ရုရှားနိုင်ငံသည် ၎င်း၏ ဧရာမ Belgorod နျူကလီးယားရေငုပ်သင်္ဘောမှ Poseidon UUV (‘Nuke Drone’) ကို စမ်းသပ်မည်
ရုရှား၏ ဧရာမနျူကလီးယား ရေငုပ်သင်္ဘော ‘Belgorod’ သည် Poseidon နျူကလီးယား တော်ပီဒိုများကို ပထမဆုံးစမ်းသပ်မှု ပြုလုပ်တော့မည်ဖြစ်ကြောင်း NATO ထိပ်တန်းလျှို့ဝှက်အစီရင်ခံစာကို ကိုးကား၍ အီတလီသတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
နှစ်ပေါင်း ၄၀ အတွင်း တည်ဆောက်ခဲ့သော ရေငုပ်သင်္ဘောမှာ ထင်ရှားကျော်ကြားသော တိုင်ဖွန်း အမျိုးအစားပြီးလျှင် ဒုတိယမြောက် အကြီးမားဆုံးဖြစ်ကာ အလေးချိန် တန် ၁၄၇၀၀ ရှိ နျူကလီးယားစွမ်းအင်သုံး Belgorod ရေငုပ်သင်္ဘောအား ရုရှားရေတပ်မှ ဇူလိုင်လတွင် စတင် တပ်တော်ဝင်အသုံးပြုနိုင်ခဲ့ပါသည်။ ထိုအချိန်တွင် ဧရာမ ရေငုပ်သင်္ဘောကို မည်သည့်နေရာတွင် တပ်ဖြန့်ချထားမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
နောက်ဆုံးရသတင်းများအရ Belgorod သည် ရုရှား၏ “စစ်ပွဲအလှည့်အပြောင်း” စူပါစွမ်းအားပြင်းလက်နက် Poseidon မောင်းသူမဲ့ရေအောက်ယာဉ် (UUV) ကို စမ်းသပ်မှု ပြုလုပ်သွားနိုင်သည့် အာတိတ်သမုဒ္ဒရာအတွင်း ပထမဆုံး လေ့ကျင့်ရေးရည်မှန်းချက် တာဝန်ထမ်းဆောင်နိုင်ဖွယ်ရှိနေသည်။
“မကြာသေးမီက နေတိုးမှ ပြင်ဆင်တည်းဖြတ်နေသည့် လျှို့ဝှက်ထောက်လှမ်းရေး အစီရင်ခံစာက Poseidon UUV ကို ပထမဆုံးအကြိမ် စမ်းသပ်ရန် ဖြစ်နိုင်သည့် Belgorod ၏ အာတိတ်ပင်လယ်တွင် ဖြန့်ကျက်ချထားမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။”ဟု အီတလီနိုင်ငံ သတင်းစာတစ်စောင်က ရေးသားဖော်ပြထားပါသည်။
“သတိပေးချက်ဟာ မကြာသေးမီရက်ပိုင်းက အရေးကြီးဆုံး မဟာမိတ်ကွပ်ကဲမှု ဌာနချုပ်ဆီ ပေးပို့တဲ့ နေတိုးထောက်လှမ်းရေးအစီရင်ခံစာကနေ ထွက်ပေါ်လာတာပါ။ ဇူလိုင်လတွင် စတင်လည်ပတ်ခဲ့သည့် Belgorod နျူရေငုပ်သင်္ဘော၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခု အဆိုပါ ရေငုပ်သင်္ဘောသည် အာတိတ်ပင်လယ်တွင် ရောက်ရှိနေပြီး ၎င်း၏ မစ်ရှင်သည် “ Apocalypse ၏ လက်နက်” “နတ်ဘုရားလက်နက်”ဟု မကြာခဏရည်ညွှန်းလေ့ရှိသော စူပါတော်ပီဒို Poseidon ကို ပထမဆုံးအကြိမ် စမ်းသပ်မည်ကို စိုးရိမ်နေကြပါသည်”ဟု la Repubblica သတင်းစာက ဖော်ပြခဲ့သည်။
Belgorod အထူးစစ်ဆင်ရေးသုံး ရေငုပ်သင်္ဘော
Belgorod သည် လက်စသတ်တည်ဆောက်နိုင်ခြင်း မရှိခဲ့သော Oscar-II ခရုဇ်ဒုံးကျည်တင် ရေငုပ်သင်္ဘော၏ သင်္ဘောကိုယ်ထည်ကို အခြေခံတည်ဆောက်ထားသော ကျယ်ဝန်းပြီး စိတ်ကြိုက်ပြင်ဆင်ထားသည့် အထူးစစ်ဆင်ရေးသုံးရေငုပ်သင်္ဘောဖြစ်သည်။
ရေငုပ်သင်္ဘော၏ ကိုယ်ထည်သည် ၁၈၄ မီတာ (၆၀၄ ပေ) ရှည်လျားပြီး သင်္ဘော၏ အလေးချိန်သည် တန်ချိန် ၃၀၀၀၀ (နစ်မြုပ်သောအခါ) အထိ ရှိသည်။ ၎င်း၏ထူးခြားသော တည်ဆောက်မှုသမိုင်းနှင့် မတန်တဆကုန်ကျစရိတ်များကြောင့် ရေငုပ်သင်္ဘောကို ပုံတူကူးရန် မဖြစ်နိုင်ပေ။
ထင်ရှားသော အမေရိကန် ရေတပ်စစ်ပွဲဆိုင်ရာ ကျွမ်းကျင်သူ HI Sutton ၏ ဆောင်းပါးတစ်ခုအရ Belgorod တွင် ရုရှားရေတပ် သင်္ဘောသားများ တာဝန်ထမ်းဆောင်မည်ဖြစ်သော်လည်း လျှို့ဝှက်ပင်မရေနက်သုတေသနအဖွဲ့ GUGI မှ ဦးစီးဆောင်ရွက်မည် ဖြစ်သည်ဟု သိရှိရသည်။
၎င်းဆောင်းပါးအရ ရေငုပ်သင်္ဘောတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားဖွယ်ရှိပြီး ခေတ်မီနည်းပညာအချို့လည်း ပါဝင်နိုင်သည်။ မည်သို့ပင်ဆို စေကာမူ ၎င်းသည် ရေငုပ်သင်္ဘောများ၏ အစောပိုင်းမျိုးဆက်အဖြစ် ဆက်လက်တည်ရှိနေပြီး နောက်ဆုံးမျိုးဆက်ထက် လျှို့ဝှက်မှုနှင့် ကိုယ်ပျောက်နိုင်စွမ်း နည်းပါးဖွယ်ရှိသည်။
အဆိုပါ ရေငုပ်သင်္ဘောသည် တစ်နာရီလျှင် ကီလိုမီတာ ၆၀ နှုန်းဖြင့် မောင်းနှင်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြန်မတက်ဘဲ ရက်ပေါင်း ၁၂၀ ခန့် ရေအောက်တွင် ရှိနေနိုင်ကြောင်း သိရသည်။ ၎င်း၏ပန်ကာများသည် ဆိုနာထောက်လှမ်းခံရနိုင်မှုမှ လွတ် မြောက်ရန် ဒီဇိုင်းထုတ်ထားသည်ဟု ဆိုကြသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့