တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် နောက်ဆုံးပေါ် AC313A ရဟတ်ယာဉ်အား ပထမဦးဆုံး စမ်းသပ်ပျံသန်း
တရုတ်နိုင်ငံ၏ နောက်ဆုံးထုတ်ဘက်စုံသုံး အကြီးစားရဟတ်ယာဉ်ဖြစ် သည့် AC313A သည် အင်္ဂါနေ့တွင် ၎င်း၏ ပထမဆုံးသော ပျံသန်းမှုကို ပြုလုပ်နိုင်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံ၏ လေကြောင်းဆိုင်ရာ ကိရိယာတန်ဆာပလာများ တိုးချဲ့ထုတ်လုပ်ခြင်းဆီသို့ ကြီးမားသော ခြေလှမ်းတစ်ရပ် ကို စတင်နိုင်ခဲ့ပြီဖြစ်သည်။
နံနက် ၈ နာရီ ၅၅ မိနစ်တွင် ပျံတက်ပြီး ၉ နာရီ ၁၇ မိနစ်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ် Jingdezhen ရှိ Lümeng လေဆိပ်တွင် ဆင်းသက်ခဲ့ပြီး AC313A ၏ ပထမဆုံးပျံသန်းမှုမှာ အောင်မြင် ချောမောစွာ ပျံတက်၊ ဆင်းသက်နိုင်ခဲ့ကြောင်း Global Times သတင်းဌာနက တရုတ်အစိုးရပိုင် လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) ထံမှ သိရှိရပါသည်။
AC313A ရဟတ်ယာဉ်သည် နောက်ထပ်စမ်းသပ်ပျံသန်းမှုများ ပြုလုပ်မည်ဖြစ်ပြီး သုံးစွဲသူများထံ ပေးပို့ခြင်းမပြုမီ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (2021-25) အတွင်း လေကြောင်းပျံသန်းမှုနှင့် ထိုက်တန်သည့် အသိအမှတ်ပြုလက်မှတ်ရရှိရန် မျှော်လင့်ထားကြောင်း AVIC မှ ပြောကြားခဲ့သည်။
အရပ်ဘက်သုံး AC313 ကိုအခြေခံ၍ ၁၃ တန် အတန်းအစားသုံး ဘက်စုံသုံး အကြီး စားရဟတ်ယာဉ်အဖြစ် AC313A တွင် ပိုမိုကောင်းမွန်သော မောင်းနှင်အား၊ သက်တမ်းပိုရှည်ပြီး ယုံကြည်စိတ်ချရမှု ပိုမိုကောင်းမွန်သော အင်ဂျင်အမျိုးအစားအသစ်ကို တပ်ဆင်ထားပါသည်။ ၎င်းသည် mechatronics၊ avionics၊ flight control နှင့် steering systems စသည့် လေကြောင်းစနစ်ပိုင်းတို့တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး ယခုအခါ ၎င်းတွင် ကျန်းမာရေးနှင့် အသုံးပြုမှု စောင့်ကြည့်ရေးစနစ်အပြင် rotor blades များအတွက် anti-icing device (ရေခဲခွဲကိရိယာ) တစ်ခုလည်း တပ်ဆင်အသုံးပြုပေးထားသည်။ ပြန်လည်ဒီဇိုင်းထုတ်ထားသော widebody ကိုယ်ထည်သည် ရဟတ်ယာဉ်အား ပိုမိုကြီးမားကျယ်ပြန့်သော အတွင်းပိုင်းနေရာကို ဖန်တီးပေးနိုင်ပြန်သည်။
AC313A သည် ကမ္ဘာ့အားအကောင်းဆုံး တာဘိုရှပ် (turboshaft ) အင်ဂျင်များအပြင် အလျော့အတင်း (reducers) အသစ်များ၊ စောင်းထားသောအမြီးရဟတ်၊ ပိုမိုကောင်းမွန်သောရဟတ်များ၊ ထိန်းချုပ်မှုစနစ်များနှင့် ကျယ်ပြန့်သောဖွဲ့စည်းပုံတို့ကို အသုံးပြုကာ ရဟတ်ယာဉ်၏ စွမ်းဆောင်ရည်ကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ပေးနိုင်ခဲ့သည်ဟု ဒီဇိုင်နာအကြီးအကဲ Liu Wenqi မှ ပြောကြားခဲ့ပါသည်။
ပထမဆုံးပျံသန်းမှု၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန် AC313A သည် နာရီ ၅၀ ကြာ သံမဏိငှက် (iron bird endurance) စမ်းသပ်မှုကို ပြီးမြောက်ခဲ့ကြောင်း Liu က ပြောကြားခဲ့သည်။ သံမဏိငှက် (iron bird) သည် လေယာဉ်၏ လုပ်ဆောင်ချက်များကို စမ်းသပ်ရန် မြေပြင်အခြေစိုက်ကိရိယာတစ်ခုဖြစ်သည်။
AC313A ၏ လေကြောင်းပျံသန်းမှုစနစ်သည် ပထမဆုံးပြည်တွင်းတွင် တီထွင်ထုတ်လုပ်ထားသော ပျံသန်းမှုစီမံခန့်ခွဲရေးစနစ်အား အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်၏ ဧရိယာလိုက်လမ်းကြောင်းပြစနစ်အား အဆင့်မြှင့်တင်ထားသည့်အတွက် ဘေးကင်းလုံခြုံမှုနှင့် လေယာဉ်အမှုထမ်းများအတွက် ဝန်ထုပ်ဝန်ပိုးကို သိသိသာသာလျှော့ချပေးနိုင်ခဲ့ကြောင်း အဆိုပါ စနစ်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းဆောင် Cao Xi က ပြောကြားခဲ့သည်။
အမြင့်ဆုံး ပျံတက်နိုင်သည့်အလေးချိန် ၁၃.၈ တန်ရှိပြီး ခရီးသည် ၂၈ ဦး တင်ဆောင်နိုင်သည့် AC313A ဘက်စုံသုံးရဟတ်ယာဉ်သစ်သည် တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွင် အားနည်းချက်များကို လျှော့ချရန် ဒီဇိုင်းထုတ်ထားသည်။ ရှာဖွေရေးမီးများ၊ မီးသတ်ဗူးများ၊ လျှပ်စစ်စွမ်းအင်သုံး ဝန်ချီစက်များနှင့် အသံချဲ့စက်များကဲ့သို့သော ကိရိယာအစုံအလင်ပါရှိခြင်းဖြင့် ရဟတ်ယာဉ်သည် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ပါသည်။ အဆင့်မြှင့်တင်မှုများကြောင့် AC313A သည် ကုန်းမြင့်ဒေသများတွင် ထူးထူးခြားခြား တာဝန်ထမ်းဆောင်နိုင်ပြီး ၎င်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Xizang (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဲ့သို့ ကုန်းပြင်မြင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတွင် ထိရောက်သောရွေးချယ်မှု တစ်ခုဖြစ်စေသည်။
အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီ၊ အရေးပေါ်ထိန်းချုပ်မှုနှင့် အမိန့်ပေးမှု၊ တရားဥပဒေစိုးမိုးရေးနှင့် ရေကြောင်းကယ်ဆယ်ရေးစသည့် မစ်ရှင်များအတွက်လည်း စိတ်ကြိုက်ပြင်ဆင် လုပ်ဆောင်နိုင်သည့်အတွက် ၎င်းသည် တရုတ်နိုင်ငံ၏ မတူညီသော မြေပြင်အနေအထားနှင့် ရာသီဥတုအခြေအနေတစ်လျှောက် လိုအပ်ချက် အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း AVIC မှ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံးခံရသော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ အတွေ့အကြုံအပေါ် အခြေခံ၍ သမားရိုးကျ ကယ်ဆယ်ရေးနည်းလမ်းများကို အချိန်နှင့်နေရာအလိုက် ကန့်သတ်ထားသောကြောင့် လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရန် လိုအပ်သောကြောင့် လျင်မြန်ပြီး ဧရိယာကျယ်ဝန်းကာ ရွေ့လျားမှုနှင့် ထိရောက်မှု မြင့်မားကောင်းမွန်သည် ဟု ကျွမ်းကျင်သူများက လေ့လာသုံးသပ်ထားကြပါသည်။
China’s latest large helicopter AC313A makes maiden flight အားဘာသာပြန်ဆို ထားပါသည်။
သက်ထူးခန့်ပိုင်(ရေနံချောင်း)
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့