Harpoon-3 Anti-Drone System များအား ယူကရိန်း စစ်မြေပြင်တွင် အသုံးပြုခြင်း
ရုရှားတပ်များသည် ယူကရိန်းတွင် ဆင်နွှဲလျက်ရှိသော အထူးစစ်ဆင်ရေးအတွင်း Harpoon-3 လက်ကိုင် ဒရုန်းဖျက်လက်နက်စနစ်များအား အောင်မြင်စွာ အသုံးပြုနေကြောင်း သတင်းရင်းမြစ်အချို့အရ သိရှိရသည်။ လွန်စွာထိရောက်ပြီး အသုံးပြုရ လွယ်ကူသည့် ၎င်းလက်နက်စနစ်သည် လျှပ်စစ်သံလိုက်လှိုင်းများ (Electromagnetic Pulse) အသုံးပြုကာ ရန်သူ့ဒရုန်းများအား ပစ်ချဖျက်စီးခြင်း ဖြစ်သည်။ လက်နက်စနစ်၏ အင်တန်နာအား ရန်သူ့ဒရုန်းဘက် ချိန်ရွယ်ခြင်းဖြင့် ထိုဒရုန်းသည် ၎င်း၏ တည်နေရာအား မှတ်သားနိုင်ခြင်း ပျောက်ပျက်ကာ ဒရုန်းမောင်းနှင်သူနှင့်လည်း အဆက်အသွယ် ပြတ်တောက်သွားမည် ဖြစ်သည်။
အဆိုပါစနစ်များအား ယူကရိန်းရှိ မည်သည့်စစ်မျက်နှာများတွင် အသုံးပြုနေသည်ကိုတော့ သိရှိရခြင်း မရှိပေ။ ပြီးခဲ့သည့် ဇူလိုင်လက စတင်ကာ Stupor ဒရုန်းဖျက်ရိုင်ဖယ်များအားလည်း ယူကရိန်းတွင် ရုရှားတို့ အသုံးပြုနေကြောင်း တွေ့ရှိရသည်။
Harpoon-3 anti-drone system
Harpoon-3 အား Automation and Programming Technologies ကုမ္ပဏီက ထုတ်လုပ်သည်။ ကနဦးရှေ့ပြေးပုံစံ (Prototype) အား လွန်ခဲ့သောနှစ်ပေါင်းများစွာက စတင်ထုတ်လုပ်သည်။ အဆင့်မြှင့်တင်ထားသည့် Harpoon-2M စနစ်အား ၂၀၁၉ တွင် စတင်ပြသခဲ့သည်။ လက်ရှိ အသုံးပြုနေသည့် Harpoon-3 စနစ်အား MAKS 2021 လေကြောင်းပြပွဲတွင် စတင်ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။
စနစ်အား ဒရုန်းဖျက်သေနတ်ပုံစံ ဒီဇိုင်းပြုလုပ်ထားသည်။ ထိန်းချုပ်မှုစနစ် ပါဝင်သောအပိုင်းနှင့် အင်တန်နာအပိုင်းဟူ၍ အဓိကအပိုင်းကြီး နှစ်ခုရှိသည်။ သေနတ်အလျား တစ်မီတာကျော်ရှိပြီး အလေးချိန် ၆ ဒဿမ ၅ ကီလိုဂရမ် ရှိသည်။ ၎င်းစနစ်အား သေနတ်ကဲ့သို့ ကိုယ်တွယ် အသုံးပြုနိုင်သည့်အပြင် အထိုင်စနစ်၏ အစိတ်အပိုင်းအဖြစ်လည်း သုံးနိုင်သည်။
အဆိုပါစနစ်ကို အထူးပလပ်ဖောင်းပေါ်တွင် တပ်ဆင်ထားနိုင်ပြီး အဝေးမှ ထိန်းချုပ်နိုင်သည်။ ထိုကြောင့် ကိုယ်တွယ် အသုံးပြုသူအနေဖြင့် သတ်မှတ်နေရာဒေသတစ်ခုအတွင်း ပြန့်ကျဲစွာ နေရာချထားသည့် ၎င်းစနစ်များစွာအား တစ်ပြိုင်နက်တည်း ထိန်းချုပ်အသုံးပြုနိုင်မည် ဖြစ်သည်။
Harpoon-3 အား မျက်မြင်နှင့် ချိန်ခွက်ဖြင့် ချိန်တွယ် ပစ်ခတ်ခြင်း နှစ်မျိုးလုံး အသုံးပြုနိုင်သည်။ တာဝေး ၃ ဒဿမ ၅ ကီလိုမီတာနှင့် အမြင့် ၂ ကီလိုမီတာအထိ အသုံးပြုနိုင်သည်။ ၎င်း၏ မှတ်ဉာဏ်စနစ်အတွင်း အမျိုးအစားများစွာသော လူမဲ့လေယာဉ်များ၏ အချက်အလက်များအား သိုမှီးထားသည်။ Harpoon-3 တွင် တပ်ဆင်ထားသော ဘက်ထရီသည် မိနစ် ၆၀ ဆက်တိုက် အသုံးပြုနိုင်သည်။
Source: Russian troops successfully use Harpoon-3 anti-drone systems in Ukraine, Army Recognition, 18 October 2022.
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့