ရုရှား၏ ယူကရိန်းစစ်ဆင်ရေး
(Day- 231)
====================
ပြီးခဲ့တဲ့ ၁၀ ရက်ခန့်အတွင်းမှာ ကရိုင်းမီးယားတံတားဗုံးခွဲခံရမှုနဲ့ ရုရှားရဲ့လက်တုန့်ပြန် ဒုံးပျံနဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပေမဲ့ လီမန်ဒေသမှာ ရုရှားရဲ့တန်ပြန်ထိုးစစ်အချို့ စတင်နေတယ်ဆိုတဲ့ သတင်းကလွဲလို့ ရှေ့တန်းစစ်မျက်နှာက နှစ်ဘက်တပ်တွေအခြေအနေက အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။
ရုရှားရဲ့လက်တုန့်ပြန် ဒုံးပျံနဲ့တိုက်ခိုက်မှု
===================
ကရိုင်းမီးယားတံတားဗုံးခွဲခံရမှုကို လက်တုန့်ပြန်တဲ့အနေနဲ့ ရုရှားဟာ ယူကရိန်းကို ကရုဇ်ဒုံးပျံတွေနဲ့ ၂ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခဲ့ပါတယ်။
ရုရှားရဲ့ အဓိကပစ်မှတ်က လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ အပါအဝင် တံတားအချို့နဲ့ အခြား infrastructure တွေ ဖြစ်ပါတယ်။
ဒါကြောင့် ယူကရိန်းနိုင်ငံတစ်ဝှမ်း နေရာအများအပြားမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ယူကရိန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ သံမဏိစက်ရုံအချို့ လျှပ်စစ်ဓါတ်အားမရလို့ ရပ်ဆိုင်းခဲ့ရသလို ယူကရိန်းကနေ ဥရောပကို လျှပ်စစ်ဓါတ်အား ရောင်းချနေမှုအချို့လည်း ရပ်ဆိုင်းသွားပါတယ်။
ဒါပေမဲ့ ယူကရိန်းဟာ နျူကလီးယားဓါတ်အားပေးစက်ရုံတွေ အများအပြားရှိတဲ့အတွက် ရုရှားအနေနဲ့ ဒီစက်ရုံတွေကို ပစ်ခတ်တိုက်ခိုက်လို့ မရတာကြောင့် လျှပ်စစ်ဓါတ်အားပေးစနစ်တစ်ခုလုံး ပြိုလဲသွားခြင်းတော့ မရှိပါဘူး။
ရုရှားဟာ နောက်တစ်ဆင့်မှာတော့ ယူကရိန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆက်သွယ်ထားတဲ့ မီးရထားလမ်း/ကားလမ်း/တံတားတွေကို တိုက်ခိုက်မယ်လို့ ယူဆမှုအချို့လည်း ရှိနေပါတယ်။
ယူကရိန်းကို အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့ရာမှာ မီးရထားလမ်းကို အဓိကသုံးတာကြောင့် မီးရထားလမ်းကို အဓိကဖျက်ဆီးမဲ့ အလားအလာရှိပါတယ်။
ဥရောပရဲ့ မီးရထားလမ်းတွေဟာ ၁၄၃၅ မီလီမီတာသာကျယ်ပြီး ယူကရိန်းရဲ့ မီးရထားလမ်းတွေဟာ ၁၅၂၀ မီလီမီတာကျယ်တာကြောင့် ဥရောပကလာတဲ့ မီးရထားတွေဟာ ယူကရိန်းကိုရောက်ရင် တွဲပြောင်းကြရပါတယ်။
ဒါကြောင့် အပြောင်းအလဲလုပ်ရတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ရင် ယူကရိန်းကို ပြည်ပအကူအညီတွေ ဝင်လာဖို့ နှောင့်နှေးခက်ခဲသွားမှာ ဖြစ်ပါတယ်။
ရုရှားတပ်မှူး အပြောင်းအလဲ
============
ရုရှားဟာ ယူကရိန်းစစ်ဆင်ရေးရဲ့ တပ်မှူးအသစ်ကို မကြာမီရက်ပိုင်းက ခန့်အပ်ခဲ့ပြီး စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေလည်း ပိုမိုပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်မှူးအသစ်ဟာ ပိုမိုတက်ကြွပြီး စစ်ရေးအတွေ့အကြုံပြည့်ဝကာ ထိုးစစ်စိတ်ဓါတ်ရှိသူ offensive minded လို့ ဆိုကြပါတယ်။
ဒါကြောင့် ခေါင်းဆောင်အသစ်ပြောင်းလဲမှု၊ တပ်အင်အားဖြည့်တင်းမှုတွေနဲ့အတူ ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ တတိယအဆင့် စစ်ဆင်ရေးတွေကို မကြာမီမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။
စစ်နည်းဗျူဟာများ
===============
ယူကရိန်းတွေဟာ ခံစစ်ဆင်တဲ့နေရာမှာ ရှည်လျားတဲ့ခံစစ်ကြောင်းတွေ အထပ်ထပ်တည်ဆောက်ခြင်း မရှိဘဲ အရေးပါတဲ့ ဆက်သွယ်ရေးလမ်းဆုံ မြို့/ရွာ (communication nodes) တွေကို အင်အားတောင့်တင်းစွာနဲ့ ကာကွယ်ပြီး အခိုင်အမာခံစစ်ယူတဲ့ Nodal Point Defence သဘောတရားကျင့်သုံးတာ တွေ့ရပါတယ်။
ဆက်သွယ်ရေးလမ်းဆုံ မြို့/ရွာတွေကို ယူကရိန်းတပ်တွေက ခံစစ်ဆင်ထားတဲ့အတွက် ရုရှားတိုက်ခိုက်ရေးတပ်တွေဟာ ဒီခံစစ်တွေကို ကွင်းရှောင်ပြီး ချီတက်စေဦးတော့ နောက်ပိုင်းက ဆက်လက်လိုက်ပါလာမဲ့ ထောက်ပံ့ဖြည့်တင်းရေးတပ်တွေအတွက်ကတော့ ရှောင်ကွင်းဖို့ မလွယ်တာဖြစ်လို့ ဒီခံစစ်တွေကို မဖြစ်မနေ တိုက်ရတဲ့အခြေအနေ ဖြစ်လာပါတယ်။
Nodal Point Defence မဟုတ်ဘဲ ခံစစ်ကြောင်းတွေသာ တည်ဆောက်ထားမယ်ဆိုရင် ခံစစ်ကြောင်း တစ်နေရာပေါက်တာနဲ့ ဒီအပေါက်ကနေ တပ်တွေက ရေအလျဉ်းအလား တစ်ဟုန်တည်း တိုးဝင်တိုက်ခိုက်ခဲ့ရင် ခံစစ်ကြောင်း ပြိုလဲမှာ ဖြစ်ပါတယ်။
ဒါကြောင့် ယူကရိန်းရဲ့ Nodal Point Defence စနစ်ဟာ အလုပ်ဖြစ်ပြီး ရုရှားတပ်တွေရဲ့ ချီတက်မှုကို နှေးကွေးစေခဲ့တယ်လို့ သုံးသပ်ရပါတယ်။
ဒါပေမဲ့အားနည်းချက်က အမြောက်နဲ့ လေကြောင်းအင်အား သာလွန်တဲ့ ရုရှားတပ်တွေဟာ ကျွန်းသဖွယ် ထီးတည်း တည်ရှိနေတဲ့ ယူကရိန်းခံစစ်တွေကို fire power အလွန်အကျွံ အသုံးပြုတိုက်ခိုက်တာကြောင့် ယူကရိန်းတွေ အကျအဆုံး များစေခဲ့ပါတယ်။
လတ်တလော ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေကို ရုရှားက ရင်ဆိုင်ခုခံရာမှာတော့ ယူကရိန်းနဲ့ ပုံစံကွာတာ တွေ့ရပါတယ်။
ရုရှားတွေဟာ လက်ရှိမှာ ယူကရိန်းထက် တပ်အင်အားနည်းတာကြောင့် ရှေ့တန်းမှာ တပ်အင်အား အနည်းငယ်နဲ့ ထိန်းထားပြီး နောက်ပိုင်းမှာ လှုပ်ရှားမှုမြန်တဲ့ အရန်တပ် mobile reserve တွေ ထားကာ ယူကရိန်းတွေ တိုက်လာတဲ့နေရာကို စေလွှတ်အင်အား ဖြည့်တင်းတဲ့စနစ်သုံးတာ တွေ့ရပါတယ်။
ဒါဟာလည်း လကြောင်းအရေးသာတဲ့ ရုရှားအတွက် လွတ်လပ်စွာသွားလာနိုင်တာဖြစ်လို့ အင်အားခြိုးခြံမှု (economy of force) ဖြစ်တာကြောင့် မှားယွင်းတယ်လို့ ပြောမရပါဘူး။
ရုရှားတပ်တွေဟာ ထိုးစစ်ဆင်ချိန်မှာ ယူကရိန်းခံစစ်တွေကို အမြောက်နဲ့ဒုံးတွေ စုပြုံပစ်ခတ်ချေမှုန်းနိုင်ခဲ့ပေမဲ့ ယူကရိန်းတွေက တင့်နဲ့ သံချပ်ကာတွေသုံးပြီး လျင်မြန်စွာ လှုပ်ရှားချီတက်ပြီး တန်ပြန်ထိုးစစ်ဆင်လာချိန်မှာတော့ ရုရှားအမြောက်တပ်တွေအနေနဲ့ ရွေ့လျားပစ်မှတ်တွေကို ပစ်ဖို့ ကန့်သတ်ချက်တွေ ရှိလာတာ တွေ့ရပါတယ်။
စစ်လက်နက်/အင်အားဖြည့်တင်းမှု
===================
ယူကရိန်းတွေဟာ စစ်ပွဲစတင်ကတည်းက စစ်စည်းရုံး mobilized လုပ်ထားတဲ့အတွက် လူအင်အားအနေနဲ့ ထိုက်သင့်သလောက် လုံလောက်နေပါတယ်။
ဒါပေမဲ့ လက်နက်အင်အားအနေနဲ့ အနောက်နိုင်ငံတွေအပေါ် လုံးလုံးလျားလျား မှီခိုနေရတဲ့အခြေအနေ ဖြစ်ပါတယ်။
ဒါပေမဲ့ အဓိပြဿနာ ၄ ခုရှိနေပါတယ်။
ပထမတစ်ခုက စစ်ပွဲကာလရှည်ကြာလာတာနဲ့အမျှ အနောက်နိုင်ငံတွေမှာလည်း ယူကရိန်းကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာ ဖြစ်ပါတယ်။ HIMARS ၊ M 777 တို့လို လက်နက်တွေ ရရှိထားပေမဲ့ ရေရှည်အတွက် အာမခံချက်ရှိပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။
ဥပမာ အမြောက်ကျည်ဆံလိုမျိုးခဲယမ်းတွေက ထုတ်လုပ်ဖို့လွယ်ကူပေမဲ့ နိုင်ငံတော်တော်များများဟာ အမြောက်၊ သံချပ်ကာနဲ့ တင့်ကားလို စစ်လက်နက်ပစ္စည်းတွေကို အရန်အဖြစ် သိမ်းထားမှုနည်းပါးတဲ့အပြင် အသစ်ထုတ်လုပ်ဖို့ အချိန်လည်း လိုအပ်တာကြောင့် ယူကရိန်းကို ထောက်ပံ့ဖို့ ကန့်သတ်ချက်ရှိလာပါတယ်။
ဒါကြောင့် လက်ရှိမှာ ခေတ်မီသံချပ်ကာယာဉ်အချို့ လက်ခံရရှိထားပေမဲ့ ယူကရိန်းဟာ အမေရိကန် M 113၊ နယ်သာလန် YPR 765၊ ဗြိတိသျှ FV 103 တို့လို သက်ဆိုင်ရာနိုင်ငံတွေမှာ မသုံးတော့တဲ့ စစ်အေးခေတ်လက်ကျန် သံချပ်ကာတွေကိုသာ အဓိက လက်ခံအသုံးပြုနေရပါတယ်။ ဒီသံချပ်ကာတွေဟာ ထုတ်လုပ်မှု ရပ်ဆိုင်းထားတာ ဆယ်စုနှစ်ချီပြီဖြစ်တာကြောင့် အပိုပစ္စည်းကအစ ကန့်သတ်ချက် ရှိလာနိုင်ပါတယ်။
ယူကရိန်းကို အမေရိကန်က ထောက်ပံ့ထားတဲ့ AGM-88 ရေဒါဖျက်ဒုံးပျံတွေဆိုရင် ၁၉၈၀ ခန့်ကတည်းက ထုတ်လုပ်ထားတဲ့ သက်တမ်းရင့်တွေ ဖြစ်ပါတယ်။
ဒုတိယပြဿနာက ယူကရိန်းတပ်မတော်သုံး ဆိုဗီယက်ခေတ်ကျန် လက်နက်တွေ ဖြည့်တင်းဖို့ ဖြစ်ပါတယ်။ ဝါဆောအဖွဲ့ဝင်ဟောင်း NATO နိုင်ငံတွေရဲ့ ဆိုဗီယက်လက်ကျန် စစ်လက်နက်ပစ္စည်းတွေဟာ ယူကရိန်းကို ထောက်ပံ့တာနဲ့ ကုန်သလောက်ဖြစ်သွားပြီ ဖြစ်ပါတယ်။ ဥပမာ ပိုလန်၊ ချက် တို့ဟာ ၂ နိုင်ငံပေါင်း T 72 နဲ့ PT 91 တင့် ၃၀၀ လောက် ထောက်ပံ့ခဲ့ပြီးနောက် အခုအခါ လက်ကျန် T 72 တွေ မရှိတော့ပါဘူး။ ဒါကြောင့် အခုနောက်ဆုံးမှာ ဆလိုဗေးနီးယားမှာ အသုံးမပြုတော့တဲ့ သက်တမ်း နှစ် ၇၀ လောက် ရှိနေပြီဖြစ်တဲ့ M 55S တင့်တွေကို ယူကရိန်းကို ပို့နေပါတယ်။ ကြာလာတာနဲ့အမျှ ဒီပြဿနာ ကြီးလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခုအခါ ရုရှားလက်နက်အချို့သုံးတဲ့ ဆိုက်ပရပ်စ်၊ ယူဂန်ဒါ၊ စတဲ့နိုင်ငံတွေကို ချဉ်းကပ်နေကြတာ တွေ့ရပါတယ်။
တတိယပြဿနာက နိုင်ငံအမျိုးမျိုးက ရောက်လာတဲ့ စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို ပြုပြင်ထိန်းသိမ်းဖို့ အခက်အခဲနဲ့ ကျွမ်းကျင်အောင်လေ့ကျင့်ဖို့ ဖြစ်ပါတယ်။
စတုတ္တနဲ့ အရေးအကြီးဆုံးပြဿနာက အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့လက်နက်တွေဟာ တပြိုင်တည်း ရောက်လာတာ မဟုတ်ဘဲ အလီလီခွဲဝင်ရောက်လာတာဖြစ်လို့ လိုတဲ့အချိန်မှာ လိုသလောက် မရနိုင်တာ ဖြစ်ပါတယ်။
ရုရှားအနေနဲ့ကတော့ အခုချိန်အထိ လက်နက်ခဲယမ်း ပြဿနာကြီးမားစွာ မရှိသေးတာ တွေ့ရပါတယ်။
အီရန်လုပ် loitering munition ဖြစ်တဲ့ Shahed 136 (ရုရှားအခေါ် Geran-2) အသေခံဒရုန်းတွေကို ရုရှားတွေက တွင်ကျယ်စွာ သုံးလာပြီးတဲ့နောက်မှာ ယူကရိန်းတွေ အထိနာမှုအချို့ ရှိလာခဲ့ပါတယ်။
ယူကရိန်းတွေမှာ Shahed 136 ကို ပစ်ချနိုင်ဖို့ လက်နက်ကောင်းတွေ မရှိတာ တွေ့ရပါတယ်။ ဂျာမနီတို့ နော်ဝေးတို့က ပေးပို့မဲ့ IRIS-T နဲ့ NASAMS တို့လို လေယာဉ်ပစ်ဒုံးတွေဟာလည်း Shahed 136 လို ဒရုန်းတွေကို ကာကွယ်ဖို့ထက် လေယာဉ်တွေကို ပစ်ချဖို့ပဲ သင့်တော်ပါတယ်။ တစ်စင်းကို ဒေါ်လာ ၂၀၀၀၀ လောက်ပဲတန်တဲ့ ဒရုန်းကို တစ်စင်းကို ဒေါ်လာ သိန်းကျော်တန်တဲ့ဒုံးပျံနဲ့ ပစ်ချဖို့ဆိုတာ စဉ်းစားရမဲ့ကိစ္စပါပဲ။
ဒါ့အပြင် IRIS-T ဆိုရင် လောင်ချာယာဉ် ၂ စင်းနဲ့ ဒုံးပျံ ၂၄ လောက်ပဲ ပါရှိမှာဖြစ်လို့ ကန့်သတ်ချက်ရှိပါတယ်။
တကယ်လိုအပ်တာက အနီးကပ်လေကြောင်းရန်ကာကွယ်ရေးစနစ် အရေအတွက်ခပ်များများနဲ့ အီလစ်ထရောနစ် စစ်ဆင်ရေးစနစ်တွေ ဖြစ်ပါတယ်။
ရုရှားအနေနဲ့ ရေရှည်မှာ ကြုံလာရနိုင်တဲ့ အခက်အခဲက ခေတ်မီကရုဇ်ဒုံးပျံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားအနေနဲ့ ဒီလိုဒုံးပျံတွေ ဘယ်လောက်ပိုင်ဆိုင်ထားလဲဆိုတာ ခန့်မှန်းမရပါဘူး။
ရှေ့အလားအလာ
==========
ကရိုင်းမီးယားတံတား ဖောက်ခွဲမှုဟာ စစ်ပွဲအလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။
စစ်ပွဲအစပိုင်းမှာ ရုရှားဟာ ယူကရိန်းအနေနဲ့ စေ့စပ်ရေးစားပွဲပေါ် ရောက်လာမလားလို့ မျှော်မှန်းပြီး အကန့်အသတ်နဲ့ စစ်ဆင်ခဲ့ပုံရပါတယ်။
ဒါပေမဲ့ ကရိုင်းမီးယားတံတားဖြစ်စဉ်အရ ယူကရိန်းဟာ အလျော့မပေးဘဲ ရရာနည်းနဲ့ တုန့်ပြန်မဲ့ သဘောရှိလာတဲ့အတွက် ရုရှားက သူ့ရဲ့စစ်ဆင်ရေးကို တစ်ဆင့်မြှင့်တော့မယ်လို့ ယူဆရပါတယ်။
ဇယ်လန်စကီးအစိုးရ ပြုတ်ကျတဲ့အထိ တိုက်ဖို့ ရုရှားခေါင်းဆောင်အချို့က တောင်းဆိုမှုတွေ ရှိလာပါတယ်။
ဒါပေမဲ့ ယူကရိန်းမှာ သမိုင်းကြောင်းအရ ဆောင်းဦးနဲ့ နွေဦးဟာ စစ်ဆင်ရေး မလုပ်သင့်တဲ့ ရွှံ့ရာသီ (mud season) ၂ ခု ဖြစ်ပါတယ်။ အခုချိန်ဟာ ဆောင်းဦးရဲ့ အစပိုင်းဖြစ်ပါတယ်။
ဆောင်းဦးရာသီနှောင်းပိုင်းဟာ မိုးမကြာခဏရွာတတ်ပြီး မိုးအနည်းငယ်ရွာတာနဲ့ မြေပြင်ဟာ ရွှံ့တွေဖုံးသွာပြီး လမ်းမရှိတဲ့နေရာမှာ ယာဉ်တွေသွားဖို့ မလွယ်ကူပါဘူး။
ဆောင်းဦးအပြီး ဆောင်းရာသီမှာလည်း နှင်းတွေဖုံးနေလို့ စစ်ဆင်ရေးကန့်သတ်ချက်ရှိပြန်ပါတယ်။
ဆောင်းရာသီအကုန် နွေဦးရာသီမှာလည်း နှင်းတွေပျော်ပြီးရွှံ့တွေဖုံးပြန်လို့ စစ်ဆင်ရေးခက်ခဲပါတယ်။
ဒါကြောင့် စစ်ဆင်ရေးလုပ်မယ်ဆိုရင် ရာသီဥတုကို ထည့်တွက်ဖို့ အလွန်အရေးကြီးပါတယ်။ ယူကရိန်းစစ်ပွဲ အစ ၂၀၂၂ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းမှာ ရုရှားတင့်၊ သံချပ်ကာနဲ့ ယာဉ်တွေ ရွှံ့နစ်ပြီး မောင်းမရလို့ ယူကရိန်းတွေလက်ထဲ အကောင်းအတိုင်း ကျရောက်ကုန်တာ ပြန်အမှတ်ရကြမယ်ထင်ပါတယ်။
ဒါကြောင့် ရုရှားအနေနဲ့ ထိုးစစ်လွတ်လပ်စွာဆင်ဖို့ အချိန်ဟာ ၁ လ/ ၂ လ ခန့်သာ ကျန်ရှိပြီး အဲ့ဒီနောက်မှာ ထိုးစစ်ဆင်မယ်ဆိုရင် သေချာစနစ်တကျ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
ယူကရိန်းတွေကတော့ လူအထိအခိုက် အကျအဆုံးများပြားမှုနဲ့ စစ်လက်နက်ပစ္စည်းအဆုံးအရှုံး များပြားမှုတွေကို ရေရှည်မှာ ကျော်လွှားဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်။
ရုရှားနဲ့ ယူကရိန်းဟာ တစ်ဖက်ကိုတစ်ဖက် စစ်ရေးအရ အပြတ်အသတ် အနိုင်ရအောင်တိုက်ဖို့ လွယ်ကူတဲ့ အခြေအနေ မရှိတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒီနေ့မှာပဲ ကုလသမဂ္ဂအထွေထွေညီလာခံက ရုရှားကို ပြစ်တင်ရှုတ်ချခဲ့တဲ့အတွက် ယူကရိန်းပဋိပက္ခဟာ လတ်တလောမှာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်သေးဘဲ စစ်ပွဲဟာလည်း ဒုတိယမြောက်နှစ်အထိ ရောက်လာမဲ့ အလားအလာ ရှိနေပါတယ်။
အောင်သူရိန်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့