စထရာတိုစဖီးယားလေထုအလွှာတွင် လေ့ကျင့်မှုများပြုလုပ်ခဲ့သည့် ရုရှားလုပ် MiG-31 တိုက်လေယာဉ်
အဖျက်စွမ်းအားပြင်း ဟိုက်ပါဆောနစ် ဒုံးပျံများကို ပစ်ခတ်နိုင်စွမ်းရှိသော ရုရှား၏ နောက်ဆုံးပေါ် MiG-31 တိုက်လေယာဉ်သည် လေထု၏ အထက်ပိုင်းများတွင် ၎င်း၏တိုက်ပွဲဝင်နိုင်စွမ်းကို ပြသခဲ့သည်။
ရုရှားရေတပ်၏ ဘောလ်တစ်ရေတပ်မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်နေ့က စထရာတိုစဖီးယားလေထုအလွှာတွင် လေ့ကျင့်ပျံသန်းစဉ် ရုရှား MiG-31 တိုက်လေယာဉ်များက ဒုံးပျံများ ပစ်ခတ်ခဲ့ကြောင်း ရုရှားမီဒီယာ Pravda က ဖော်ပြခဲ့သည်။ ဘောလ်တစ်ရေယာဉ်စုသည် Kaliningrad (ကာလင်နီဂရက်) တွင် ဌာနချုပ်တည်ရှိသည်။
“MiG-31 တိုက်လေယာဉ်၏ လေယာဉ်မှူးများသည် စထရာတိုစဖီးယားတွင် ပျံသန်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး ရန်သူ့လေယာဉ်များ၏ တိုက်ခိုက်ခြင်းမှ လွတ် မြောက်ရန် ၎င်းတို့၏ လှုပ်ရှားစစ်ကစားပျံသန်းနိုင်စွမ်းကို လေ့ကျင့်ပေးပြီး ဒေသ၏ စစ်ဆင်ရေး လေယာဉ်ကွင်းများသို့ ပြောင်းရွှေ့တပ်ဖြန့်ခဲ့ကြသည်” ဟု ဘောလ်တစ် ရေတပ်စစ်ရေယာဉ်စုမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလတွင် ရုရှားသည် MiG-31K ‘Foxhound’ တိုက်လေယာဉ်အား ဘောလ်တစ်ကမ်းရိုးတန်းတစ်လျှောက် Kaliningrad ၌ Kinzhal အသံထက်မြန်သော မြေပြင်တိုက်ခိုက်ရေး ဒုံးပျံများ တင်ဆောင်၍ တပ်စွဲခဲ့ကြောင်း သိရသည်။ ရုရှားတပ်ဖွဲ့များသည် ၎င်းတို့၏ အထူးစစ်ဆင်ရေး မစတင်မီ ရက်ပိုင်းအလိုတွင် တပ်ဖြန့်ချထားခဲ့ခြင်းလည်း ဖြစ်သည်။
နောက်ပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကီလင်နင်ဂရက်ဒေသရှိ Chkalovsk လေယာဉ်ကွင်းသို့ MiG-31 တိုက်လေယာဉ် ၃ စင်း ဖြန့်ကျက်ချထားကြောင်း သြဂုတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။
သတင်းများအရ လေယာဉ်သုံးစင်းကို လေ့ကျင့်ရေးပျံသန်းခြင်းအဖြစ် Kaliningrad ဧရိယာသို့ ရွှေ့ပြောင်းတပ်စွဲထားပြီး ရန်သူ့ကွပ်ကဲမှုဌာနချုပ်များကို ပုံစံတူတိုက်ခိုက်မှုများ လေ့ကျင့်ခြင်း ဖြစ်သည်ဟုလည်း သိရှိခဲ့ရသည်။ MiG-31 တိုက်လေယာဉ်များ၏ ပျံသန်းမှုများသည် Su-27 တိုက်လေယာဉ်များ ခြံရံလိုက်ပါလျက် လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။
အရှေ့ဥရောပရှိ ဘောလ်တစ်ဒေသသည် အထူးစစ်ဆင်ရေးစတင်ခဲ့ပြီးနောက် မော်စကိုနှင့် အနောက်နိုင်ငံတို့မှ အထူးသတိထားနေမှုများကို မြင်တွေ့ခဲ့ရကြောင်း မှတ်သားခဲ့ရပါသည်။ ရုရှားကျူးကျော်မှု စတင်ချိန်တွင် အမေရိကန်သည် နေတိုး၏ လေကြောင်းကင်းလှည့်စစ်ဆင်ရေးအတွက် ၎င်း၏ တိုက်လေယာဉ်များကို ဘော်လ်တစ်ဒေသသို့ စေလွှတ်ခဲ့သည်။
MiG-31 တိုက်လေယာဉ်များသည် ရုရှားနိုင်ငံ Kaliningrad ဒေသတွင် မကြာခဏ စခန်းချလေ့မရှိပါ။ အဆိုပါ အခြေစိုက်စခန်းတွင် စခန်းချထားသည့် လေယာဉ်အစီး ၅၀ အနက် အချို့မှာ Su-27 နှင့် Su-24 တိုက်လေယာဉ်အဟောင်းများဖြစ်ပြီး အချို့သော Su-30SM နှင့် Su-35S ဂျက်တိုက်လေယာဉ်သစ်များလည်း တပ်စွဲထားသည်။ သတင်းများအရ Iskander ပဲ့ထိန်းဒုံးစနစ်များကို ဒေသအတွင်း တပ်ဖြန့်ထားရှိခဲ့ကြောင်း သိရသည်။
MiG-31 တိုက်လေယာဉ်များအပြင် ဘော်လ်တစ်စစ်ရေယာဉ်စု၏ Eleron နှင့် Orlan-10 မောင်းသူမဲ့လေယာဉ် အဖွဲ့သားများသည် Kaliningrad နယ်မြေအတွင်းရှိ ရန်သူ၏ လေကြောင်းရန် ကာကွယ်ရေးဇုန်ကို ကျော်လွှားရန် နည်းဗျူဟာများကို လေ့ကျင့်ခဲ့ကြောင်း ရုရှားသတင်းများတွင် ဖော်ပြခဲ့ကြပါသည်။
ယူကရိန်း၏ အံ့အားသင့်ဖွယ် တန်ပြန်ထိုးစစ်အတွင်း MiG-31 တိုက် လေယာဉ်များ စစ်ရေးလေ့ကျင့်မှုသည် အရေးပါသော်လည်း၊ ဤစထရာတိုစဖီးယားအလွှာတွင် ပြုလုပ်ခဲ့သည့် ပျံသန်းလေ့ကျင့်မှုသည် ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ MiG-31 သည် ၂၀၁၇ ခုနှစ်အစောပိုင်းတွင်လည်း စထရာတိုစဖီးယားအလွှာတွင် လေ့ကျင့်ပျံသန်းခဲ့ပြီးဖြစ်သည်။
ထို့အပြင်၂၀၁၉ ခုနှစ် သြဂုတ်လတွင် TASS မှဖော်ပြခဲ့သည့်အတိုင်း အဆင့်မြှင့်တင်ထားသော MiG-31BM ဂျက်တိုက်လေယာဉ်များမှ လေယာဉ်အဖွဲ့သားများသည် အမြင့် ၂၀ ကီလိုမီတာအကျော် စထရာတိုစဖီးယားအလွှာတွင် ပထမဆုံးလေကြောင်းစီးချင်းထိုး ပျံသန်းလေ့ကျင့်ခန်း dogfight ပြုလုပ်ခဲ့ကြသည်။
တိုက်ပွဲဝင်အသင့် ရုရှား၏ MiG-31 တိုက်လေယာဉ်
နေတိုးက Foxhound ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ရှိသည့် ထိုင်ခုံနှစ်လုံးပါ MiG-31 တိုက်လေယာဉ်သည် ရုရှားနိုင်ငံ၏ အဓိကလေကြောင်းစွမ်းအားသုံး တိုက်လေယာဉ်ဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်အမျိုးအစားလည်းဖြစ်သည်။ ၎င်းတွင် D-30F6 အင်ဂျင်နှစ်လုံးပါရှိပြီး အခြေစိုက်စခန်းနှင့် မိုင်ပေါင်း ၁၉၀၀ အကွာအဝေးသို့ မြင့်မားသောအမြင့်တွင် Mach 3 ထိပ်တန်းအမြန်နှုန်းဖြင့် ပျံသန်းတိုက်ပွဲဝင်နိုင်စေမည်ဖြစ်ပါသည်။
MiG-31 တိုက်လေယာဉ်တွင် ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံးတစ်ခုဖြစ်သည့် SBI-16 Zaslon fixed phased array antenna ရေဒါဖြင့် ၎င်း၏ တာဝေးပျံသန်းမှုနှင့် အမြင့်ပျံလေကြောင်းရန်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် တပ်ဆင်အသုံးပြုထားသည်။ MiG-31 သည် Gsh-6-23 23mm စက်သေနတ်အပြင် တာဝေးနှင့် တာတိုပစ်ဒုံးကျည် အမျိုးမျိုးသယ်ဆောင်၍ လေကြောင်းပစ်မှတ်များကို တိုက်ပွဲဝင်နိုင်မည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် MiG-31 Foxhound ကြားဖြတ်တိုက် အဆင့်မြှင့်တင်ရေးနှင့် သက်တမ်းတိုးခြင်းစီမံကိန်းအတွက် ရန်ပုံငွေထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ကြေညာခဲ့သည်။
MiG-31 သည် ၎င်း၏ပေါ့ပါးပြီး လေခွင်းအားကောင်းသော ကိုယ်ထည်ကြောင့် မြင့်မားသော အမြန်နှုန်းနှင့် အမြင့်ပေများတွင် ပျံသန်းတိုက်ပွဲဝင်နိုင်သည်။ တိုက်လေယာဉ်သည် အမြင့်ပျံလေကြောင်းပစ်မှတ် အများအပြားကို တစ်ပြိုင်နက်တည်း ခြေရာခံထိန်းကျောင်း တိုက်ပွဲဝင်နိုင်ရန် တည်ဆောက်ထားသည်။
MiG-31 နေရာတွင် အစားထိုးရန် MiG-41 ကို ရုရှားက တီထွင်နေသည်ဟု ဆိုထားသော်လည်း အဆိုပါလေယာဉ်သည် မကြာမီ တပ်တော်ဝင် အသုံးပြုနိုင်တော့မည်ဟူသော သတင်းအချက်အလက် အထောက်အထား အနည်းငယ်သာ ရှိသေးသည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် Foxhound ကို နှစ်ပေါင်းများစွာ ဆက်လက် ဝန်ဆောင်မှုပေးနိုင်စေမည့် အဆင့်မြှင့်တင်ထားသော MiG-31 တိုက်လေယာဉ် မျိုးကွဲများစွာကို တီထွင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
MiG-31BM တိုက်လေယာဉ်သည် MiG-31 ၏ အစွမ်းထက်ဆုံး မျိုးကွဲများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ဝေဟင်နှင့် မြေပြင်ပစ်မှတ်များကို ဖျက်ဆီးနိုင်စွမ်းရှိသော ဘက်စုံသုံး အမြန်သွား တာဝေးပျံ တိုက်လေယာဉ်ဖြစ်သည်။
MiG-31BM တွင် အဆင့်မြှင့်တင်ထားသော လေယဉ်နစ်များ၊ hands-on-throttle-and-stick (HOTAS) လက်ဖြင့်ထိန်းချုပ်လုပ်ဆောင်မှုများ၊ ဘက်စုံသုံး ပုံရိပ်ဖော်မျက်နှာပြင်များ (MFDs)၊ အကြမ်းခံ onboard ကွန်ပြူတာစနစ်၊ ဒစ်ဂျစ်တယ်ဒေတာချိတ်ဆက်မှုများနှင့် phased array radar ရေဒါများ ပါဝင်ဖွဲ့စည်းထားပါသည်။ ၎င်းသည် ပစ်မှတ် ၂၄ ခုကို တစ်ပြိုင်နက် ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။
MiG-31BM တိုက်လေယာဉ်သည် Kinzhal အသံထက်မြန်သောဒုံးကျည်ကို သယ်ဆောင်ရန် ရည်ရွယ်ထားသော်လည်း နောက်ပိုင်းတွင် MiG-31K ကို ရွေးချယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် MiG-31K တိုက်လေယာဉ်များကို Kinzhals ဒုံးကျည်များ တပ်ဆင်၍ ယူကရိန်းအထူးစစ်ဆင်ရေးအတွင်း အသုံးပြုခဲ့သည်။ Kinzhals ဟိုက်ပါဆောနစ်ဒုံးကျည်များကို ပစ်ခတ်ရန်အတွက် MiG-31K ဗားရှင်းအဖြစ် ၁၀ စီးမှ အစီး ၂၀ အထိသာ အဆင့်မြှင့်ထားသည်။
အဆိုပါ ရုရှားကြားဖြတ်တိုက်လေယာဉ်များသည် နေတိုးသူလျှိုလေယာဉ်များနှင့် တိုက်လေယာဉ်များကို ကြားဖြတ်ဟန့်နိုင်တားခဲ့ပြီး အချိန်ကြာမြင့်စွာ ဆက်လက်တပ်စွဲထားနိုင်ဖွယ်ရှိသည်။ ဇန်နဝါရီလတွင် တရုတ်အခြေစိုက် Sohu မဂ္ဂဇင်းက ရုရှားလုပ် MiG-31 ကြားဖြတ်တိုက်လေယာဉ်အား “လျှို့ဝှက်ဆန်း ကြယ်သော လူသတ်သမား” အဖြစ် ရည်ညွှန်းရေးသားဖော်ပြခဲ့ပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့