်ဘူတာဖြင့် ဆက်သွယ်ထားသည့် လမ်းကြောင်းက တစ်ဆင့်ရယူနိုင်ပါသည်။ မော်စကို မြေအောက်ရထားလိုင်းနှင့် နီးကပ်နေသည် ဖြစ်သည့်အတွက် မြေအောက်ရထား ဖြတ်သန်းသွားသော အသံအား အချိန်တိုင်းလိုလို ကြားနေရပါသည်။
၂၀၀၆ ခုနှစ်အရောက်တွင်မှ အစိုးရက ပုဂ္ဂလိကအား ပြတိုက်အဖြစ် လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။ စတင်ဖွင့်လှစ်စဉ်က နိုင်ငံခြားသားများ ဝင်ရောက်ကြည့်ရှုခွင့် မရှိဟုလည်း သိရှိရပါသည်။ ဘန်ကာ – ၄၂ ပြတိုက်၏ ဝင်ကြေးသည် နိုင်ငံခြားသားများအတွက် ရူဘယ် ၃၀၀၀ (အမေရိကန်ဒေါ်လာ ၃၀) (စကားပြန်အတွက် အခမဲ့) နှင့် နိုင်ငံသားများအတွက် ရူဘယ် ၂၀၀၀ ဖြစ်သောကြောင့် ရုရှားတွင်တော့ အမြင့်ဆုံးဟု ဆိုနိုင်ပါသည်။
ပြတိုက်အတွင်း လေ့လာရေးခရီးသည် စိတ်ဝင်စားစရာကောင်းလှပါသည် စစ်အေးတိုက်ပွဲခေတ် ရုရှားလေတပ် အရာခံဗိုလ်ဝတ်စုံ ဝတ်ဆင်ထားသော ပြတိုက်တာဝန်ခံတစ်ဦးက လိုက်လံ ရှင်းလင်းပြသပါသည်။ ဆိုဗီယက်ခေါင်းဆောင် စတာလင်အတွက် ရုံးခန်း၊ အစည်းအဝေးခန်းနဲ့ စစ်ဆင်ရေးခန်းမများအား ပြသပါသည်။ စစ်ဆင်ရေးခန်းမကနေ အမိန့်ပေးမှုဖြင့် ရုရှား နျူးကလီးယားဒုံပျံ ပစ်ခတ်မှု သရုပ်ဖော်နှင့် နျူးကလီးယားဖြင့် တိုက်ခိုက်ခံရမှုကြောင့် မြေအောက်ဘန်ကာအတွင်း ဖြစ်ပျက်သွားပုံ သရုပ်ဖော်မှုတို့၏ အသက်ဝင်မှုသည် လေ့လာကြည့်ရှုသူများအား စစ်အေးတိုက်ပွဲကာလသို့ ပြန်လည် ခေါ်ဆောင်သွားသကဲ့ပင် အသက်ဝင်လှပါသည်။ ပြန်အထွက်က မြေအောက်ဘန်ကာတစ်ခုအား စားသောက်ဆိုင်၊ အခမ်းအနားကျင်းပရာ ခန်းမ၊ သီးသန့်အစည်းအဝေးခန်းများအဖြစ် ပြုပြင်ပြောင်းလဲထားကြောင်း တွေ့ရပါသည်။ ရုရှားအား သွားရောက်လည်ပတ်သူများအနေဖြင့် လေ့လာကြည့်ရှုသင့်သည့် နေရာတစ်ခု ဖြစ်ပါသည်။
နိဂုံး
(၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ (The XI Moscow International Security Conference – XI MCIS) သည် ကမ္ဘာအခင်းအကျင်းသစ်တွင် ကြုံတွေ့နေရသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအား နိုင်ငံတကာမှ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အကြံပေးပညာရှင်များ ဆွေးနွေးဖလှယ်ကြသည့် အဆင့်မြင့်ညီလာခံတစ်ခုဖြစ်ပါသည်။ မိမိတို့အနေဖြင့်လည်း နိုင်ငံတကာအတွေ့အကြုံများကို အခြေခံကာ မိမိတို့နိုင်ငံတော်ကာကွယ်ရေးအတွက် သင်ခန်းစာရယူနိုင်သည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ယခုခရီးစဉ်အတွင်း သံတမန်လမ်းကြောင်းသွယ် ၂ (Track 2 Diplomacy) တွင် အရေးပါသည့် မြန်မာနှင့် ရုရှား နှစ်နိုင်ငံ အကြံပေးပညာရှင်အဖွဲ့များ (Think Tanks) များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာလာစေရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုခရီးစဉ်အား စီစဉ်စေလွှတ်ပေးပါသော နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရီးစဉ်အတွင်း လိုက်ပါကူညီပေးပါသော ပညာတော်သင် အရာရှိများ၊ ဖိတ်ကြားပါသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့