(၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်ထုတ် သုတကမ္ဘာဂျာနယ် အတွဲ ၅ အမှတ် ၁၁ ပါ မျက်နှာဖုံး ဆောင်းပါး ဖြစ်ပါသည်။)
Golden Arch Theory နှင့် ရုရှား – ယူကရိန်း စစ်ပွဲ (၂၀၂၂)
ဒေါက်တာ နိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ
ဘောဂဗေဒပညာရပ်မှာ Capitalist Peace Theory ဆိုတာ ရှိပါတယ်။ အရင်းရှင်ငြိမ်းချမ်းရေးသီအိုရီလို ဘာသာပြန်ဆိုရပါမယ်။ အဓိပ္ပာယ်ဖွင့်ဆိုရလျှင်တော့ တံခါးဖွင့်စီးပွားရေးသည် ထိုစနစ်ကျင့်သုံးသော နိုင်ငံများအကြား ပိုမိုငြိမ်းချမ်းသော အမူအကျင့်ကို ဖြစ်ပေါ်စေပြီး ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသော နိုင်ငံများအချင်းချင်း ပဋိပက္ခဖြစ်ပေါ်နိုင်ချေ နည်းပါးတာကို ဆိုလိုပါတယ်။ လက်ရှိကမ္ဘာ့အခင်းအကျင်းမှာ ဒီသီအိုရီဟာ မှန်နေဆဲလားဆိုတာတော့ ပြန်လည် ဆန်းစစ်သင့်နေပါပြီ။
Golden Arch Theory
ဆက်စပ်ဖတ်ရှုနေရင်း Golden Arch Theory ဆိုတာကို သွားတွေ့ပါတယ်။ Golden Arch ဆိုတာ ကမ္ဘာ့ပေါ်မှာ အများဆုံးဖွင့်လှစ်ထားတဲ့ အမြန်စားစားသောက်ဆိုင်ခွဲများ ပိုင်ဆိုင်တဲ့ အမေရိကန်က မက်ဒေါနယ်လ် (McDonald’s) ကုမ္ပဏီကြီးရဲ့ အမှတ်တံဆိပ် “M” ရဲ့ အခုံးနှစ်ခုကို ဆိုလိုတာပါ။ Thomas L. Fredman ရဲ့ ၁၉၉၉ ခုနှစ်ထုတ် လက်ဆပ်ကားနဲ့ သံလွင်ပင် (The Lexus and the Olive Tree) စာအုပ်မှာ မက်ဒေါနယ်လ်နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ရေးထားတာ တွေ့ရပါတယ် –
“No two countries that both had McDonald’s had fought a war against each other since each got its McDonald’s.”
မက်ဒေါနယ်လ်ဆိုင်ခွဲများ ဖွင့်လှစ်ထားသော နိုင်ငံ နှစ်နိုင်ငံသည် ထိုဆိုင်များ ဖွင့်လှစ်ချိန်မှစတင်၍ စစ်ပွဲဖြစ်ပွားခြင်း မရှိ။ အဲဒါက သူ့ရဲ့ သီအိုရီပါ။ Thomas L. Fredman ဆိုတာ (၂၀၀၅) ခုနှစ်မှာ ကမ္ဘာပြားပြီ (The World is Flat) ကို ရေးသားသူလည်း ဖြစ်ပါတယ်။
စာရေးဆရာက လူလတ်တန်းစားသည် မက်ဒေါနယ်လ်ကွန်ယက်ကို စားသုံးနိုင်မှု များပြားလာသည့် အခြေအနေတစ်ခုကို ရောက်ရှိလာပါက တိုင်းပြည်စီးပွားရေး တိုးတက်လာမည်ဖြစ်ပြီး ထိုနိုင်ငံသည် မက်ဒေါနယ်လ်နိုင်ငံ (McDonald’s Country) ဖြစ်လာကာ စစ်ပွဲများ ဆင်နွှဲတိုက်ခိုက်မှုကို စိတ်ဝင်စားတော့မည် မဟုတ်ဟု ဆိုလိုပါတယ်။ အဲဒီသီအိုရီကို ထပ်ချဲ့ကြတာကတော့ နိုင်ငံ နှစ်နိုင်ငံသည် မက်ဒေါနယ်လ်ဆိုင်ခွဲများ ကိုယ်စီဖွင့်ထားပြီး ထိုနှစ်နိုင်ငံ၏ နယ်နိမိတ်များလည်း ထိစပ်နေပါက စစ်ပွဲ မည်သည့်အခါမျှ မဖြစ်ဟု ဆိုပါတယ်။ ယနေ့ကမ္ဘာ့အခင်းအကျင်းမှာ အဲဒီအဆိုကကော မှန်ကန်နေပါသေးရဲ့လား။
ကျွန်တော်တို့ ရုရှားဘွဲ့လွန်ပညာတော်သင်ကာလ (၂၀၀၈ – ၂၀၁၀) ခုနှစ်များအတွင်းမှာ သင်ကြားရေးဆေးရုံတစ်ခုကို သွားရောက်ပြီး သက်ဆိုင်ရာဘာသာရပ်တွေအလိုက် လက်တွေ့သင်ကြားရပါတယ်။ မြန်မာကျောင်းသားတွေကို အနီးကပ်သင်ကြားပေးဖို့ ပါမောက္ခတစ်ဦးကို ဌာနက တာဝန်ပေးထားပါတယ်။ ရုရှားက ဆရာအတော်များများဟာ မြန်မာက ဆရာ/ ဆရာမတွေလိုပါပဲ တပည့်တွေ အထူးသဖြင့် မြန်မာကျောင်းသားတွေကို အတော်ချစ်ကြပါတယ်။ စစ်သားတွေဖြစ်နေတော့ ဆရာကို မြင်တာနဲ့ ကျိုးနွံလုပ်ဆောင်လို့လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တစ်ခါတစ်လေ သားအမိ၊ သားအဖလိုတောင် ရင်းနှီးရပါတယ်။ ဆက်ရရင် ကျွန်တော်တို့ဟာ ပါမောက္ခနဲ့အတူ စာသင်လိုက်၊ ကွန်ဖရန့်တွေ တက်လိုက်နဲ့ အတော်ရင်းနှီးကြပါတယ်။ သူ့အတွက်တော့ မြန်မာပြည်နဲ့ မြန်မာကျောင်းသားဆိုတာ အရင်က အတော်ကို စိမ်းခဲ့ပါတယ်။ ကွန်ဖရင့်တွေကအပြန် မက်ဒေါ်နယ်လ်တို့၊ ကေအက်ဖ်စီ (KFC) စတဲ့ဆိုင်တွေမှာ အတူထိုင်စားချိန် ကျောင်းသားတွေက မိမိတို့ မိခင်နိုင်ငံမှာ အဲဒီဆိုင်တွေ (အဲဒီအချိန်က) မရှိကြောင်းပြောတော့ သူ(မ)က မယုံသလိုနဲ့ ကမ္ဘာပေါ်မှာ မက်ဒေါ်နယ်လ်ဆိုင်မရှိတဲ့ နိုင်ငံဆိုတာ မရှိဘူးလို ပြောပါတယ်။ (ကေအက်ဖ်စီကတော့ (၂၀၁၅) ခုနှစ်ကစပြီး မြန်မာမှာ လာရောက်ဖွင့်လှစ်ထားပါတယ်။)
သူပြောသလောက်နီးပါးပါပဲ မက်ဒေါ်နယ်လ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၀) မှာ ဆိုင်ခွဲပေါင်း (၃၉၀၀၀) ကျော်ကို Franchise စနစ်နဲ့ ဖွင့်လှစ်ထားပါတယ်။ အလုပ်အကိုင်ပေါင်း (၁.၇) သန်းကို ဖန်တီးပေးထားပါတယ်။ မက်ဒေါ်နယ်လ်ကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ (၁၉၄၀) ပြည့်နှစ်က စတင်ဖွင့်လှစ်ပြီး ယခုအခါမှာ သက်တမ်း (၈၂) ရှိပြီ ဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၂၁) ဘီလီယံကျော် ရှိပါတယ်။
လက်ရှိ ရုရှား – ယူကရိန်း စစ်ပွဲ ဖြစ်ပွားနေချိန် နှစ်နိုင်ငံလုံးမှာ မက်ဒေါ်နယ်လ်ဆိုင်ခွဲတွေ ရှိနေပါတယ်။ အဲဒီအတွက် Golden Arch Theory ကို လက်ရှိအချိန်မှာ မှားယွင်းသွားပြီလို သုံးသပ်နိုင်ပါတယ်။ စစ်ပွဲစတင်ချိန်မှသာ မက်ဒေါ်နယ်လ်ဟာ ရုရှားက သူ့ဆိုင်ခွဲတွေရဲ့ ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ သိုပေမယ့် ဝန်ထမ်းတွေကိုတော့ လစာဆက်လက်ပေးထားဆဲ ဖြစ်ပါတယ်။
နောက်ဆုံးသတင်းတွေအရတော့ ဆိုဗီယက်ပြည်ထောင်စုခေတ် (၁၉၉၀) ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ပြီး (၃၂) နှစ်အကြာမှာ မက်ဒေါ်နယ်လ်ဟာ ရုရှားကနေ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။ ရုရှားမှာ မက်ဒေါ်နယ်လ်ဆိုင်ခွဲပေါင်း (၈၄၇) ခု ရှိပြီး ဝန်ထမ်းပေါင်း (၆၂၀၀၀) ကျော်ရှိပါတယ်။ မက်ဒေါ်နယ်ဆိုင်ခွဲတွေကို အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင် Alexander Govor က ဝယ်ယူမှာဖြစ်ပြီး အမည်သစ်နဲ့ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
Dell Theory
Thomas L. Fredman က ကမ္ဘာပြားပြီ (The World is Flat) စာအုပ်ထဲမှာ အဲဒီ Golden Arch Theory သီအိုရီကို ထပ်ဆင့်ပွားပြီး Dell Theory ဆိုပြီးလည်း ထပ်မံ ရေးသားခဲ့ပါသေးတယ်။ Dell Theory ကို Dell Theory of Conflict Prevention လိုလဲ ခေါ်ကြပါသေးတယ်။ အဲဒီသီအိုရီမှာ ဖွင့်ဆိုထားတာက –
“The Dell Theory Stipulates: Now two countries that are both part of a major global supply chain, like Dell’s, will ever fight war against each other as long as they are both part of the same global supply chain.”
ဆိုလိုတာက Dell ကုမ္ပဏီကဲ့သိုသော ကမ္ဘာလုံးဆိုင်ရာ အဓိကထောက်ပံ့ရေး ကွင်းဆက် (Global Supply Chain) တစ်ခုအတွင်း ပါဝင်နေသော နိုင်ငံနှစ်နိုင်ငံသည် ထိုကွင်းဆက်အတွင်း ရှိနေသမျှကာလအတွင်း စစ်ပွဲဆင်နွှဲရန် အကြောင်းမရှိဟူ၍ ဖြစ်ပါတယ်။
အဲဒီသီအိုရီဟာလည်း ရုရှားက ခရိုင်းမီးယားကို ဝင်ရောက်သိမ်းပိုက်တဲ့ (၂၀၁၄) ခုနှစ်အရောက်မှာ မှားယွင်းသွားပြီပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မတိုင်ခင်က လေယာဉ်နဲ့ ရဟတ်ယာဉ်တွေအတွက် ဂျက်တာဘိုင်အင်ဂျင်တွေ အပါအဝင် ရုရှားအတွက် အရေးပါတဲ့ စစ်ဘက်နဲ့ အရပ်ဘက်သုံး ကိရိယာ အစိတ်အပိုင်းတွေဟာ ယူကရိန်းမှာ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ အသုံးပြုနေတဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်အများစုဟာ တူညီနေပြီး၊ ဆိုဗီယက်ခေတ်မှာ တည်ဆောက်ခဲ့တဲ့ စက်ရုံအများအပြားဟာလဲ ယူကရိန်းမှာ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။
(၂၀၁၄) ခုနှစ် ရုရှားက ခရိုင်းမီးယားကို ဝင်ရောက်သိမ်းပိုက်ပြီးချိန်မှာ ယူကရိန်းက ရုရှားထံ အဲဒီပစ္စည်းတွေ တင်ပို့မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီကန့်သတ်ချက်များကြောင့် နောက်ပိုင်းယူကရိန်းမှာ စစ်ကို ဆက်လက်ဆင်နွှဲဖို့ ရုရှားအတွက် ခက်ခဲသွားခဲ့ဖူးပါတယ်။ ရုရှားဟာ အဲဒီသင်ခန်းစာအရ ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံဟောင်းတွေထံမှာ မှီခိုတာကို လျော့ချဖို ကြိုးစားလာခဲ့ပါတယ်။ ယခင်က ကာဇက်စတန်မှာရှိတဲ့ Baikonur Cosmodrome အာကာသလွှတ်တင်ရေးစခန်း တစ်ခုတည်းကိုသာ အားထားနေရာက Vostochny Cosmodrome အာကာသလွှတ်တင်ရေးစခန်းကို ပြည်တွင်းမှာ တည်ဆောက်တာ၊ စစ်ရေယာဉ်တွေအတွက် အင်ဂျင်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ လုပ်ဆောင်တာတွေလည်း အပါအဝင် ဖြစ်ပါတယ်။
ရုရှား – ယူကရိန်း စစ်ပွဲ (၂၀၂၂) ဟာ ယခင်က ရှိပြီး သီအိုရီအချိုဟာ မှားယွင်းကြောင်း သက်သေပြနေသလို နောက်ထပ် စီးပွားရေးနဲ့ စစ်ပွဲဆိုင်ရာ သီအိုရီသစ်များလည်း ထွက်ပေါ်လာနိုင်သေးကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ဒေါက်တာနိုင်ဆွေဦး