ပင်လယ်နက် ရေတပ်တော် စစ်ရေယာဉ်စု၏ အလံဆောင်ရေယာဉ် ဖြစ်လာမည့် Admiral Makarov

0

ပင်လယ်နက် ရေတပ်တော် စစ်ရေယာဉ်စု၏ အလံဆောင်ရေယာဉ် ဖြစ်လာမည့် Admiral Makarov

ရုရှားရေတပ် ပင်လယ်နက်ရေတပ်တော် စစ်ရေယာဉ်စု (Black Sea Fleet) ၏ အလံဆောင်ရေယာဉ် (Flagship) ဖြစ်သော ခရူဇာစစ်ရေယာဉ် Moskva (Moscow) မီးလောင်နစ်မြုပ်ပြီးနောက် Project 11356 ဖရီးဂိတ် (၃) စီးအနက် တစ်စီးဖြစ်သည့် Admiral Makarov သည် အလံဆောင်ရေယာဉ် ဖြစ်လာမည်ဟု သိရသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာတွင် ပြုလုပ်ခဲ့သော (၉) ကြိမ်မြောက် ဆီဗာစတိုပိုလ်ရေကြောင်းဖိုရမ်တွင် ရရှိသည့် သတင်းအရ ခရိုင်းမီးယားကျွန်းဆွယ် Kerch မြို့ Zaliv သင်္ဘောကျင်းတွင် တည်ဆောက်နေသော Project 23900 ဘက်စုံသုံး ကမ်းတက်တိုက်ခိုက်ရေးရေယာဉ် Mitrofan Moskalenko အား တည်ဆောက်ပြီးချိန်တွင် ပင်လယ်နက် ရေတပ်တော် စစ်ရေယာဉ်စုအတွက် အလံဆောင်ရေယာဉ်အဖြစ် သတ်မှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ Project 23900 အတန်းအစားသည် ပြင်သစ်တို့ထံမှ မရလိုက်သည့် Mistral အတန်းအစားအား အစားထိုးရန် တည်ဆောက်ခြင်းဖြစ်ပြီး Mitrofan Moskalenko သည် ၂၀၂၉ ခုနှစ်မှ တပ်တော်ဝင်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် Admiral Makarov ဖရီးဂိတ်အား အလံဆောင်ရေယာဉ်အဖြစ် လတ်တလောသတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်နိုင်သည်။  Project 11356 ဖရီးဂိတ် Admiral Makarov အား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် Yantar သင်္ဘောကျင်း၌ ဧရာခင်းတည်ဆောက်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် ရေချခဲ့သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် တပ်တော်ဝင်သည်။ ၎င်းသည် Project 11356 ဖရီးဂိတ် (၃) စီးအနက် တတိယမြောက်ဖြစ်သည်။ ပထမ (၂) စီး ဖြစ်သည့် Admiral Grigorovich နှင့် Admiral Essen မှာ (၂၀၁၆) ခုနှစ်တွင် တပ်တော်ဝင်သည်။ စစ်ရေယာဉ် (၃) စီးလုံးမှာ ပင်လယ်နက်ရေတပ်တော် စစ်ရေယာဉ်စုတွင် တာဝန်ထမ်းဆောင်နေသည်။

Project 11356 ဖရီးဂိတ်များသည် တန်ချိန် (၃၆၂၀) ရှိပြီ အမြန်နှုန်း ရေမိုင် (၃၀) ဖြစ်သည်။ အလျား (၁၂၄.၈) မီတာရှိပြီး ပင်လယ်ပြင်တွင် ရက်ပေါင်း (၃၀) ကြာ စစ်ဆင်နိုင်ကာ စစ်ဆင်နိုင်သော အကွာအဝေးမှာ (၄၈၅၀) မိုင် ဖြစ်သည်။ အရာရှိ/ စစ်သည် (၂၀၀) ဦး လိုက်ပါ တာဝန်ထမ်းဆောင်နိုင်သည်။

တပ်ဆင်ထားသော လက်နက်များမှာ

– ၁၀၀ မမ A – 190 ပင်မအမြောက် တစ်လက်၊

– Kalibr၊ Oniks သို့မဟုတ် Zircon ဒုံးများအတွက် UKSK VLS Cell (၈) ခု၊

– 9M317M ရေပြင်မှ ဝေဟင်ပစ်ဒုံးများအတွက် 3S90M VLS Cell (၂၄) ခု၊

– AK – 630 CIWS (၂) လက်၊

– Igla-S (သို့မဟုတ်) Verba (၈) လက်၊

– ၅၃၃ မမ တော်ပီတိုပြွန် (၂) လက်တွဲ (၂) စုံနှင့်

– RBU – 6000 Rocket Launcher (၁) ခုတို့ ဖြစ်သည်။

စစ်ရေယာဉ်တွင် Ka – 27 ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် သို့မဟုတ် Ka – 31 လေကြောင်းကြိုတင် သတိပေးကွပ်ကဲရေး ရဟတ်ယာဉ် (၁) စီးအတွက် ဆင်းကွင်းနှင့် Hangar တစ်ခုတို့ ပါဝင်သည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Source: Admiral Makarov frigate likely to become new Black Sea fleet flagship, Naval Recognition, 19 May, 2022.

Share.

About Author

Leave A Reply