ရုရှား၏ Tor-M2 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ယူကရိန်းစစ်ပွဲ၌ အသုံးပြုလျက်ရှိ
Zmiinyi ကျွန်းပေါ်တွင် ရုရှားတပ်ဖွဲ့များ Tor-M2 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များ တပ်ဖြန့်ချထားပုံကို ပြသသည့် ထောက်လှမ်းရေးအချက်အလက်များကို ယူကရိန်းအရာရှိများက ပြီးခဲ့သည့်သီတင်းပတ်တွင် အတည်ပြုခဲ့ကြသည်။
Snake Island ဟုလည်း လူသိများသော Zmiinyi ကျွန်းသည် Black Sea တွင် တည်ရှိသော ယူကရိန်းပိုင်နက် ဖြစ်သည်။ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်သည့် ပထမဆုံးနေ့တွင် အဆိုပါ ကျွန်းကို Moskva ခရူဇာက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းခရုဇာစစ်ရေယာဉ်အား ယူကရိန်းနက်ပကျွန်း ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရမှုကြောင့် နစ်မြှပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် မကြာမီတွင်ကျွန်းပေါ်တွင် စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းနေရာများ တည်ဆောက်ခဲ့သော်လည်း ယူကရိန်းတပ်ဖွဲ့များက အဆိုပါနေရာများကို ဒုံးကျည်များဖြင့် ထိမှန်ဖျက်ဆီးခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် မေလ ၇ ရက်နေ့တွင် ယူကရိန်းစစ်တပ်သည် Snake ကျွန်းအနီးရှိ Serna ကမ်းတက်ရေယာဉ်အား Bayraktar TB2 ဒုံးကျည်ဖြင့် တိုက်ခိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားသည် တာတိုပစ် လေကြောင်းရန် ကာကွယ်ရေးအတွက် Tor-M2 ဒုံးကျည်စနစ်ကို ကျွန်းပေါ်တွင်ချထားခဲ့သည်။
“တကယ်တော့ ပင်လယ်နက်ရဲ့ အနောက်မြောက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်ဖို့ ရုရှားက အသုံးပြုမယ့် မဟာဗျူဟာမြောက် လက်နက်စနစ်တစ်ခုဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက ခန့်မှန်းထားပါတယ်” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Vadym Skibitsky က ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။
စစ်ပွဲ၏ ပထမရက်များမှစ၍ ရုရှားသည် ကျွန်းကိုသိမ်းပိုက်ခဲ့ပြီး ကျွန်းအနီးရှိ လေထု၊ မြေပြင်နှင့် ရေအောက် အခြေအနေများကို စောင့်ကြည့်ရန် လိုအပ်သောပစ္စည်းများကို စတင်တပ်ဆင်ခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်ပေ။ “တကယ်တော့၊ ဒါက ရုရှားအတွက် ဒီဒေသနဲ့ပတ်သက်ပြီး ပိုမိုတိကျတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းနိုင်စေခဲ့တာ ဖြစ်ပါတယ်။” Skibitsky ၏အဆိုအရ ရုရှားတို့သည် Moskva နစ်မြုပ်မှုအပြီးတွင် အဆိုပါကျွန်းအား အထူးအရေးကြီးသည်ဟု ယူဆကြသည်။
Tor-M2 ဆိုတာဘာလဲ။
Tor-M2 သည် ရုရှားနိုင်ငံထုတ် Tor-M1 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်၏ ခေတ်မီဗားရှင်း ဖြစ်သည်။ တာတိုပစ်ဒုံးကျည်စနစ်ကို ၂၀၀၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင် ပဋိပက္ခများစွာတွင် အသုံးပြု ခဲ့သည်။
အဆိုပါစနစ်ကို UAV များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ပဲ့ထိန်းဒုံးကျည်များနှင့် အခြားလေကြောင်းချီလက်နက်များ သို့မဟုတ် လေယာဉ်များအားလုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
တပ်ဖွဲ့များသည် ချိန်းတပ် သို့မဟုတ် ဘီးတပ်ယာဉ်ကိုယ်ထည်ပေါ်တွင် ဒုံးကျည်စနစ်ကို တပ်ဆင်ပစ်ခတ်နိုင်ပါသည်။ အနိမ့်ပျံပစ်မှတ်များကို တိုက်ခိုက်သောအခါတွင် အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိသည်။
Russia’s Tor-M2 Air Defense System Go to War in Ukraine အား ဘာသာပြန်ဆိုပါသည်။
သက်ထူးခန့်ပိုင်(ရေနံချောင်း)
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့