ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေး
(Day 88 အပြီး အခြေအနေ)
မာရီယူပူးလ်မြို့ Azovstal စက်ရုံမှာ ပိတ်မိနေတဲ့ ယူကရိန်းစစ်သား စုစုပေါင်း ၂၄၃၉ ယောက်ဟာ ရုရှားတို့ထံ လက်နက်ချလိုက်ပြီးတဲ့နောက်မှာ မာရီယူပူးလ်ဟာ ရုရှားတို့ထံ လုံးဝကျရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
မာရီယူပူးလ်မြို့ ကျဆုံးသွားပြီဖြစ်တဲ့အတွက် ရုရှားဟာ ဒွန်ဘက်စ်ဒေသနယ်မြေအများစု အပါအဝင် ယူကရိန်းနိုင်ငံရဲ့နယ်မြေ စတုရန်းမိုင် ၂၅၀၀၀ နီးပါးခန့် သိမ်းပိုက်ထားတဲ့ အခြေအနေဖြစ်ပါတယ်။ ခရိုင်းမီးယားကိုပါ ထည့်တွက်ရင် စတုရန်းမိုင် ၃၅၀၀၀ ခန့် ဖြစ်ပါတယ်။
ဒါကြောင့် အခုဆိုရင် ရုရှားဟာ ခရိုင်းမီးယားအထိ ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကာ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်တဲ့ ဆီဗာစတိုပိုလ်ဆိပ်ကမ်းကို အသုံးပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေအနေအရ ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအခြေအနေကို မာရီယူပူးလ်ဒေသ၊ ခါးကိဗ်ဒေသ၊ ဆဗီရိုဒိုးနက်စ် (Severodonetsk) နဲ့ ခါဆွန်ဒေသဆိုပြီး ခွဲခြားတွေ့မြင်ရပါတယ်။
ခါးကိဗ်ဒေသစစ်ဆင်ရေး
ရုရှားတွေဟာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့တော်ခါးကိဗ်အနီးကို စစ်ပွဲစတင်ကတည်းက ရောက်ရှိလာခဲ့ပေမဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခြင်းမရှိဘဲ မြို့ကို သုံးဘက်ကနေဝန်းရံထားပြီး အမြောက်၊ ဒုံးပျံတွေနဲ့ ပစ်ခတ်မှုတွေသာ ပြုလုပ်ခဲ့ပါတယ်။
ရုရှားတွေရဲ့ မူလကတည်းက ရည်ရွယ်ချက်ဟာ ခါးကိဗ်ကို သိမ်းပိုက်ဖို့မဟုတ်ဘဲ Mask ပြုလုပ်ဖို့သာ ဖြစ်တယ်လို့ ယူဆရပါတယ်။
Mask ဆိုတာက Manoeuvre Warfare/ Mobile Warfare ရဲ့ စစ်နည်းဗျူဟာတစ်ခုဖြစ်ပြီး “ရန်သူကို အခိုင်အမာနေရာတစ်ခုမှာ ပိတ်မိနေအောင် ရင်ဆိုင်ထိန်းချုပ်ထားပြီး မိမိတပ်တွေလှုပ်ရှားမှုကို ရန်သူမသိနိုင်အောင် ကာကွယ်ပေးထားခြင်း” ဖြစ်ပါတယ်။ အခိုင်အမာနေရာက ရန်သူ့တပ်တွေကို မိမိတပ်တွေက Mask ပြုလုပ်ထားချိန်မှာ အဓိကတပ်တွေက ရှောင်ကွင်းချီတက် Bypass ပြုလုပ်ကာ အခြားနေရာတွေကို တိုက်ခိုက်လေ့ ရှိပါတယ်။
ယခု ခါးကိဗ်တိုက်ပွဲမှာလည်း တပ်အချို့က ခါးကိဗ်ကို ရင်ဆိုင်ထားစဉ်မှာ အဓိကရုရှားတပ်တွေဟာ တောင်ဘက်ကို ချီတက်ပြီး ဆက်သွယ်ရေးအရ အချက်အချာကျတဲ့ အစ်ဇီယမ် (Izium) မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အစ်ဇီယမ်ကို သိမ်းပိုက်လိုက်တဲ့အတွက် ခါးကိဗ်ဒေသနဲ့ ဒွန်ဘက်စ်ဒေသဟာ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်သွားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံထဲက ရုရှားတပ်တွေရဲ့ အဓိကအခြေချစခန်းဖြစ်တဲ့ ဘယ်လ်ဂိုရော့ဒ် (Belgorod) ကနေ ဒွန်ဘက်စ်မြောက်ပိုင်း လူဟန့်စ်ကတပ်တွေကို အုပ်ချုပ်ထောက်ပံ့မှု ပြုလုပ်ပေးလာနိုင်ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်တိုက်စစ်
ယူကရိန်းတပ်တွေဟာ မေလဆန်းကစပြီး ခါးကိဗ်ဒေသမှာ တန်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်တိုက်စစ်နဲ့အတူ ရုရှားတပ်တွေဟာလည်း ခါးကိဗ်အနီးကနေ ဆုတ်ခွါခဲ့ပြီး ဘယ်လ်ဂိုရော့ဒ်-ဒွန်ဘက်စ် ဆက်သွယ်ရေးလမ်းကြောင်းအနီးအထိ ဆုတ်ခွါခဲ့ပြီး ခံစစ်ယူထားပါတယ်။
ရုရှားတပ်တွေဟာ အရေးနိမ့်ဆုတ်ခွါတဲ့ အရိပ်အယောင်မရှိဘဲ ကိယက်ဗ်မှ ဆုတ်ခွါစဉ်ကလိုပဲ စနစ်တကျ ကြိုတင်ပြင်ဆင် ဆုတ်ခွါတာလို့ အနောက်နိုင်ငံတွေက လေ့လာသူတွေက ဆိုပါတယ်။
ယူကရိန်းတပ်တွေဟာ ခါးကိဗ်မြို့ဝန်းကျင်ကိုပဲ ပြန်ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ခါးကိဗ်ဒေသမှာ ရုရှားက တန်ပြန်တိုက်စစ်ဆင်လျက်ရှိပါတယ်။ ရုရှားတွေရဲ့ ရည်ရွယ်ချက်က ရှေ့တိုးချီတက်နေတဲ့ ယူကရိန်းတပ်တွေ ရပ်တန့်သွားအောင် အကန့်အသတ်နဲ့ တန်ပြန်တိုက်စစ်ဆင်တာဖြစ်ကြောင်း ယူဆရပါတယ်။
ဒါကြောင့် ခါးကိဗ်ဒေသစစ်ရေးအခြေအနေဟာ ရှေ့မတိုး၊ နောက်မဆုတ် Stalemate အခြေအနေမှာ ရှိနေပါတယ်။
ရုရှားဟာ ဘယ်လ်ဂိုရော့ဒ်ကို တပ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့အတူ Iskander ဒုံးပျံတွေ ထပ်ပို့ထားတဲ့အတွက် ရုရှားတွေအနေနဲ့ ဘယ်လ်ဂိုရော့ဒ်-ဒွန်ဘက်စ် ဆက်သွယ်ရေးလမ်းကြောင်းကို အထိမခံဘဲ အခိုင်အမာကာကွယ်သွားမယ့် အလားအလားရှိနေပါတယ်။
ဆဗီရိုဒိုးနက်စစ်ဒေသစ်ဆင်ရေး
လူဟန့်စ်ပြည်နယ်ဟာ ရုရှားလက်အောက်ကို ၉၀% ခန့်ကျရောက်သွားပြီး ယူကရိန်းထိန်းချုပ်နယ်မြေဟာ ၁၀% မျှသာ ရှိပါတော့တယ်။ အဓိကမြို့ဆိုလို့လည်း ဆဗီရိုဒိုးနက်စ် (Severodonetsk) နဲ့ လစ်ဆီချန့်စ် (Lysychansk) ဆိုပြီး ၂ မြို့သာကျန်ပါတယ်။
ဆဗီရိုဒိုးနက်စ်နဲ့ လစ်ဆီချန့်စ်ဟာ ကြားမှာ ဒိုးနက်စ်မြစ်သာ ခြားထားတဲ့ မြို့ညီနောင်ဖြစ်ပါတယ်။
လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲတစ်ခုလုံးရဲ့ တိုက်ပွဲအပြင်းထန်ဆုံးနေရာဟာ လူဟန့်စ်ပြည်နယ် ဆဗီရိုဒိုးနက်စ်ဒေသ ဖြစ်ပါတယ်။
ဆဗီရိုဒိုးနက်စ်ဟာ လူဟန့်စ်ဒေသရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး မြို့တော်ဖြစ်တဲ့ လူဟန့်စ်မြို့ကို ရုရှားတပ်တွေက သိမ်းလိုက်ပြီးနောက်မှာ ယူကရိန်းအစိုးရက ဆဗီရိုဒိုးနက်စ်ကို မြို့တော်အဖြစ် ယာယီသတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ရုရှားတပ်တွေဟာ ဆဗီရိုဒိုးနက်စ်ကို သိမ်းပိုက်နိုင်ရေးအတွက် အရှေ့ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက်ဆိုပြီး ၃ ဘက် ညှပ်တိုက်နေတာ ဖြစ်ပါတယ်။
ယခင်ရက်တွေမှာတော့ ရုရှားတပ်တွေဟာ ဆဗီရိုဒိုးနက်စ်ကို အနောက်ဘက်ကနေပါ ဝိုင်းရံတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဘီလိုဟော်ရစ်ကာ (Bilohorivka) အနီးကနေ ဒိုးနက်စ်မြစ်ကို ဖြတ်ကူးဖို့ ကြိုးပမ်းခဲ့ပေမဲ့ ယူကရိန်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ယာယီပွန်တွန်းတံတား ၂ စင်း ပျက်ဆီးကာ အထိအခိုက်များပြီး မအောင်မမြင်ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ၃ ဘက်ကနေသာ ဖိအားပေးတိုက်စစ်ဆင်နေတာ တွေ့ရပါတယ်။
ရုရှားတွေဟာ ဒိုးနက်စ်မြစ်အရှေ့ဘက်ကမ်းက ဆဗီရိုဒိုးနက်စ်မြို့ ခံတိုက်နေတဲ့ ယူကရိန်းတပ်တွေဆီကို ထောက်ပံ့ရေးပစ္စည်းတွေ မပို့နိုင်အောင် ရည်ရွယ်ကာ ဒိုးနက်စ်မြစ်ကူးတံတားတွေကို ဖောက်ခွဲဖျက်ဆီး ချိုးပစ်နေတာ တွေ့ရပါတယ်။
လက်ရှိအခြေအနေအရ မကြာမီရက်ပိုင်းမှာပဲ ဆဗီရိုဒိုးနက်စ် ကျဆုံးမယ်လို့ သုံးသပ်ရပါတယ်။
ဆဗီရိုဒိုးနက်စ်ကို ၃ ဘက် ၃ တန် တိုက်နေတာဖြစ်တဲ့အတွက် ယူကရိန်းတပ်တွေဟာ မဆုတ်ဘဲ ခုခံနေမယ်ဆိုရင် မာရီယူပူးလ်လို အဝိုင်းခံရမဲ့အခြေအနေဖြစ်ပါတယ်။
ဆဗီရိုဒိုးနက်စ်ကျဆုံးရင်တော့ ရုရှားတွေဟာ လူဟန့်စ်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်မှာဖြစ်ပြီး ဒါဆိုရင်တော့ လူဟန့်စ်နဲ့ ဒိုးနက်စ်ပြည်နယ် ၂ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒွန်ဘက်စ်ဒေသတစ်ခုလုံးကို သိမ်းနိုင်တဲ့သဘော ဖြစ်ပါတယ်။
မာရီယူပူးလ်ဒေသ
Azovstal စက်ရုံ လက်နက်ချပြီးနောက်မှာတော့ ရုရှားတပ်တွေဟာ မြောက်ဘက်နဲ့ အနောက်ဘက်ကို ဦးတည်ချီတက်နေပြီး ဆဗီရိုဒိုးနက်စ်ကို နောက်ကျောကနေ ဝိုင်းပတ်ပြီး ချေမှုန်းဖို့ ထိုးစစ်ဆင်လျက် ရှိပါတယ်။
မာရီယူပူးလ်ကျဆုံးခြင်းဟာ ယူကရိန်းအတွက် စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးသာမက စိတ်ဓါတ်ရေးရာကိုပါ ထိခိုက်စေပါတယ်။
ခါဆွန်ဒေသ
ခါဆွန်ဒေသမှာတော့ အခြေအနေတည်ငြိမ်နေပြီး ၂ ဘက် ထိုးစစ်ဆင်မှု မရှိပါဘူး။
အိုဒက်ဆာဆိပ်ကမ်းကိုတော့ ရုရှားက blockade လုပ်ထားပြီး ဒုံးပျံတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပါတယ်။
Snake Island ကို ယူကရိန်းတပ်တွေ စီးနင်းတိုက်ခိုက်ဖို့ ကြိုးစားမှု အရေးနိမ့်ပြီးနောက်ပိုင်းမှာ ဒီကျွန်းမှာလည်း ထူးခြားမှု မရှိသေးတာ တွေ့ရပါတယ်။
ရုရှားစစ်နည်းဗျူဟာ
ရုရှားရဲ့ စစ်နည်းဗျူဟာက အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ကြီးတွေကို နေရာအနည်းငယ်မှာ ဆင်နွှဲခြင်း မရှိတော့ဘဲ ထိုးစစ်ငယ်လေးတွေကို နေရာအနှံ့အပြားမှာ ပြုလုပ်ခြင်းအားဖြင့် ယူကရိန်းတပ်တွေရဲ့ စစ်အင်အား၊ လက်နက်ပစ္စည်း၊ ထောက်ပံ့ပို့ဆောင်ရေး အစရှိတာတွေ ပြန့်ကျဲပြီး ခံစစ်ကို အားနည်းအောင် ဆောင်ရွက်နေတာ တွေ့ရပါတယ်။
လူ၊ လက်နက်၊ စီးပွားရေး သာလွန်တဲ့ ရုရှားဟာ ယူကရိန်းကို ရေရှည်စစ်နဲ့ အမှည့်ခြွေမယ့် သဘောရှိပါတယ်။
ဒွန်ဘက်စ်ဒေသနဲ့ ရုရှား ဆက်သွယ်တဲ့ မီးရထားလမ်းတွေကို ပြုပြင်ပြီး လက်နက်ခဲယမ်းထောက်ပံ့မှုတွေ လုပ်လာလို့ စစ်ဆင်ရေးဟာ ပိုမိုထိရောက်လာပါတယ်။
မြို့တွင်းစစ်ဆင်ရေးတွေမှာ ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့အတွက် Terminator တိုက်ခိုက်ရေးယာဉ်တွေကို ဆဗီရိုဒိုးနက်စ်မှာ တပ်ဖြန့်အသုံးပြုလာတာ တွေ့ရပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံတွေက လက်နက်စီးဆင်းဝင်ရောက်တဲ့လမ်းကြောင်းတွေကို ပိုင်းဖြတ်တိုက်ခိုက်နိုင်ခြင်း မရှိတာ တွေ့ရပါတယ်။
ယူကရိန်းစစ်လေယာဉ်အချို့ အခုချိန်အထိ ပျံသန်းနေနိုင်ခြင်းကိုကြည့်ရင် ရုရှားတွေဟာ လေကြောင်းစိုးမိုးမှု မရသေးတာ ထင်ရှားပါတယ်။
ရုရှားအနေနဲ့ Hypersonic ဒုံးပျံတွေသုံးလာပေမယ့် ဒီဒုံးပျံမျိုးဟာ Time Sensitive ဖြစ်ပြီး အချိန်နဲ့တပြေးညီ ခွင့်ကြုံပစ်ရမဲ့တန်ဖိုးကြီး ပစ်မှတ်မျိုးကိုသာ ပစ်ခတ်မှသာ ပိုထိရောက်တာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ ပြဿနာ
ယူကရိန်းရဲ့အဓိကပြဿနာက စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ လက်နက်ခဲယမ်းဖြစ်ပါတယ်။
လောင်စာဆီ အခက်အခဲဖြစ်နေတဲ့ ယူကရိန်းဟာ ဥရောပနိုင်ငံတွေထောက်ပံ့တဲ့ လောင်စာဆီကို မှီခိုနေရတာဖြစ်ပါတယ်။
ဒါကြောင့် ယူကရိန်းဟာ ရေရှည်စစ်ဆင်ရရင် အခက်အခဲကြုံလာရနိုင်ပါတယ်။
ယူကရိန်းအနေနဲ့ အမေရိကန်အပါအဝင် အခြားနိုင်ငံတွေရဲ့ စစ်ရေးအကူအညီနဲ့ စစ်လက်နက်ပစ္စည်းတွေ ရရှိနေပေမဲ့ ဒီလက်နက်တွေဟာ တပြိုင်တည်းရောက်လာတာမဟုတ်ဘဲ အသုတ်တွေခွဲပြီး တတိတိ ရောက်လာတာဖြစ်တဲ့အပြင် စုစည်းမသုံးဘဲ ကျယ်ပြန့်တဲ့ စစ်မျက်နှာတစ်လျှောက် ဖြန့်ပြီးသုံးရတာဖြစ်လို့ စစ်ပွဲအလှည့်အပြောင်း ဖြစ်ဖို့ မလွယ်လှပါဘူး။
ဒါ့အပြင် နိုင်ငံစုံက ထောက်ပံ့တဲ့ စစ်လက်နက်တွေဟာ ပုံစံအမျိုးမျိုးရှိနေတာကြောင့် ပြုပြင်ထိန်းသိမ်းမှု အခက်အခဲနဲ့ အပိုပစ္စည်းရှားပါးမှုတွေ ကြုံလာမဲ့အခြေအနေဖြစ်ပါတယ်။
ရေရှည်မှာ အမေရိကန်နဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီကလည်း အကန့်အသတ်ရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာကိုပဲ အမေရိကန်ဟာ Javelin တင့်ဖျက်ဒုံးနဲ့ စတင်းဂါးဒုံးတွေ ပြန်ဖြည့်တင်းဖို့ အခက်ကြုံနေပြီဖြစ်ပါတယ်။
ဒါကြောင့် ဒီအခြေအနေကို ရိပ်မိတဲ့ ရုရှားဟာ ရေရှည်စစ်ဆင်မယ့် သဘောရှိနေကြောင်း တွေ့ရပါတယ်။
အောင်သူရိန်