(၁၈) လကြာ ရုရှား – ယူကရိန်းစစ်ပွဲ (သို့မဟုတ်) ပုံစံသစ် ကမ္ဘာစစ်အား လေ့လာခြင်း အပိုင်း (၃)

0

(သုတကမ္ဘာဂျာနယ် အတွဲ (၆) အမှတ် (၂၁) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

(၁၈) လကြာ ရုရှား – ယူကရိန်းစစ်ပွဲ (သို့မဟုတ်) ပုံစံသစ် ကမ္ဘာစစ်အား လေ့လာခြင်း အပိုင်း (၃)

ရုရှား – ယူကရိန်း စစ်ပွဲသည် ကမ္ဘာစစ်တစ်ခု စတင်ခြင်းလော

ကမ္ဘာစစ်တစ်ခုအား သမာရိုးကျ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတစ်ခုအတွင်း အင်အားကြီးနိုင်ငံ အများအပြား ပါဝင်ပတ်သက်နေခြင်း ဖြစ်သည်။ သို့သော် ယူကရိန်းစစ်ပွဲသည် တတိယကမ္ဘာစစ်ကြီး၏အစ ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ မကြာခင်အချိန်ကာလအထိ ထိုအချက်မှန်ကန်မှုနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်မှုများ ရှိနေပါသည်။ ရုရှား – ယူကရိန်းစစ်ပွဲသည် ဘက်မညီစစ် ဖြစ်ပါသည်။ ယူကရိန်းဘက်မှ နေတိုး၊ အီးယူနှင့် အခြားနိုင်ငံများက ထောက်ပံ့ကူညီနေကြပြီး ရုရှားဘက်တွင် နိုင်ငံအနည်းငယ်ကသာ ထိထိရောက်ရောက် ပါဝင်ကူညီနေကြောင်း တွေ့ရပါသည်။ ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေကြခြင်း မဟုတ်သော်လည်း စစ်ပွဲအတွက် လိုအပ်သည့် အကူအညီအထောက်အပံ့များအား နည်းလမ်းပေါင်းစုံဖြင့် ယူကရိန်းက ရရှိနေပါသည်။ ထို့ကြောင့် ရုရှားတစ်နိုင်ငံတည်းက နိုင်ငံအများအပြားအား ပုံစံတစ်မျိုးဖြင့် ရင်ဆိုင်နေရခြင်းဟု မှတ်ယူနိုင်ပါသည်။ ပုံစံသစ်ဖြင့် ဆင်နွှဲနေသည့် ကမ္ဘာစစ်တစ်ခုဟု မှတ်ယူနိုင်ပါသည်။ အမေရိကန်အနေဖြင့် ၎င်း၏ ကာကွယ်ရေးဘတ်ဂျက် ၁၀ ရာခိုင်နှုန်းခန့် ကိုယ်ပွားစစ်ပွဲ (Proxy War) အတွက် ခွဲဝေအသုံးပြုမည်ဆိုပါက အမေရိကန်စစ်သည်တစ်ဦး တစ်ယောက်မျှပင် စစ်မြေပြင်သို့ ခြေချရန် မလိုအပ်ပဲ ရုရှားတပ်မတော်အား ချေမှုန်းနိုင်လိမ့်မည်၊ ထိုသို့ဆိုလျှင် ကမ္ဘာစစ်ပုံစံမဟုတ်ဟု သုံးသပ်မှုများလည်း ရှိနေပါသည်။ ဤသုံးသပ်ချက်မှာ မှန်ကန်ပါ၏လော။

မကြာခင်က ပြင်သစ်ပညာရှင် Emmanuel Todd ၏ သုံးသပ်ချက်တစ်ခု ထွက်ပေါ်လာပါသည်။ ၎င်းက ယူကရိန်းစစ်ပွဲသည် ကမ္ဘာစစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုစစ်ပွဲသည် ရုရှားနှင့် အမေရိကန်တို့၏ ဖြစ်တည်မှု ဖြစ်ပြီး နှစ်ဦးနှစ်ဘက်လုံးအနေဖြင့် တပ်ခေါက် နောက်ဆုတ်၍ မရနိုင်တော့ပေ။ ယခုစစ်သည် ရုရှား၏ ဖြစ်တည်မှုဆိုသည်မှာ သက်သေပြသရန်ပင် မလိုအပ်တော့ဘဲ ပကတိရှင်းလင်းနေပြီးသား ဖြစ်ပါသည်။ ထိုသို့ဆိုလို အမေရိကန်၏ ဖြစ်တည်မှုမှာ အဘယ်သို့နည်း၊ ကမ္ဘာစစ်ကြီးတစ်ခုအတွက် အချက်ပြနေခြင်းလား။ ယူကရိန်းစစ်ပွဲသည် အမေရိကန်၏ ဖြစ်တည်မှုအတွက် ဖြစ်ကြောင်း အောက်ပါအချက်များက သက်သေထူနေပါသည်။

နေတိုးအဖွဲ့ဝင် မဟာမိတ်များက အမေရိကန်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေကြသော်လည်း ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံများမှာ ထိုသို့မဟုတ်ပါ။ ၎င်းတို့၏ တုံ့ပြန်မှုမှာ ပိုမိုဒွိဟဖြစ်စရာများ ရှိနေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် (၇၀) ရာခိုင်နှုန်းသော ကမ္ဘာ့လူဦးရေက အမေရိကန်ဘက်တွင် မရှိကြပါ။ ယခုစစ်ပွဲသည် ဖွံ့ဖြိုးဆဲကမ္ဘာတွင် အမေရိကန်အား ဆန့်ကျင်သည့် လူထုသဘောထားအား ပုံဖော်လာသည်ကို တွေ့နိုင်သည်။ အရေးကြီးဆုံးအချက်မှာ တရုတ်သည် ရုရှားဘက်မှ ရပ်တည်နေခြင်း ဖြစ်သည်။ ရုရှားနှင့် တရုတ်တို့တွင် အမေရိကန် ဗိုလ်ကျစိုးမိုးမှု ကွယ်ပျောက်သွားစေရန်ဟူသော တူညီသည့် အကျိုးစီးပွားဆန္ဒ ရှိနေသည်။ ထိုနှစ်နိုင်ငံသာ ပူးပေါင်းသွားမည် ဆိုပါက အလွန်အင်အားတောင့်တင့်းသော မဟာမိတ် ဖြစ်လာမည်။ ယခုစစ်ပွဲသည် ထိုနှစ်နိုင်ငံအား ပိုမိုနီးကပ်သော မဟာမိတ်များ ဖြစ်လာစေရန် မီးထိုးပေးနေသည်ဟု ဆိုနိုင်သည်။ ရုရှား၏ ယူကရိန်းတွင် အောင်မြင်မှုသည် တရုတ်၏ တိုင်ဝမ်အပေါ် သဘောထားပြောင်းလဲလာနိုင်မှုအပေါ်တွင်လည်း လွှမ်းမိုးထားသည်။ အခြားသော ထွန်းသစ်စ အင်အားကြီးနိုင်ငံများအနေဖြင့်လည်း အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှုအပေါ် စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။ အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှု ဆုတ်ယုတ်ကျဆင်းလာကြောင်း သတင်းစကားလည်း ဖြစ်ပါသည်။ အမေရိကန်က အရေးယူပိတ်ဆို့ထားသော်လည်း အိန္ဒိယသည် ရုရှားထံမှ ရေနံအမြောက်အမြားကို ဆက်လက်ဝယ်ယူလက်ရှိပါသည်။ မကြာမီ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်လာမည့် အိန္ဒိယအနေဖြင့် ၎င်း၏ မဟာမိတ် အမေရိကန်အပေါ် နှစ်ဘက်ခွ ဆက်ဆံနေသည်ဟု ထင်မြင်ယူဆဖွယ် ဖြစ်ပါသည်။

ယနေ့ခေတ်တွင် စစ်ပွဲတစ်ရပ်ဆင်နွှဲကြသည် ဆိုရာတွင် စစ်ရေးဆိုင်ရာ ရင်ဆိုင်တိုက်မှုများချည်း သက်သက်ထက်စာလျှင် ဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံ အသုံးပြုဆင်နွှဲကြပါသည်။ ယင်းကို ရောပြွန်းစစ်ပွဲ (Hybrid Warfare) ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ခေတ်သစ် ရောပြွန်းစစ်ပွဲအဓိပ္ပါယ်ဖွင့်ဆိုအရဆိုလျှင် ယခုစစ်ပွဲအား ကမ္ဘာစစ်ကြီးတစ်ခုဟု သတ်မှတ်နိုင်ပါသည်။ ရောပြွန်းစစ်ပွဲတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

– အင်တာနက် လုံခြုံရေး ချိုးဖောက် ဝင်ရောက်မှုများနှင့် ဆိုင်ဘာတိုက်ခိုက်မှုများ၊

– သတင်းမှားများ ထုတ်လွှင့်ခြင်း (ဥပမာ – ရွေးကောက်ပွဲအား အကွက်ဆင် ကုလားဖန်ထိုး လိမ်လည်ရန် သို့မဟုတ် ရွေးကောက်ပွဲ ရလဒ် ပြောင်းလဲသွားစေရန် သတင်းစစ်ပွဲ ဆင်နွှဲခြင်း)၊

– Kompromat (နိုင်ငံရေးသမားတစ်ဦး သို့မဟုတ် အခြား ဩဇာလွှမ်းမိုးမှုရှိသူတစ်ဦးအား ခြိမ်းခြောက် အပေးအယူပြုလုပ်၍ သတင်းအချက်အလက်ရယူခြင်း)၊

– ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်း (နယ်စပ် ကုန်စည် စီးဆင်းမှုအား ပိတ်ဆို့ခြင်း) နှင့်

– ငွေကြေးဆိုင်ရာ စစ်ပွဲ ဆင်နွှဲခြင်း (အရန်ငွေကြေးအား ပိတ်ဆို့ထားခြင်း၊ SWIFT ကဲ့သို့ ပလက်ဖောင်းများတွင် ပါဝင်လုပ်ဆောင်မှုအား ဖယ်ထုတ် ပိတ်ပင်ခြင်း) တို့ ဖြစ်သည်။

တန်ပြန်လုပ်ဆောင်မှုများအဖြစ် စက်သုံးဆီ ဝယ်ယူမှုများအတွက် တရုတ်ယွမ် သို့မဟုတ် ရွှေဖြင့် ပေးချေမှုစနစ်များဖြင့် အစားထိုး လုပ်ဆောင်လာကြသည်။ ယင်းက အမေရိကန်ဒေါ်လာအား ကမ္ဘာ့အရန်ငွေကြေးအဆင့်အတန်းမှ လျော့ကျစေသည်။ အမေရိကန်အနေဖြင့် လည်ပတ်သုံးစွဲနေသော ကမ္ဘာ့အရန် ငွေကြေးအဖြစ် ထရီလီယံနှင့်ချီသော ငွေစက္ကူများအား ရိုက်ထုတ်ရန် သမိုင်းတစ်လျှောက် မတန်တဆ အခွင့်ထူးအား ရရှိခဲ့သည်။ ဥပမာအားဖြင့် မကြာသေးမီက ဆော်ဒီအာရေးဗီးယားသည် ရေနံအား တရုတ်ယွမ်ငွေဖြင့် ရောင်းချသွားရန် သဘောတူညီခဲ့ရာ အမေရိကန်ဒေါ်လာအား ကမ္ဘာ့အရန်ငွေကြေး အဆင့်အတန်းမှ အားနည်းသွားစေခဲ့ပါသည်။

ရုရှား – ယူကရိန်းစစ်ပွဲသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ဗိုလ်ကျစိုးမိုးနေမှုအား ပျောက်ကွယ်သွားရန် လုပ်ဆောင်မည့် အင်အားစုများအား မွေးထုတ်ပေးနိုင်ခဲ့သည်။ စစ်ပွဲတွင် ရုရှားက အနိုင်ရရှိခြင်း သို့မဟုတ် ယူကရိန်း၏ ပြည်နယ်လေးခုအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုမို လွတ်မြောက်အောင် ပြုလုပ်နိုင်ခြင်းသည် အမေရိကန်၏ အင်အားအကန့်အသတ်ကို ဖော်ညွှန်းနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် အမေရိကန်အင်အား ဆုတ်ယုတ်လာခြင်းကို ပြသခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် Todd ၏ အဆိုမှန်ကန်ကြောင်း တွေ့နိုင်သည်။ ယူကရိန်းစစ်ပွဲသည် အမေရိကန်၏ ဖြစ်တည်မှု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဗိုလ်ကျစိုးမိုးမှုအား လျော့ကျစေသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အမေရိကန်၏ ပိုင်နက်နယ်နိမိတ်သည် ခြိမ်းခြောက်မှု ခံရခြင်း မရှိသည့်အတွက် ဖြစ်တည်မှုအား ခြိမ်းခြောက်နေသည်လားဟူသော မေးခွန်းလည်း ထွက်ပေါ်လာသည်။ ပထဝီနိုင်ငံရေး သုတေသီ Peter Zeihan က အမေရိကန်သည် ၎င်း၏ ပိုင်နက်နယ်နိမိတ်အတွင်း ပြန်လည်ဆုတ်ခွာ ဝင်ရောက်သွားပြီး အမေရိကခံတပ် (Fortress America) အဖြစ် ပြန်လည်ဖန်တီးသွားနိုင်သည်ဟု သုံးသပ်သည်။ ထို့ကြောင့် ယူကရိန်းစစ်ပွဲသည် အမေရိကန်၏ နယ်နိမိတ်တည်တံ့ခိုင်မြဲရေးအား ခြိမ်းခြောက်နေသည် မဟုတ်ဘဲ၊ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဗိုလ်ကျစိုးမိုးမှုဝါဒ၏ ဖြစ်တည်မှုအား ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

Todd သီအိုရီ၏ နောက်တစ်ပိုင်းမှာ တစ်ဘက်နှင့် တစ်ဘက် တပ်ခေါက် နောက်ဆုတ်၍မရ ဟူသောအချက်ဖြစ်သည်။ ယူကရိန်းစစ်ပွဲသည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး အလုံးစုံ ပျက်သုဉ်းသွားစေနိုင်သည့် နျူးကလီးယားစစ်ပွဲကြီးအဖြစ်သို့ အရှိန်မြှင့်တင် ရောက်ရှိသွားရန် အလားအလာရှိသော်လည်း နှစ်ဘက်လုံးက ယူကရိန်းနယ်မြေအတွင်းတွင်သာ ပဋိပက္ခဖြစ်ပွားရန် ထိန်းသိမ်းလုပ်ဆောင်နေကြကြောင်း တွေ့မြင်ရသည်။ ထိုအချက်အရ စစ်ပွဲသည် ဒေသတွင်း အကန့်အသတ်ဖြင့် ဆက်လက်ဖြစ်ပွားနေမည် ဖြစ်ကြောင်း သုံးသပ်နိုင်သည်။ ထို့အပြင် ကမ္ဘာ့ဒေသ တစ်နေရာရာတွင် အခြားသော ဒေသတွင်း ကန့်သတ်စစ်ပွဲတစ်ခု သို့မဟုတ် တစ်ခုထက် ပိုမို၍ ထပ်မံပေါ်ပေါက်လာနိုင်မှု ရှိမရှိအား လက်ရှိအချိန်တွင် ခန့်မှန်းခြင်း မပြုနိုင်သေးချေ။ အမှန်အတိုင်း သုံးသပ်ရမည် ဆိုလျှင် မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် ပိုမိုရှုပ်ထွေးပွေလီနေသော အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ရောပြွန်းစစ်ပွဲ၏ သွင်ပြင်လက္ခဏာများနှင့် ကန့်သတ်စစ်ပွဲများကြောင့် ကမ္ဘာကြီးအနေဖြင့် ငြိမ်းချမ်းမှု ရှိမနေပါ။ ပုံစံသစ်ဖြင့် ဖြစ်ပွားနေသော ကမ္ဘာစစ်၏ အစဦးပိုင်းအား ကြုံတွေ့နေရသည်ဟု ဆိုနိုင်ပါသည်။

နိဂုံး

စစ်အေးတိုက်ပွဲပြီးဆုံးချိန်တွင် ဒွိဝင်ရိုးကမ္ဘာ (Bipolar World) အဆုံးသတ်ပြီးနောက် အမေရိကန်ဦးဆောင်သည့် ဧကဝင်ရိုးကမ္ဘာသာ ကျန်ရှိခဲ့ပါသည်။ နောက်ပိုင်းတွင် ရုရှားနှင့် တရုတ်တို့ အင်အားကြီးထွားလာမှု၊ သဘောထားတူညီရာဖြစ်စေ၊ ပထဝီအနေအထားတူရာဖြစ်သော နိုင်ငံများစုပေါင်းပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစုအဖွဲ့များ (Regional Cooperation Organisations) (ဥပမာ Shanghai Cooperation Organisation (SCO), BRICS, BRICS Plus) ဖွဲ့စည်းလာခြင်းသည် ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) ဆီသို့ ဦးတည်လာခြင်း ဖြစ်ပါသည်။ ရုရှား၏ နိုင်ငံခြားရေးမူဝါဒမှာ ဗဟုဝင်ရိုးကမ္ဘာသို့ ဦးတည်ရာ လမ်းကြောင်းသွယ် (The Path to Multipolar World) ဖြစ်ပါသည်။ ရုရှား – ယူကရိန်းစစ်ပွဲသည် ဧကဝင်ရိုးကမ္ဘာနှင့် ဗဟုဝင်ရိုးကမ္ဘာတို့၏ ပြိုင်ဆိုင်မှုများအနက် တစ်ခုဖြစ်ကြောင်း တွေ့နိုင်ပါသည်။ လက်ရှိစစ်ပွဲတွင် ရုရှားအနေဖြင့် ယူကရိန်းတစ်နိုင်ငံတည်းကိုသာ ရင်ဆိုင်တိုက်ခိုက်နေရသည်မဟုတ်ဘဲ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ရင်ဆိုင်နေရသည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် စစ်မြေပြင်တစ်ခုတည်းတွင်သာ တိုက်ခိုက်နေသည်မဟုတ်ဘဲ ဆိုင်ဘာစစ်မြေပြင်၊ စီးပွားရေးစစ်မြေပြင်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ရင်ဆိုင်တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ သို့သော် စစ်ပွဲဖြစ်ပွားရခြင်း၏ မူလအကြောင်းရင်းခံဖြစ်သော ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံမပြုဟူသည့် တိကျသော အာမခံချက် မရမချင်း စစ်ပွဲမှာ ကြာရှည်နေမည့် သဘောဖြစ်ကြောင်း တွေ့နိုင်ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံနှင့် အနီးကပ်တည်ရှိနေခြင်းအား ရုရှားက လက်ခံနိုင်မည် မဟုတ်ပါ။ ရုရှားအနေဖြင့် ၎င်း၏ အမျိုးသားအကျိုးစီးပွား ထိခိုက်လာမှုအား ကာကွယ်ရန် တာဝန်ရှိပါသည်။ မိမိတို့နိုင်ငံအနေဖြင့်လည်း အနောက်နိုင်ငံကြီးများအပါအဝင် နိုင်ငံပေါင်းစုံ၏ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက် ဖိအားပေးခံနေရချိန် ဖြစ်ပါသည်။ လက်ရှိဖြစ်ပွားနေသော ရုရှား – ယူကရိန်းစစ်ပွဲအား ဘက်ပေါင်းစုံက သင်ခန်းစာဖော်ထုတ်ကာ မိမိတို့နိုင်ငံအတွက် အကျိုးရှိနိုင်သည်များကို အတုယူ သုံးစွဲသွားသင့်ပါသည်။ ပုံစံသစ်ဖြင့် ဖြစ်ပွားနေသော ကမ္ဘာစစ်ကြီးအတွင်း မိမိတို့နိုင်ငံ ရှင်သန်ရပ်တည်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ရေးသား ဖော်ပြအပ်ပါသည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

ရင်းမြစ်။

– Is Ukraine War the beginning of World War III? Les Nemethy, CEO and Founder of Euro-Phoenix Financial Advisors, Intellinews, January 23, 2023

– Russia’s War in Ukraine, What are the emerging military lessons? Strategic Survey 2022

– ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေး – (ရက်ပေါင်း ၄၄၀) – ယူကရိန်း တန်ပြန်ထိုးစစ်၏ အလားအလာ၊ အောင်သူရိန်

– စံချိန်ချိုးသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စစ်အသုံးစရိတ်၊ ဒေါက်တာနိုင်ဆွေဦး၊ ကမ္ဘာ့ရေးရာ အမှတ် (၂၀)၊ ဇွန် ၂၀၂၃

Share.

About Author

Leave A Reply