(ကမ္ဘာ့ရေးရာ အမှတ် (၁၄) ဇွန်၊ ၂၀၂၂ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့် သုံးစွဲလာသည့် မျက်မှောက်ကမ္ဘာ
ဒေါက်တာ နိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
ဆွီဒင်နိုင်ငံအခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျူ (Stockholm International Peace Research Institute – SIPRI) က ဧပြီ (၂၅) ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်သည် (၂၀၂၁) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂၁၁၃) ဘီလျံ သို့ရောက်ရှိကာ ဝ.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရသည်။ ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ရေး အသုံးစရိတ် (၂) ထရီလီယံကျော်လွန် ရောက်ရှိ ခြင်း ဖြစ်သည်။ (၂၀၂၁) ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် အများဆုံး (၅) နိုင်ငံမှာ
(က)အမေရိကန် ပြည်ထောင်စု၊
(ခ)တရုတ်၊
(ဂ)အိန္ဒိယ၊
(ဃ)ယူကေနှင့်
(င)ရုရှားတို့ ဖြစ်ကာ ထို (၅) နိုင်ငံ၏ စုစုပေါင်းအသုံးစရိတ်မှာ တစ်ကမ္ဘာလုံး၏ (၆၂) ရာခိုင်နှုန်း ဖြစ်သည်။
ကိုဗစ် – ၁၉ ကပ်ရောဂါ ဒုတိယနှစ် ဖြစ်သည့် ၂၀၂၁ တွင် ကာကွယ်ရေးအသုံးစရိတ်မှာ တိုးမြှင့်လျက်ရှိရာ ပထမဆုံးအကြိမ်အဖြစ် (၂.၁) ထရီလီယံသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ဤသည်မှာ (၇) နှစ်ဆက်တိုက် ကာကွယ်ရေးအသုံးစရိတ် မြင့်တက်ခြင်းလည်း ဖြစ်သည်။ SIPRI ၏ ကာကွယ်ရေးအသုံးစရိတ်နှင့် လက်နက် ထုတ်လုပ်ရေးအစီအစဉ်မှ အကြီးတန်း သုတေတီ ဒေါက်တာ Diego Lopes da Silva က ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းနေသည့်အခြေအနေတွင်ပင် ကာကွယ်ရေး အသုံးစရိတ်သည် မြင့်တက်လျက်ရှိသည်။ ငွေကြေးဖောင်းပွမှုကြောင့် Real Term အရ တိုးတက်မှု ရာခိုင်နှုန်းလျော့နည်းသည်ဟု မြင်ရသည်။ သို့သော် Nominal Term အရဆိုလျှင်မူ ကာကွယ်ရေးအသုံးစရိတ်သည် (၆.၁) ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိသည်ဟု သုံးသပ်ထားပါသည်။
ကမ္ဘာ့စီးပွားရေးသည် (၂၀၂၁) ခုနှစ်အတွင်း အလျင်အမြန် ပြန်လည်နာလန်ထူလာမှုကြောင့် ကာကွယ်ရေးအသုံးစရိတ်သည် (၂၀၂၀) ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး GDP ၏ (၂.၃) ရာခိုင်နှုန်း ရှိခဲ့ရာက (၂၀၂၁) ခုနှစ်တွင် (၂.၂) ရာခိုင်နှုန်းသို့ (ဝ.၁) ရာခိုင်နှုန်း လျော့ကျသွားသည်။ (၂၀၂၁) ခုနှစ်အတွက် ကမ္ဘာ့ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ အရေးပါသော အချက်အလက်များကို စုစည်းဖော်ပြအပ်ပါသည်။
အမေရိကန်ပြည်ထောင်စုက သုတေသနနှင့် ဖွံ့ဖြိုးရေလုပ်ငန်းစဉ်တွင် ဦးစားပေးလာခြင်း
အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၈၀၁) ဘီလီယံရှိရာ (၂၀၂၀) ပြည့်နှစ်ကအောက် (၁.၄) ရာခိုင်နှုန်း လျော့ကျသွားသည်။ (၂၀၂၀) ပြည့်နှစ်တွင် GDP ၏ (၃.၇) ရာခိုင်နှုန်း သုံးစွဲခဲ့ရာက (၂၀၂၁) ခုနှစ်တွင် (၃.၅) ရာခိုင်နှုန်းသို့ အနည်းငယ်လျော့ကျသွားခြင်း ဖြစ်သည်။
သို့သော်လည်း ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (Research and Development – R & D) အတွက် ရန်ပုံငွေသည် ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်များအတွင်း (၂၄) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ထိုကာလအတွင်း စစ်လက်နက်ပစ္စည်းဝယ်မှုမှာ (၆.၄) ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ (၂၀၂၁) အတွင်း R & D နှင့် စစ်လက်နက်ပစ္စည်းဝယ်မှုအသုံးစရိတ် (၂) မျိုးလုံးတွင် လျှော့ချသုံးစွဲခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ R & D အတွက် အသုံးစရိတ်မှာ အနှုတ် (၁.၂) ရာခိုင်နှုန်း လျှော့ချသုံးစွဲခဲ့သော်လည်း၊ လက်နက်ဝယ်ယူမှုအသုံးစရိတ်ကို အနှုတ် (၅.၄) ရာခိုင်နှုန်းအထိ လျှော့ချသုံးစွဲခဲ့သည်။
၂၀၁၂ – ၂၀၂၁ ခုနှစ်များအတွင်း R & D အသုံးစရိတ်မြင့်တက်လာခြင်းမှာ အမေရိကန်အနေဖြင့် မျိုးဆက်သစ်နည်းပညာများအပေါ် အလေးထားလာခြင်းကို ညွှန်းဆိုကြောင်း SIPRI ၏ ကာကွယ်ရေးအသုံးစရိတ်နှင့် လက်နက်ထုတ်လုပ်ရေးအစီအစဉ်မှ သုတေတီ Alexandra Marksteiner က သုံးသပ်ထားသည်။ အမေရိကန်အစိုးရသည် သူ၏ မဟာဗျူဟာပြိုင်ဖက်များအပေါ် စစ်ဘက်နည်းပညာအရ နှာတစ်ဖျားသာလွန်မှုအား ထိန်းသိမ်းထားလိုသည်ကို ကြိမ်ဖန်များစွာ အလေးအနက်ထား ပြောကြားသည်ဟု သူကဆိုသည်။
စစ်ပွဲဆင်နွှဲရန် ကာကွယ်ရေးဘတ်ဂျတ် တိုးမြှင့်သုံးစွဲသည့် ရုရှား
ရုရှား၏ (၂၀၂၁) ခုနှစ် ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ (၆၅.၉) ဘီလီယံဖြစ်ရာ (၂.၉) ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခြင်းဖြစ်သည်။ ထိုအချိန်မှာ ယူကရိန်းနယ်စပ်တွင် ရုရှားတို့ တပ်အင်အား တိုးမြှင့်ချထားချိန်လည်း ဖြစ်သည်။ ဤသည်မှာ သုံးနှစ်ဆက်တိုက် ကာကွယ်ရေးအသုံးစရိတ်မြင့်တက်ခြင်း ဖြစ်ပြီး (၂၀၂၁) ခုနှစ်တွင် GDP ၏ (၄.၁) ရာခိုင်နှုန်း ရောက်ရှိလာသည်။
ဈေးနှုန်းမြင့်တက်လာသော ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေကြောင့် (၂၀၂၁) တွင် ရုရှားသည် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲနိုင်ခြင်းဖြစ်သည်။ (၂၀၁၄) ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်မှုကြောင့် အရေးယူပိတ်ဆို့ခံရခြင်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင် ဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် ရုရှားကာကွယ်ရေးအသုံးစရိတ်သည် (၂၀၁၆) မှ (၂၀၁၉) ခုနှစ်များအတွင်း ကျဆင်းသွားခဲ့ရပါသည်။
စစ်လက်နက်ပစ္စည်းဝယ်ယူမှုနှင့် စစ်ဆင်ရေးအသုံးစရိတ်များ အပါအဝင်ဖြစ်သော ကာကွယ်ရေးအသုံးစရိတ် လေးပုံသုံးပုံအတွက် အမျိုးသားကာကွယ်ရေးဘတ်ဂျတ်အား ပြင်ဆင်တိုးမြှင့်ပေးခဲ့သည်။ ထိုတိုးမြှင့်ပေးမှုမှာ အမေရိကန်ဒေါ်လာ (၄၈.၄) ဘီလီယံသို့ ရောက်ရှိပြီး (၂၀၂၀) ပြည့်နှစ်ကုန်တွင် သတ်မှတ်ခဲ့သည့် ကာကွယ်ရေးအသုံးစရိတ်ထက် (၁၄) ရာခိုင်နှုန်း တိုးမြှင့်သွားခြင်း ဖြစ်သည်။
ယူကရိန်းသည်လည်း (၂၀၁၄) ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ် သိမ်းပိုက်ခံရပြီးနောက် ရုရှားအား ရင်ဆိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို (၇၂) ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။ ယူကရိန်း ကာကွယ်ရေးအသုံးစရိတ်သည် (၂၀၂၁) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅.၉) ဘီလီယံသို့ ကျဆင်းသွားသော်လည်း GDP ၏ (၃.၂) ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်သည်။
အာရှနှင့် သမုဒ္ဒရာရပ်ဝန်းမှ အဓိက သုံးစွဲသူများ
ကမ္ဘာ့ဒုတိယအကြီးမားဆုံး အသုံးစရိတ်သုံးစွဲနေသည့် တရုတ်သည် (၂၀၂၁) ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၂၉၃) ဘီလံယံခွဲဝေသုံးစွဲခဲ့သည်။ (၂၀၂၀) ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက (၄.၇) ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်သည်။ တရုတ်အနေဖြင့် (၂၇) နှစ် ဆက်တိုက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဘတ်ဂျက်ခွဲဝေမှုသည် တရုတ်နိုင်ငံ၏ (၂၀၂၅) ခုနှစ်တွင် ကုန်ဆုံးမည့် (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ ပထမနှစ်လည်း ဖြစ်သည်။
ဂျပန်သည်လည်း (၂၀၂၁) ခုနှစ် ကနဦး ကာကွယ်ရေးဘတ်ဂျတ်အဖြစ် အမေရိကန်ဒေါ်လာ (၇) ဘီလီယံအား ထပ်ဆောင်းပေးခဲ့သည်။ ထို့ကြောင့် (၂၀၂၁) ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ (၅၄.၁) ဘီလီယံ ဖြစ်လာရာ (၇.၃) ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။ ဤသည်မှာ (၁၉၇၂) ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။
(၂၀၂၁) ခုနှစ် သြစတြေးလျ ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ (၃၁.၈) ဘီလီယံဖြစ်ရာ (၄) ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။
တရုတ်၏ တောင်နှင့် အရှေ့တရုတ်ပင်လယ်များနှင့် ဝန်းကျင်တွင် လုပ်ဆောင်မှုများက ဂျပန်နှင့် သြစတြေးလျတို့ကဲ့သို့သော နိုင်ငံများအတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရန် အဓိကတွန်းအား ဖြစ်လာသည်။ ဥပမာအားဖြင့် သြစတြေးလျအား အမေရိကန်ဒေါ်လာ (၁၂၈) ဘီလံယံ တန်ဖိုးရှိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (၈) စီး ပေးအပ်ရန်အတွက် သြစတြေးလျ၊ ယူကေနှင့် အမေရိကန်တို့က AUKUS သုံးနိုင်ငံ လုံခြုံရေးသဘောတူညီချက် ဖွဲ့စည်းလုပ်ဆောင်ခြင်း ဖြစ်သည်။
အခြားထင်ရှားသည့် ဖြစ်ပေါ်ပြောင်းလဲမှုများ
အီရန်၏ ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၂၄.၆) ဘီလီယံဖြစ်ရာ လေးနှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်သည်။ အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Islamic Revolutionary Guard Corps) အတွက် အသုံးစရိတ်မှာ (၂၀၂၀) ပြည့်နှစ်ကထက် စာလျှင် (၂၀၂၁) ခုနှစ်တွင် (၁၄) ရာခိုင်နှုန်း တိုးတက်လာပြီး အီရန်တပ်မတော် တစ်ရပ်လုံး စုစုပေါင်း အသုံးစရိတ်၏ (၃၄) ရာခိုင်နှုန်း ဖြစ်သည်။
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization – NATO) အဖွဲ့ဝင် (၈) နိုင်ငံသည် (၂၀၂၁) ခုနှစ်တွင် ၎င်းတို့ တပ်မတော်များ၏ ကာကွယ်ရေးအသုံးစရိတ်အား GDP ၏ (၂) ရာခိုင်နှုန်းထက် ကျော်လွန်သုံးစွဲရန် လျာထားချက်အား ပြည့်မှီ ကျော်လွန်ခဲ့သည်။ ဤသည်မှာ (၂၀၂၀) ပြည့်နှစ်အောက် တစ်နိုင်ငံ လျော့နည်းခဲ့သော်လည်း (၂၀၁၄) နောက်ပိုင်း နှစ်နိုင်ငံ တိုးလာခြင်း ဖြစ်သည်။
နိုင်ဂျီးရီးယား၏ (၂၀၂၁) ခုနှစ် ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ (၄.၅) ဘီလီယံဖြစ်ရာ (၅၆) ရာခိုင်နှုန်း တိုးမြင့်လာခြင်း ဖြစ်သည်။ အစွန်းရောက်အကြမ်းဖက်ဝါဒနှင့် ခွဲထွက်ရေး သူပုန်များစသည့် များပြားလှသည့် လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် ထိုသို့တိုးမြှင့်သုံးစွဲလာရခြင်း ဖြစ်သည်။
ဗဟိုနှင့် အနောက်ဥရောပတွင် သုံးစွဲမှုအများဆုံးဖြစ်သည့် ဂျာမနီသည် (၂၀၂၁) ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၅၆) ဘီလီယံဖြစ်ရာ GDP ၏ (၁.၃) ရာခိုင်နှုန်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကြောင့် (၂၀၂၀) ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ကာကွယ်ရေးအသုံးစရိတ်မှာ (၁.၄) ရာခိုင်နှုန်း လျော့နည်းသွားသည်။
(၂၀၂၁) ခုနှစ် ကာတာ၏ ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ (၁၁.၆) ဘီလီယံဖြစ်ရာ အရှေ့အလယ်ပိုင်းတွင် ပဉ္စမမြောက် အသုံးစွဲဆုံးနိုင်ငံဖြစ်လာသည်။ နောက်ဆုံး တရားဝင်ထုတ်ပြန်ထားသည့် (၂၀၁၀) ပြည့်နှစ် ကာကွယ်ရေးအသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက (၄၃၄) ရာခိုင်နှုန်း တိုးမြင့်လာခြင်း ဖြစ်သည်။
(၂၀၂၁) ခုနှစ် အိန္ဒိယကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ (၇၆.၆) ဘီလီယံဖြစ်ရာ ကမ္ဘာပေါ်တွင် တတိယအများဆုံးဖြစ်သည်။ ဤသည်မှာ (၂၀၂၀) ပြည့်နှစ်ထက် (ဝ.၉) ရာခိုင်နှုန်းနှင့် (၂၀၁၂) ခုနှစ်ထက် (၃၃) ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခြင်း ဖြစ်သည်။ ပြည်တွင်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို အားပေးသည့်အနေဖြင့် ငွေလုံးငွေရင်း သုံးငွေ၏ (၆၄) ရာခိုင်နှုန်းမှာ ပြည်တွင်းထုတ် စစ်လက်နက်ပစ္စည်များကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးအသုံးစရိတ် ရာခိုင်နှုန်း အပြောင်းအလဲများမှာ Real Term ဖြင့် (၂၀၂၀) ပြည့်နှစ် ဈေးနှုန်းသေ (Constant Price) ဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ ကာကွယ်ရေးအသုံးစရိတ်များတွင် လစာနှင့် စရိတ်၊ အကျိုးခံစားခွင့်များ၊ စစ်ဆင်ရေးအသုံးစရိတ်များ၊ စစ်လက်နက်ပစ္စည်းဝယ်ယူမှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ အုပ်ချုပ်မှု၊ အမိန့်ပေးကွပ်ကဲမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးစသည့် တပ်မတော်များ၏ လုပ်ငန်းဆောင်တာများ ပါဝင်သည်။ ထိုကြောင့် လက်နက်ဝယ်ယူမှုအသုံးစရိတ် (Arms Spending) ဟူသည့် ဝေါဟာရကို အသုံးပြုမည့်အစား ကာကွယ်ရေးအသုံးစရိတ် သို့မဟုတ် စစ်ဘက်ဆိုင်ရာအသုံးစရိတ် (Military Expenditure) ဟူသော ဝေါဟာရကသာ ပိုမို သဘာဝကျနေပေသည်။
ဒေါက်တာနိုင်ဆွေဦး
Source: World Military Expenditure passes USD 2 Trillion for First Time