သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် မြန်မာနိုင်ငံ

0

(မြန်မာ့ရေးရာ အမှတ် (၂၃) ဧပြီ ၂၀၂၃ ပါ အထူးဆောင်းပါး ဖြစ်ပါသည်။)

သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် မြန်မာနိုင်ငံ

နိဒါန်း

၁။ မျက်မှောက်ခေတ်ကမ္ဘာကြီးသည် အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများကြောင့် တည်ငြိမ်မှု ပျက်ပြားလျက် ရှိနေပါသည်။ ထိုသို့ပြိုင်ဆိုင်မှုများသည် နိုင်ငံငယ်များအပေါ်တွင်လည်း များစွာထိခိုက်မှုများ ဖြစ်ပေါ်လာစေပါသည်။ ထိုကြောင့် ကမ္ဘာကြီး တည်ငြိမ်းအေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာကဏ္ဍအား သေချာစေ့ငုစွာ လေ့လာသုတေသနပြုရန် လိုအပ်လာပါသည်။ လုံခြုံရေးအား လေ့လာရာ၌ သမားရိုးကျ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Traditional Security Threats) နှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Non-Traditional Security Threats) ဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားလေ့လာကြပါသည်။ စစ်အေးတိုက်ပွဲ (Cold War) အပြီး ကမ္ဘာကြီးတွင် အနောက်အုပ်စုတစ်စုတည်းသာ ကျန်သည့်အခြေအနေတွင် ကမ္ဘာ့လုံခြုံရေးမျက်နှာစာတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါသည်။ အထူးသဖြင့် ၉/၁၁ ဖြစ်စဉ်အပြီးတွင် နိုင်ငံအများအကြား နိုင်ငံရေး၊ နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေး၊ အမျိုးသားလုံခြုံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူမှုရေးဆိုင်ရာ မူဝါဒများ ပြောင်းလဲလာပါသည်။ နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံရေးကဏ္ဍသည် မေ့ဖျောက်ထားရန် မဖြစ်နိုင်သော အရေးပါသည့် ဘာသာရပ်တစ်ခုဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲတစ်ရပ် ထပ်မံဖြစ်ပွားနေသည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်လျက် ရှိနေပါသည်။

သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ

၂။ ယနေ့ကမ္ဘာပေါ်တွင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများမှာ သမားရိုးကျ လုံခြုံရေးခြိမ်းခြောက်မှုများနည်းတူ ရှေ့တန်း ပိုမိုရောက်ရှိလာပါသည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအနက် ကိုဗစ်-၁၉ ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါများနှင့် အခြားကူးစက်ရောဂါများ၊ သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှုများ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးဆိုင်ရာ ပြဿနာများ၊ ဆင်းရဲမွဲတေမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင်လူကုန်ကူးမှုများ၊ လက်နက်မှောင်ခိုမှုများနှင့် အကြမ်းဖက်မှုများသည် မျက်မှောက်ကမ္ဘာကြီးအား ခြိမ်းခြောက်လျက်ရှိပါသည်။ အကြမ်းဖက်ဝါဒမှာ ရှေ့တန်းသို့ ရောက်ရှိလာပြီး Non-State Actor များ၏ ပါဝင်မှုမှာ ပိုမိုများပြားလာကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည်လည်း အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၏ ရိုက်ခတ်မှုအား ခံစားနေရသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။

၃။ မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများအား ပေါင်းကူးပေးထားသည်။ ထို့အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ပထဝီမဟာဗျူဟာအရ အရေးပါသောနေရာတွင် အချက်အခြာကျကျ တည်ရှိလျက် ရှိနေပါသည်။ မြန်မာနိုင်ငံ၏ လုံခြုံရေး အခြေအနေသည် ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် လူမှုရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုများ၏ ရိုက်ခက်မှုများအား ခံရလေ့ရှိပါသည်။ မြန်မာနိုင်ငံအား လတ်တလော ရိုက်ခတ်နေသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှု (၃) ခုရှိနေကြောင်း သုံးသပ်မိပါသည်။ ၎င်းတို့မှာ

(က) အကြမ်းဖက်မှုများ (Terrorism)

(ခ) ကျန်းမာရေးဆိုင်ရာ လုံခြုံရေး (Health Security) နှင့်

(ဂ) စွမ်းအင်လုံခြုံရေး (Energy Security) တို့ ဖြစ်ပါသည်။

၎။ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG/ CRPH နှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့အစည်းများကြောင့် ဖြစ်ပွားလာသည့် အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံအား များစွာ ထိခိုက်နစ်နာစေပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခင်က ပြည်တွင်းသောင်းကျန်းမှုများအား ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော်လည်း ယခုအခါ အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ဆင်ရေးများ (Counter Terrorism Operations) ကိုပါ ရင်ဆိုင်ဆင်နွှဲလာရသည့် အခြေအနေဖြစ်ပါသည်။

၅။ ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအခြေအနေကို လေ့လာကြည့်မည်ဆိုလျှင် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုအားလည်း မြန်မာနိုင်ငံအနေဖြင့် ခံစားနေရပါသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၆၃၃၈၆၇ ဦးရှိပြီး သေဆုံးသူ ၁၉၄၉၀ ဦး ရှိခဲ့ပါသည်။ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀.၀၃ ရာခိုင်နှုန်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် တပ်မတော်နှင့် အရပ်ဘက်မှ ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှုများအား လျော့ချနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ အထူးသဖြင့် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့အတွက် တပ်မတော်ဆေးတပ်ဖွဲ့၏ ကြိုတင်ပြင်ဆင် လုပ်ဆောင်မှုများမှာ မှတ်တမ်းတင် ချီးကျူးဖွယ် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး Myancopharm အား ပြည်တွင်းတွင် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုများအား လျော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံထားပါက ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုများအား ပိုမိုလျော့ချနိုင်ပါသည်။ ကမာ့္ဘနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှု မြင့်တက်နေသည့်အပြင် အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ်များ လျင်မြန်စွာ ကူးစက်မှုများ ရှိနေသောကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲ (Living with COVID) နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းများအား လိုက်နာနေထိုင်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

၆။ စွမ်းအင်လုံခြုံရေးသည် မျက်မှောက်ခေတ်တွင် ရင်ဆိုင်လာရသည့် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါသည်။ ရုရှား-ယူကရိန်းအရေးအခင်းနှင့် ဆက်စပ်အချင်းအရာများကြောင့် ကမ္ဘာပေါ်တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာရာ မြန်မာနိုင်ငံတွင်လည်း ကြုံတွေ့နေရပါသည်။ မိမိပြည်တွင်း၌ စက်သုံးဆီ ဖူလုံရေးအား စီမံချက်များချမှတ်ကာ စီစဉ်လုပ်ဆောင်နေကြောင်းလည်း တွေ့ရှိရပါသည်။ ကမ္ဘာပေါ်တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်ကို အကြောင်းပြုပြီး ဈေးကစားမှုများ ပြုလုပ်နေကြသူများအား တရားဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသင့်ပါသည်။ ကမ္ဘာ့အရေးအခင်းများနှင့် ဆက်စပ်လျက်ပင် စားနပ်ရိက္ခာဖူလုံရေး (Food Security) မှာလည်း ပြဿနာတစ်ရပ် ဖြစ်လာပါသည်။ သို့သော် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် နိုင်ငံဖြစ်သည့်အတွက် ထိုရိုက်ခတ်မှုအား ပြင်းထန်စွာခံစားရခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

၇။ မြန်မာနိုင်ငံသည် ကမ်းရိုတန်းရှည်လျားသောနိုင်ငံဖြစ်ပြီး မြောက်ဘက် နတ်မြစ်ဝမှသည် တောင်ဘက်စွန်း ကော့သောင်းမြို့ ဘုရင့်နောင်အငူအထိ ၁၃၈၅ မိုင် (၂၂၂၈ ကီလိုမီတာ) အရှည်ရှိပါသည်။ ကမ်းရိုးတန်းရှည်လျားသည့် နိုင်ငံဖြစ်သည့်အလျှောက် ပင်လယ်ရေကြောင်းဆိုင်ရာ သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများအား အလေးထား ကိုင်တွယ်ထားရမည် ဖြစ်ပါသည်။ လက်ရှိကြုံတွေ့နေကြရသည့် ပင်လယ်ရေကြောင်းဆိုင်ရာ သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများမှာ ပင်လယ်ဓားပြမှုများ၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးခြင်း၊ လက်နက်နှင့် လူမှောင်ခိုမှုများ၊ တရားမဝင် ငါးခိုးဖမ်းမှုများ၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများအား အကြမ်းဖက်တိုက်ခိုက်နိုင်သည့် အန္တရာယ်နှင့် ပင်လယ်ပြင်တွင် ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များ စသည်တို့ဖြစ်ကြသည်။ လက်ရှိအခြေအနေတွင် တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များအနေဖြင့် ပိုင်နက်ရေပြင်နှင့် အထူးစီးပွားရေးဇုန် (Exclusive Economic Zone) များအား ကာကွယ်စောင့်ရှောက်နေပါသည်။

ဘက်စုံစစ်ပွဲ (Multidimensional Warfare) နှင့် မြန်မာနိုင်ငံ

၈။ ယနေ့မြန်မာနိုင်ငံအား ပြည်တွင်း၊ ပြည်ပ နှစ်ဘက်ညှပ်ကာ ဘက်စုံစစ်ပွဲအသွင် ဆင်နွှဲလျက်ရှိနေကြောင်း တွေ့နိုင်ပါသည်။ ထိုဘက်စုံစစ်ပွဲတွင် သမားရိုးကျနည်းလမ်းများ ပါဝင်သကဲ့သို့ သမားရိုးကျ မဟုတ်သော နည်းလမ်းများလည်း ပါဝင်နေကြောင်း တွေ့ရှိနိုင်ပါသည်။ ဘက်စုံစစ်ပွဲဆိုသည်မှာ အကြမ်းဖက်သမားများနှင့် ၎င်းတို့အား ထောက်ခံသူများက ဒီမိုကရေစီ၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ ဒီမိုကရေစီဆိုင်ရာ ဝေါဟာရများနှင့် ကြွေးကြော်သံများအား လွဲမှားစွာအသုံးချလျက် အာဏာရရှိရေးနှင့် တရားဝင်အသိအမှတ်ပြု ခံရရေး လုပ်ဆောင်မှုများဟု အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းများသည် ဘက်စုံစစ်ပွဲအား နယ်ပယ် (၃) ခုတွင် ဆင်နွှဲလေ့ရှိကြပါသည်။ ၎င်းစစ်မြေပြင်များမှာ –

(က) စစ်ရေးနယ်ပယ်

(ခ) သတင်းမီဒီယာများနှင့်

(ဂ) နိုင်ငံတကာတရားရုံးများတို့ ဖြစ်ပါသည်။

၉။ စစ်ရေးအရ လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းများသည် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခြင်းဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ပြုလုပ်ခြင်း၊ အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် အရပ်သားများအား သတ်ဖြတ်ခြင်း၊ သာမန်အရပ်သားများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ အင်အားနည်းသည့် ရဲတပ်ဖွဲ့စခန်းများနှင့် တပ်စခန်းများအား တိုက်ခိုက်ခြင်းနှင့် လှည့်ကင်းများအား ခြုံခိုတိုက်ခိုက်ခြင်းစသည်တို့ကို လုပ်ဆောင်နေကြောင်း တွေ့ရှိရပါသည်။

၁၀။ မီဒီယာစစ်မြေပြင်ကို ကြည့်မည်ဆိုလျှင်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပြည်ပရောက် ၎င်းတို့အား ထောက်ခံသူများသည် Facebook နှင့် Twitter တို့ကဲ့သို့သော လူမှုကွန်ယက်စာမျက်နှာများအား အသုံးချကာ သတင်းတုများနှင့် သတင်းမှားများ ထုတ်လွှင့်ခြင်းနှင့် သတင်းမှန်နှင့် သတင်းမှားများ ရောပြွန်းထုတ်လွှင့်ကာ ပြည်သူလူထုအား ဆွဲဆောင်စည်းရုံးနေကြသကဲ့သို့ ပြည်ပနိုင်ငံနှင့် အဖွဲ့အစည်းများအား ၎င်းတို့၏ သတင်းမှားများအား ယုံကြည်လက်ခံလာအောင် လုပ်ဆောင်နေကြောင်း တွေ့ရှိနိုင်ပါသည်။ တချိန်တည်းမှာပင် ထိုအကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံသော ပြည်ပမီဒီယာကြီးများကလည်း ၎င်းတို့၏ Mainstream Media များမှတဆင့် သတင်းမှားများ ထုတ်လွှင့်ကာ အစိုးရအား ပုံဖျက်လျက်ရှိနေကြောင်း တွေ့ရမည် ဖြစ်သည်။

၁၁။ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံသည့် နိုင်ငံကြီးများ ကျောထောက်နောက်ပြုပေးနေသည့် နိုင်ငံများသည် နိုင်ငံတကာတရားရုံးများတွင် အစိုးရအား မဟုတ်မှန်သည့် စွပ်စွဲချက်များဖြင့် တရားစွဲဆို လုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း တွေ့ရမည်ဖြစ်သည်။ အထက်ပါအကြောင်းအရာများအား ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံအား ပျက်စီးပြိုကွဲသွားစေရန် စစ်ဆင်ရေးတစ်ရပ် စနစ်တကျ စီစဉ်ဆင်နွှဲနေခြင်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။

ရောပြွန်းစစ်ပွဲ (Hybrid Warfare) နှင့် သတိပြုရမည့်အရာများ

၁၂။ ရောပြွန်းစစ်ပွဲ (Hybrid Warfare) သည် ဘက်စုံစစ်ပွဲတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။ ယခုခေတ်တွင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Non – state Actors) အသုံးပြုနေကြသည့် ရောပြွန်းစစ်ပွဲ (Hybrid War) နည်းလမ်းများမှာ ပြောင်းလဲလာသော်လည်း နိုင်ငံရေးရည်မှန်းချက် တစ်ခုရရှိရန်အတွက် သမားရိုးကျနှင့် သမာရိုးကျမဟုတ်သော နည်းလမ်းများကို ပေါင်းစပ်အသုံးပြုခြင်းသည် အခြေခံဥပဒေသဖြစ်ပြီး ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ ပုံစံအတိုင်းပင် ဖြစ်ပါသည်။ Hybrid War ကို Hybrid Warfare, Hybrid Threat (သို့မဟုတ်) Hybrid Adversary ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြပါသည်။ Hybrid War ကို အဖွဲ့အစည်းအမျိုးမျိုးက အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြပါသည်။ အမေရိကန် ကြည်းတပ်ဦးစီးချုပ်ဟောင်းတစ်ဦးက Hybrid War ကို သမားရိုးကျနည်းလမ်းများ၊ သမားရိုးကျမဟုတ်သော နည်းလမ်းများ၊ အကြမ်းဖက်သမားများ၊ ရာဇဝတ်မှုများကို ပေါင်းစည်းကာ သွက်လက်တက်ကြွပြီး ထွေပြားစွာ အသုံးပြုခြင်းဟု ၂၀၀၈ ခုနှစ်တွင် အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည်။

၁၃။ စစ်ပွဲများတွင် သာမန်အားဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော နည်းလမ်းများကို စစ်ဆင်ရေးများအလိုက် သီးခြားစီ အသုံးပြုလေ့ရှိကြသော်လည်း ခေတ်သစ် ရောပြွန်းစစ်ပွဲ (Hybrid War) များတွင်တော့ အဆိုပါ နည်းလမ်းများကို ပေါင်းစည်းကာ အသုံးပြုလေ့ရှိပါသည်။ လက်တွေ့ကျင့်သုံးသူများက ရောပြွန်းစစ်ပွဲ (Hybrid War) သည် သမားရိုးကျ စွမ်းဆောင်နိုင်မှုများ၊ သမားရိုးကျမဟုတ်သော နည်းဗျူဟာနှင့် ဖွဲ့စည်းပုံများ၊ အကြမ်းဖက်မှုလုပ်ရပ်များဖြစ်သည့် ရာဇဝတ်မှုများ၊ ပြင်းထန်သော ဆူပူအကြမ်းဖက်မှုများနှင့် အကြပ်ကိုင်မှုများကို တစ်ပြိုက်နက်တည်း အသုံးပြုကြသည်ဟု ဆိုသည်။ ထိုပုံစံတွင် တိုက်ပွဲသည် စစ်ဆင်ရေးဝန်းကျင်မျိုးစုံတွင် ဖြစ်ပွားသောကြောင့် စစ်မြေပြင်အများအပြားတွင် ဟန်ချက်ညီဆင်နွှဲနိုင်သော အကျိုးကျေးဇူး (Synchronized Effects) ကို ရရှိစေနိုင်သည်။ ဤပုံစံတွင် ဘက်မညီစစ်နည်းဗျူဟာနှင့် နည်းလမ်းများ (Asymmetrical Tactics and Techniques) ကို အသုံးပြုလေ့ရှိသည်။ ပြောင်းလွယ်ပြင်လွယ်မရှိဘဲ တသမတ်တည်း ပြုကျင့်လေ့ရှိသော တပ်မတော်များအနေဖြင့် Hybrid War နည်းဗျူဟာများကို တန်ပြန်တိုက်ခိုက်နှိမ်နင်းနိုင်ရန် ခက်ခဲလေ့ရှိပါသည်။ အထူးသဖြင့် အပြန်အလှန် ပတ်သက်ဆက်နွယ်နေသော ခေတ်သစ်လူမှု အသိုက်အဝန်းတွင် Hybrid War သည် အောက်ပါ စစ်မြေပြင် (၃) မျိုး၌ ဖြစ်ပွားလေ့ရှိပါသည်။

(က) သမားရိုးကျ စစ်မြေပြင် (Conventional Battlefield)

(ခ) ပဋိပက္ခဖြစ်ပွားရာ ဒေသတွင် နေထိုင်သူများ (The Indigenous Population of the Conflict Zone)

(ဂ) နိုင်ငံတကာ အသိုက်အဝန်း (The International Community)

၁၄။ လက်ရှိ ရခိုင်ပြည်နယ် မောင်တောဖြစ်စဉ်များနှင့် ချိန်ထိုးသုံးသပ်ကြည့်မည်ဆိုပါက Arakan Rohingya Slavation Army (ARSA) အစွန်းရောက် အကြမ်းဖက်သမားများသည် Hybrid War ကို သုံးစွဲနေသည်လားဟု မေးခွန်းထုတ်ဖွယ် ဖြစ်ပါသည်။ Hybrid War ၏ အစိတ်အပိုင်းများမှ သမားရိုးကျမဟုတ်သော တပ်ဖွဲ့များကို အသုံးချခြင်း၊ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်ခြင်း၊ သတင်းစစ်ပွဲနှင့် ဝါဒဖြန့်ချိမှုများ ပြုလုပ်နေခြင်း၊ နိုင်ငံတကာမှ ဖိအားများ ဝင်ရောက်လာစေရန် ကြိုးပမ်းခြင်း စသည့်အချက်များကို လေ့လာကြည့်ခြင်းဖြင့် Hybrid War ကို ကျင့်သုံးနေသည်ဟု သုံးသပ်နိုင်ပါသည်။ ပြည်ပနိုင်ငံများမှ ငွေကြေးအထောက်အပံ့ကို ရယူထားခြင်း၊ ခေါင်းဆောင်ပိုင်းသည် ပြည်ပနိုင်ငံများတွင် အကြမ်းဖက် သင်တန်းများ တက်ရောက်ခဲ့ခြင်း၊ ပြည်ပထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်နှင့် ဖုန်းအဆက်အသွယ် ပြုလုပ်မှုကို ကြားဖြတ်ဖမ်းယူရရှိခဲ့ခြင်း၊ တိုက်ခိုက်ရေးနည်းဗျူဟာများ ပိုမို အဆင့်မြင့်လာခြင်း၊ လက်လုပ်မိုင်းများ ပြုလုပ်သည့် နည်းပညာများ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းတို့သည် Hybrid War ကို အသုံးပြုနေခြင်းဟု ဆိုနိုင်သည်။ ထို့အပြင် ARSA အဖွဲ့သည် လူမှုကွန်ရက်ကို ကောင်းစွာ အသုံးချပြီး ဝါဒဖြန့်ချိမှုများ ပြုလုပ်ခြင်း၊ နိုင်ငံတကာရှိ ဘင်္ဂါလီအဖွဲ့အစည်းများက စည်းရုံးလှုံ့ဆော်မှုများကို ပြုလုပ်နေကြခြင်းသည်လည်း ခေတ်သစ် Hybrid War ကို ဆင်နွှဲနေကြခြင်းဟု သုံးသပ်ရပါသည်။ အဆိုပါ အဖွဲ့သည် ARSA ဟု အမည်မပြောင်းခင်က Movement of Faith ဟူသော အမည်ကို သုံးစွဲခဲ့ပါသည်။ နောင်တွင် ARSA ဟု ပြောင်းလဲခဲ့ပါသည်။ ဤသည်မှာ ပြည်ပမှ ကြိုးကိုင်နေသူများအနေဖြင့် ၎င်းတို့ ရည်မှန်းချက်ရသည်အထိ အမည်အမျိုးမျိုး ပြောင်းလဲအသုံးပြုကာ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း သုံးသပ်ရပါသည်။ ARSA အဖွဲ့ ပျောက်ကွယ်သွားခဲ့လျှင်လည်း အနာဂတ်တွင် အခြားအမည်တစ်ခုဖြင့် အကြမ်းဖက်အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာနိုင်ပါသည်။

၁၅။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသော အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG/ CRPH နှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့အစည်းများသည်လည်း ထိုရောပြွန်းစစ်ပွဲပုံစံ အသုံးပြုနေကြောင်း တွေ့ရှိနိုင်ပါသည်။ နိုင်ငံတကာရှိ သမားရိုးကျ တပ်မတော်များအနေဖြင့် Hybrid War အား ရင်ဆိုင်ရန် ခက်ခဲလေ့ရှိပါသည်။ သမားရိုးကျ တပ်မတော်များသည် နည်းဗျူဟာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ရန်၊ ဦးစားပေးရမည့် အချက်များနှင့် ရည်မှန်းချက်များကို ပြောင်းလဲပစ်ရန် ခက်ခဲလေ့ရှိပါသည်။ ဤသည်တို့မှာ ခေတ်သစ် Hybrid War ကို ဆင်နွှဲနေသည့် ရန်သူကို ရင်ဆိုင်နိုင်ရန်အတွက် အခက်အခဲများ ဖြစ်ပါသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်သစ် Hybrid War ကို ရင်ဆိုင်ဆင်နွှဲနိုင်ရန်အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်ထားသင့်ကြောင်း သင်ခန်းစာ ဖော်ထုတ်တွေ့ရှိရပါသည်။

အကြမ်းဖက်ဝါဒ

၁၆။ နိုင်ငံတကာ အကြမ်းဖက်ဝါဒဟူသော စကားလုံးမှာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကမ္ဘာသတင်းခေါင်းကြီးပိုင်းများတွင် ခေတ်စားလာသောအရာတစ်ခု ဖြစ်ပါသည်။ ဤနိုင်ငံရေးအကြမ်းဖက်မှုမျိုးအား မည်သို့ အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြရမည်ကို အစိုးရများနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များအကြား ပြင်းပြင်းထန်ထန် ငြင်းခုန်မှုများ ဖြစ်ပေါ်လာပါသည်။ သံတမန်ရေးရာ အမြင်ချင်းဖလှယ်ခြင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုံခြင်းတို့အတွက် သီအိုရီပိုင်းဆိုင်ရာ ဖော်ထုတ်ခြင်း မျှသာမကပဲ ထိုခြိမ်းခြောက်မှုအား တုံ့ပြန်နိုင်ရန် လိုအပ်သော မူဝါဒနှင့် ဥပဒေများ ရေးဆွဲချမှတ်နိုင်ရန်အတွက် ပိုမိုတိကျသော အဓိပ္ပါယ်ဖွင့်ဆိုချက် လိုအပ်ရှိနေပါသည်။

အကြမ်းဖက်မှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

၁၇။ အကြမ်းဖက်မှုဆိုင်ရာ မရေတွက်နိုင်အောင် များပြားလှသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ထွက်ပေါ်လာခဲ့သော်လည်း အနည်းငယ်မျှသာ အထောက်အကူပြုလေသည်။ အချို့သော ပညာရပ်ပိုင်းဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ အလွန်ရှည်လျား ရှုပ်ထွေးပြီး လက်တွေ့ကျခြင်း မရှိပေ။ ဥပဒေဆိုင်ရာ တရားဝင်ဖြစ်သွားသည့် အချို့သော ဖွင့်ဆိုချက်များမှာ လွန်စွာ ကျယ်ပြန့်နေသည် ဖြစ်ရာ မည်သည့် နိုင်ငံရေးဆိုင်ရာ ဆန့်ကျင်မှုမျိုးနှင့် မဆို အကျုံးဝင်နေသည်ဟု ဆိုနိုင်သည်။ အဆုံးတွင်တော့ ဤပညာရပ်ဆိုင်ရာ နယ်ပယ်တွင် လုပ်ကိုင်နေကြသည့် ပညာရှင်အားလုံးက တစ်ကမ္ဘာလုံးက လက်ခံသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး မရှိကြောင်း လက်ခံထားလိုက်ကြပါသည်။

၁၈။ အကြမ်းဖက်မှုဟူသော စကားလုံးအား ၎င်းအမည်အတိုင်းပင် အကြမ်းဖက်လုပ်ရပ်များအား စုစည်းခေါ်ဝေါ်ခြင်း ဖြစ်သော်လည်း နိုင်ငံရေးအရ အသုံးချမှုများလည်း ရှိလာသည်။ ထို့အပြင် အများသူငှာ၏ စိတ်ထဲတွင် အနည်းဆုံး ကိုယ်ကျင့်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထည့်သွင်း စဉ်းစားမှုများကလည်း ပြင်းပြင်းထန်ထန် ကပ်ပါလာသည့် သဘောကို တွေ့မြင်ရသည်။ အကြမ်းဖက်မှုသည် လူဆိုးများ၏ အလုပ်ဖြစ်သည်ဟူသော ရိုးရှင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုရမည့် အစား ထိုလုပ်ရပ်များသည် လူတစ်ဦးအား အကြမ်းဖက်သမားဖြစ်စေသော်လည်း အခြားသူတစ်ဦးအား လွတ်မြောက်ရေး တိုက်ပွဲဝင်သူတစ်ဦီးဖြစ်စေသည်ဟူသည့် ဆိုးရိုးစကားများကိုလည်း ဖော်ဆောင်လာကြကြောင်း တွေ့ရှိရသည်။

အကြမ်းဖက်မှုများနှင့် မြန်မာနိုင်ငံ

၁၉။ မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်ပြီးလည်း အထက်ပါအတိုင်း လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုများနှင့် ကြုံတွေ့နေရကြောင်း လေ့လာတွေ့ရှိရသည်။ အကြမ်းဖက်မှုဆိုသည်မှာ ဘက်မညီစစ်ပွဲတစ်ခုဖြစ်ပြီး အင်အားနည်းသည့် အဖွဲ့အစည်းများက အင်အားကြီးသည့်တပ်များအား အသာစီးရရန်အတွက် မမျှော်လင့်သော နေရာဌာနများတွင် မမျှော်လင့်သော နည်းလမ်းသုံးကာ အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းဖြစ်သည်။ ယခင်က အကြမ်းဖက်မှု (Terrorism) ဟူသော စကားရပ်နှင့် သောင်းကျန်းမှု (Insurgency) ဟူသော စကားရပ်များအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ ကွဲပြားခြားနားကြသော်လည်း မျက်မှောက်ခေတ်တွင် သောင်းကျန်းသူအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်မှုများကိုပါ ပူးတွဲလုပ်ဆောင်လာကြကြောင်း တွေ့ရမည်ဖြစ်သည်။ ဥပမာအားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ပနိုင်ငံကြီးများထံမှ ထောက်ပံ့မှုများအား လက်ခံရယူကာ နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော အဖွဲ့အစည်းများအား ၎င်းတို့နယ်မြေများတွင် ခိုလှုံခွင့် ပေးထားခြင်းနှင့် အကြမ်းဖက် အဖွဲ့ဝင်များအား စစ်သင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်း တို့ဖြစ်သည်။

၂၀။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် စေတနာ့ဝန်ထမ်းအဖွဲ့အမည်ခံ တိုက်ခိုက်ရေးအဖွဲ့အစည်းများအား ၎င်းတို့နယ်မြေတွင် လက်ခံနေထိုင်ခွင့်ပေးကာ ပြည်ပနည်းပြများ၏ အကူအညီဖြင့် လေ့ကျင့်သင်တန်းပေးခြင်းများအား လုပ်ဆောင်နေကြကြောင်းလည်း တွေ့နိုင်မည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်နေမှုများ၏ နောက်ကွယ်တွင် အင်အားကြီးနိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေနိုင်ကြောင်းအားလည်း နိုင်ငံတကာဖြစ်စဉ်များနှင့် ချိန်ထိုးလေ့လာကြည့်ပါက ထင်ရှားစွာ တွေ့နိုင်မည် ဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်များအနေဖြင့် ၎င်းတို့ ကျူးလွန်သည့် အကြမ်းဖက်မှုများအား ဖုံးကွယ်သည့်အနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများက လုပ်ဆောင်သယောင် သတင်းမှားများ ထုတ်လွှင့်လေ့ရှိသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ ထိုအကြောင်းအရာများအား ပြန်လည်ချေပရန် စနစ်တကျ တန်ပြန်လုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။

နိဂုံး

၂၁။ ၂၀၂၂ ခုနှစ် ကမ္ဘာ့အကြမ်းဖက်မှု ညွှန်းကိန်း (Global Terrorism Index 2022) အရ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆယ်စုနှစ် တစ်စု ကာလအတွင်း ကမ္ဘာပေါ်တွင် အကြမ်းဖက်မှု အခံရဆုံး (၁၀) နိုင်ငံမှာ အာဖဂန်နစ္စတန်၊ အီရတ်၊ ဆိုမာလီယာ၊ ဘူကီးနားဖာဆို၊ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ မာလီ၊ နိုင်ဂျားနှင့် ပါကစ္စတန်တို့ဖြစ်ကြောင်းတွေ့ရှိရသည်။ မြန်မာနိုင်ငံနှင့် ပတ်သတ်၍ အချက်အလက်များ မပါရှိသော်လည်း ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များအတွင်း NUG/ PDF အကြမ်းဖက်အဖွဲ့အစည်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိုကာလအပိုင်းအခြားအတွင်း မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုညွှန်းကိန်းမှာ မြင့်တက်ဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းခန့်မှ စတင်တာ အကြမ်းဖက်မှုများအား ပြန်လည် ထိန်းချုပ်လာနိုင်ကြောင်းအား လေ့လာတွေ့ရှိနိုင်ပါသည်။ မြို့ပြများတွင် အကြမ်းဖက်မှုများ လျော့နည်းသွားကာ အချို့သော တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်သာ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ အကြမ်းဖက်မှုနှိမ်းနင်းရေးစစ်ဆင်ရေး (Counter Terrorism Operation) များနှင့် အထူးစစ်ဆင်ရေး (Special Operations) များအား ထိရောက်စွာ ဆက်လက်ဆင်နွှဲသွားမည်ဆိုပါက အနာဂတ်တွင် ထိုအကြမ်းဖက်မှုများ ပိုမိုလျော့နည်း ပပျောက်သွားဖွယ် ရှိပါသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုများ၊ ပဋိပက္ခများနှင့် အရေးအခင်များအားလည်း မျက်ခြေမပြတ် လေ့လာသုံးသပ်နေသင့်ပါသည်။ သို့မှသာ အနာဂတ်တွင် ကြုံတွေ့လာနိုင်ဖွယ်ရာရှိသည့် မိမိနိုင်ငံအား ရိုက်ခတ်လာနိုင်ဖွယ် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ဒေါက်တာ နိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply