NATO မဟာမိတ်အဖွဲ့က ရုရှားနယ်စပ်အနီးတွင် အကြီးစားစစ်ရေးလေ့ကျင့်မှု စတင်ခဲ့

0

NATO မဟာမိတ်အဖွဲ့က ရုရှားနယ်စပ်အနီးတွင် အကြီးစားစစ်ရေးလေ့ကျင့်မှု စတင်ခဲ့

အမေရိကန်၊ ဆွီဒင်၊ ဖင်လန်နှင့် ယူကရိန်းနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များ သည် အက်စ်တိုးနီးယားတွင် ပြုလုပ်သည့် ကြီးမားသောစစ်ရေးလေ့ကျင့်မှု၌ ပါဝင်ဆောင်ရွက်လျက် ရှိကြပါသည်။

နေတိုးမဟာမိတ်အဖွဲ့၏ အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို အက်စ်တိုးနီးယားနိုင်ငံတွင် တနင်္လာနေ့က စတင်ပြုလုပ်ခဲ့ကြသည်။ “Hedgehog 2022” ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ဘောလ်တစ်နိုင်ငံ၏ သမိုင်းတွင် အကြီးမားဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ကြောင်း နေတိုးစစ်အုပ်စုမှ ပြောကြားခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် ပါဝင်မည်ဖြစ်ပြီး နေတိုးစစ်အုပ်စု အဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ မိတ်ဖက်နိုင်ငံများ ပါဝင်ခဲ့ကြသည်။

ဖင်လန်၊ ဆွီဒင်၊ ဂျော်ဂျီယာနှင့် ယူကရိန်းနိုင်ငံတို့မှ စစ်သားများသည် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန Yle က ဖော်ပြခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကြည်း၊ ရေ၊ လေ ကဏ္ဍအားလုံး ပါဝင်မည်ဖြစ်ပြီး လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်စစ်ရေးလေ့ကျင့်မှုများအပြင် ဆိုက်ဘာစစ်ဆင်ရေးလေ့ကျင့်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း ရုပ်သံဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။

နေတိုး၏ ထုတ်ပြန်ချက်တစ်ခုအရ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ရေတပ်မှ Wasp-အတန်းအစား ကမ်းတက်သင်္ဘော ‘Kearsarge’ လည်း ပါဝင်လေ့ကျင့်သွားမည်ဟု သိရှိရသည်။ နေတို့စစ်ဘက်အစုအဖွဲ့နှင့် အက်စ်တိုးနီးယားကာကွယ်ရေးတပ်ဖွဲ့မှ ဒုတိယအကြီးအကဲဗိုလ်ချုပ် Veiko-Vello Palm တို့က ရုရှားနယ်စပ်မှ ကီလိုမီတာ ၆၀ ကျော်အကွာတွင် ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုသည် ယူကရိန်းတွင် မော်စကို၏ ဆက်လက် လုပ်ဆောင်နေသည့် စစ်ရေးလှုပ်ရှားမှုနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသည်။

ဖင်လန်နှင့် ဆွီဒင်တို့သည် နေတိုးအဖွဲ့တွင် ပါဝင်ရန် ၎င်းတို့၏ အစီအစဉ်များကို တရားဝင်ကြေညာပြီး တစ်ရက်အကြာတွင် အဆိုပါစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး ယူကရိန်းတွင် ပဋိပက္ခမဖြစ်ပွားမီ ကြာမြင့်စွာ စီစဉ်ထားသည်ဟု အနောက်အုပ်စုတာဝန်ရှိသူများက ပြောကြားခဲ့သည်။

သို့သော်လည်း အက်စ်တိုးနီးယားတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုသည် ရုရှားနယ်စပ်အနီး နေတိုး၏ ကြီးမားသော စစ်ရေးလှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ ဘောလ်တစ်နိုင်ငံဖြစ်သည့် လစ်သူယေးနီးယားသည် ဂျာမနီ၏ Leopard 2 တင့်ကားများအပါအဝင် နေတိုးတပ်ဖွဲ့ဝင် ၃,၀၀၀ နှင့် စစ်လက်နက်ပစ္စည်း ၁,၀၀၀ ခန့် ပါဝင်သည့် ‘Iron Wolf’ စစ်ရေးလေ့ကျင့်မှုကို လက်ခံကျင်းပနေသည်။

နေတိုး၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုနှစ်ခုဖြစ်သည့် ‘Defender Europe’ နှင့် ‘Swift Response’ တို့သည် ပိုလန်နှင့် နိုင်ငံပေါင်း ၂၀ မှ တပ်ဖွဲ့ဝင် ၁၈၀၀၀ ခန့်ပါဝင်ပြီး ပိုလန်နှင့် အခြားနိုင်ငံရှစ်နိုင်ငံ၌ ပြုလုပ်နေကြောင်း နေတိုး၏ သောကြာနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဤကဲ့သို့သော စစ်ရေးလေ့ကျင့်မှုများက နေတိုးအဖွဲ့သည် ခိုင်ခိုင်မာမာရပ်တည်ပြီး ကျွန်ုပ်တို့၏နိုင်ငံများကို ကာကွယ်ရန်နှင့် မည်သည့်ခြိမ်းခြောက်မှုမှမဆို ခုခံကာကွယ်ရန် အသင့်ရှိကြောင်း ပြသနေခြင်းဖြစ်သည်”ဟု စစ်ဘက်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Oana Lungescu က ပြောကြားခဲ့ပါသည်။ ထို့အပြင် စစ်ရေးလေ့ကျင့်မှုသည် “မဟာမိတ်နယ်မြေ၏ တစ်လက်မမကျန် ကာကွယ်စောင့်ရှောက်ရန်နှင့် ကျွနိုပ်တို့၏ သန္နိဋ္ဌာန်နှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားသောအချက်များကို ရှင်းလင်းသိနားလည်စေရန်ဖြစ်သည်” ဟု ထပ်လောင်းပြောကြားခဲ့ပါသေးသည်။

NATO တုံ့ပြန်ရေးတပ်ဖွဲ့သည် ဂျာမနီတွင် အင်အား ၇၅၀၀ ရှိသော “Wettiner Heide” စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ပြုလုပ်လျက်ရှိသည်။ နေတိုး၏ ကွပ်ကဲမှုအောက်တွင်ထားရှိမည့် USS ‘Harry S. Truman’ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ် ပါဝင်လျက်ရှိသည့် ‘Neptune series’ ရေတပ်လေ့ကျင့်မှုကို မြေထဲပင်လယ် တွင် မြင်တွေ့ရတော့မည်ဖြစ်သည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှစ၍ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုကို နေတိုးစစ်အုပ်စု၏ ကွပ်ကဲမှုအောက်တွင် လွှဲပြောင်းပေးခဲ့ခြင်းသည် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း နေတိုးက ပြောကြားခဲ့သည်။

ဇွန်လတွင် ဘောလ်တစ်နိုင်ငံများနှင့် ပိုလန်နိုင်ငံတို့သည် NATO အဖွဲ့က ဖော်ပြထားသည့် “ဥရောပ၏ အကြီးမားဆုံး လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး ပေါင်းစပ်လေ့ကျင့်မှု” ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂၃ နိုင်ငံ ပါဝင်မည်ဖြစ်သည်။ ဧပြီလနှောင်းပိုင်းတွင် ဖင်လန်နိုင်ငံသည် နေတိုးရေတပ် စစ်ရေးလေ့ကျင့်မှုကို လက်ခံကျင်းပခဲ့သည်။ ယခုအခါ အမေရိကန်၊ ယူကေ၊ အက်စ်တိုးနီးယားနှင့် လတ်ဗီးယားတို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးတွဲမြေပြင်စစ်ရေးလေ့ကျင့်မှုကိုလည်း လက်ခံကျင်းပလျက်ရှိသည်။

ရုရှား၊ နေတိုးနှင့် ၎င်းတို့စစ်ဘက်အစုအဖွဲ့ဝင်နိုင်ငံအချို့တို့ကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ကြီးမားသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိနေကြသည်။ ရုရှားနှင့် ရှည်လျားစွာ နယ်နိမိတ်ချင်း ထိစပ်နေသော ဖင်လန်နှင့် ဆွီဒင်တို့သည် ယူကရိန်းကို ရုရှားကတိုက်ခိုက်ပြီးနောက် အများသူငါအမြင်တွင် ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်လာပြီးနောက် ၎င်းတို့၏ ကာလရှည်ကြာ မဟာမိတ်ပြုခြင်းဆိုင်ရာမူဝါဒကို ပြန်လည်စဉ်းစားရန် ဆုံးဖြတ်ခဲ့ကြသည်။

ဖင်လန်နှင့် ဆွီဒင်တို့သည် နေတိုးအဖွဲ့တွင်ပါဝင်ပါက တုံ့ပြန်လုပ်ဆောင်သွားမည်ဟု မော်စကိုမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ နေတိုး၏နယ်မြေချဲ့ထွင်မှုသည် ၎င်း၏အမျိုးသားအကျိုးစီးပွားနှင့်လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်မှုအဖြစ် ယူဆကြောင်း မော်စကိုက ဆက်လက်ယုံကြည်ထားဆဲဖြစ်ပါသည်။

NATO starts drills near Russian border အားဘာသာပြန်ဆိုထားပါသည်။

သက်ထူးခန့်ပိုင်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply