အရှေ့တောင်အာရှ နိုင်ငံများအသင်းနှင့် မြန်မာ၏ ဆက်ဆံရေး – လုံခြုံရေးရှုထောင့်မှ သုံးသပ်ချက်
နိဒါန်း
အရှေ့တောင်အာရှ နိုင်ငံများအသင်း (The Association of South East Asian Nations) သို့မဟုတ် အာဆီယံအဖွဲ့ (ASEAN) ကြီးသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အောင်မြင်မှုအရှိဆုံး နိုင်ငံပေါင်းစုံ ပါဝင်သည့် ဒေသဆိုင်ရာ အဖွဲ့ကြီးအဖြစ် လေ့လာသူများက ရှုမြင်ကြပါသည်။ အောင်မြင်မှုအရှိဆုံး ဒေသဆိုင်ရာအဖွဲ့အစည်းမှာ ဥရောပသမဂ္ဂဖြစ်ပါသည်။ ဒေသတွင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို လေ့လာကြည့်လျှင် စစ်အေးတိုက်ပွဲကာလအတွင်း အရှေ့တောင်အာရှစစ်စာချုပ်အဖွဲ့ (Southeast Asia Treaty Organization – SEATO) ခေါ် စုပေါင်းလုံခြုံရေးအဖွဲ့အစည်းတစ်ခု (Collective Security Organization) ကို ၁၉၅၄ မှ ၁၉၇၇ ခုနှစ်များအတွင်း ဖွဲ့စည်းခဲ့ဖူးပါသည်။ သို့သော် အဖွဲ့ဝင် (၈) နိုင်ငံတွင် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ လွဲလျှင် ကျန်နိုင်ငံများမှာ ဒေသပြင်ပမှ နိုင်ငံများဖြစ်ပြီး ရည်ရွယ်ချက်မှာလည်း စစ်အေးတိုက်ပွဲကာလအတွင်း ကွန်မြူနစ်ဝါဒ ပြန့်ပွားလာခြင်းကို ကာကွယ်ရန် ဖြစ်ပါသည်။ SEATO သည် အောင်မြင်မှုမရရှိခဲ့ချေ။
အာဆီယံ
အာဆီယံအဖွဲ့သည် အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သော နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ကြီး ဖြစ်သည်။ ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ဘန်ကောက်ကြေညာစာတမ်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က အဖွဲ့ဝင် (၅) နိုင်ငံသာ ပါဝင်ခဲ့သည်။ ဖွဲ့စည်းပြီး (၄၁) နှစ်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် အာဆီယံပဋိညာဉ်အား အတည်ပြုနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင် (၂၃) ရက်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ရာ ယခုအခါ နှစ်ပေါင်း (၂၅) နှစ် ကြာညောင်းခဲ့ပြီဖြစ်သည်။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံ အချင်းအချင်းနှင့်လည်းကောင်း၊ အခြားသော အာရှနိုင်ငံများနှင့်လည်းကောင်း စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ စစ်ရေး၊ ပညာရေးနှင့် လူမှုယဉ်ကျေးမှုပေါင်းစည်းရေးကို မြှင့်တင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဓိကဦးတည်ချက်များမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဘဝမြှင့်တင်ရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးမှုတို့ ဖြစ်သော်လည်း လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိနေပါသည်။
အာဆီယံနှင့် အီးယူ၏ တူညီချက်များနှင့် ကွဲပြားခြားနားချက်များ
အာဆီယံနှင့် အီးယူတို့အကြား အဓိကကျသည့် တူညီချက်မှာ သက်ဆိုင်ဒေသများအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အီးယူသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆိုကို ချီးမြှင့်ခံရပါသည်။ သို့သော်လည်း အီးယူတွင် နိုင်ငံအလိုက် ပြဿနာများစွာ ကြုံတွေ့နေရသည်ကို သတိမူရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် BREXIT ကဲ့သို့ကိစ္စများ၊ တရားမဝင် ဝင်ရောက်လာသူများ အရေးကိစ္စ စသည်တို့ ဖြစ်ပါသည်။
အခြားတူညီချက်တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံများ စုပေါင်းကာ ဈေးကွက်တစ်ခုတည်း (Single Market) အဖြစ် ဖော်ဆောင်နေခြင်း ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုဘဝဖူလုံမှု တိုးတက်လာရေးနှင့် အားကောင်းသော ညှိနှိုင်းမှုစွမ်းအားကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အီးယူဈေးကွက်တွင် စားသုံးသူ သန်း ၄၅၀ ရှိပြီး အာဆီယံတွင် သန်း ၆၅၀ ရှိသည့် ဈေးကွက်ကြီး ရှိနေပါသည်။
အာဆီယံနှင့် အီးယူတို့အကြား မတူညီသည့် ကွဲပြားမှုများလည်း ရှိသေးသည်။ အာဆီယံသည် နိုင်ငံ့အစိုးရအချင်းချင်း ပူးပေါင်းဖွဲ့စည်းထားသည့် Inter-governmental အဖွဲ့အစည်းဖြစ်သော်လည်း အီးယူသည် အစိုးရတစ်ရပ် ပုံစံ Supranational အဖွဲ့အစည်းတစ်ခုအနေဖြင့် ဖွဲ့စည်းထားသည်။ အီးယူသည် ကုန်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်အရေးကဲ့သို့သော ကဏ္ဍများတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို တစ်ပေါင်းတည်း ကျင့်သုံးသည်။ အီးယူတွင် ပါလီမန်၊ တရားရုံး၊ တစ်ခုတည်းသော ယူရိုငွေကြေးစနစ်နှင့် နိုင်ငံခြားဆက်ဆံရေးများ ဖွဲ့စည်းထားရှိသော်လည်း အာဆီယံတွင် မရှိချေ။
ကာကွယ်ရေးကဏ္ဍကို ကြည့်မည်ဆိုလျှင် အာဆီယံတွင် တပ်မတော်သီးသန့် မရှိသော်လည်း အီးယူတွင် ဥရောပ တပ်မကြီး (European Corps – Eurocorps)၊ အလျှင်မြန်တုံ့ပြန်ရေးတပ် (EU Rapid Deployment Force) (၂၀၁၂ တွင် ဖျက်သိမ်းခဲ့)၊ ရေတပ် (EU Maritime Force – EUROMARFOR သို့မဟုတ် EMF)၊ ဥရောပ အလျှင်အမြန်တုံ့ပြန်ရေး ရဲတပ်ဖွဲ့ (European Gendarmerie Force) စသည်တို့ ဖွဲ့စည်းထားပါသည်။
အာဆီယံအတွင်းရေးမှူချုပ်ရုံးတွင် ဝန်ထမ်း (၄၀၀) ဦးခန့်သာရှိသော်လည်း ဥရောပကော်မရှင်တွင် ဝန်ထမ်း (၂၃၀၀၀) ကျော် ခန့်ထားပါသည်။ အာဆီယံ၏ နှစ်စဉ် ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ သန်း (၂၀) ခန့်သာ ဖြစ်သော်လည်း ဥရောပကော်မရှင်၏ နှစ်စဉ် ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ သန်း (၁၈၀) ခန့် ဖြစ်ပါသည်။ အာဆီယံအနေဖြင့် တချိန်တွင် အီယူကဲ့သို့ ပေါင်းစည်းရန် ဖြစ်နိုင်၊ မဖြစ်နိုင်မှာလည်း ဆွေးနွေးဖွယ်ကောင်းသည့် ခေါင်းစဉ်တစ်ခု ဖြစ်လျက် ရှိပါသည်။
အာဆီယံ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု
အာဆီယံတွင် ရှိပြီး လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်း ယန္တရားများ ရှိနေပါသည်။ ၂၀၀၉ ခုနှစ်တွင် အာဆီယံ နိုင်ငံရေး – လုံခြုံရေးအသိုက်အဝန်းကို တည်ထောင်သည်။ အဓိကအားဖြင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နျူကလီယားလက်နက် ကင်းစင်သည့် အာဆီယံဖြစ်ပေါ်ရေး၊ မတူကွဲပြားခြားနားမှုများနှင့် အငြင်းပွားမှုများအား ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရေး၊ ပင်လယ်ရေကြောင်းနှင့် ဆက်စပ်ကိစ္စကဏ္ဍများ ဖြစ်သည့် အာဆီယံနှင့် အာဆီယံဒေသကျော်လွန်၍ ရေကြောင်းလုံခြုံရေးနှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အား ဦးတည်သည်။
(က) အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM)
အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၀၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အာဆီယံကာကွယ်ရေး ဝန်ကြီးများ အပေါင်း အစည်းအဝေးကို ၂၀၁၀ ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ပါသည်။
(ခ) အာဆီယံဒေသတွင်း ဖိုရမ် (ASEAN Regional Forum)
အာဆီယံဒေသတွင်း ဖိုရမ် (ASEAN Regional Forum – ARF) သည် အင်ဒို – ပစိဖိတ်ဒေသတွင်း အရေးပါသော လုံခြုံရေး ဆွေးနွေးမှုဆိုင်ရာ ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ဒေသတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေး တိုးမြှင့်နိုင်ရန် အဖွဲ့ဝင်နိုင်ငံအချင်းချင်း လက်ရှိ လုံခြုံရေးအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်သည်။ ARF အဖွဲ့ဝင် နိုင်ငံများမှာ အာဆီယံ (၁၀) နိုင်ငံ၊ အာဆီယံ၏ ဆွေးနွေးဖက် (၁၀) နိုင်ငံဖြစ်သော သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။ ၎င်းအပြင် ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုးရီးယား၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် တီမောလက်စတေတို့လည်း ပါဝင်ပြီး လေ့လာသူအဖြစ် ပါပူအာနယူးဂီနီနိုင်ငံ ပါဝင်သည်။
(ဂ) အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး
အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး ASEAN Chiefs of Defence Forces Meeting (ACDFM) နှင့် သီးခြားစီပြုလုပ်သည့် အာဆီယံ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ အစည်းအဝေးများသို့လည်း မြန်မာ့တပ်မတော်အနေဖြင့် ပုံမှန်တက်ရောက်ဆွေးနွေးလျက် ရှိကြောင်းတွေ့ရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး (ACDFM-19) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် မတ်လတွင် တက်ရောက် ဆွေးနွေးခဲ့ကြောင်း တွေ့ရသည်။
(ဃ) အခြား ဆက်စပ်အစည်းအဝေးများ
အခြား ဆက်စပ်အစည်းအဝေးများအနေဖြင့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးသို့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ (၁၉) ကြိမ်မြောက် အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးသို့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များကလည်းကောင်း ယခုနှစ် မတ်လအတွင်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း လေ့လာသိရှိရသည်။
(င) အာဆီယံတပ်မတော် (ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲ
မြန်မာတပ်မတော် သေနတ်ပစ်အသင်းအနေဖြင့် နှစ်စဉ် ပြုလုပ်သည့် အာဆီယံတပ်မတော် (ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲ (ASEAN Armies Rifle Meet – AARM) သို့ ပုံမှန် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းလည်း တွေ့ရသည်။
(စ) အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၁) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့အစည်း (11th ADMM- Plus Experts’ Working Group on Counter-Terrorism Meeting- EWG on CT Meeting) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပကြောင်း လေ့လာသိရှိရသည်။ ထိုအစည်းအဝေးသို့ ADMM-Plus EWG-CT ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် တို့နှင့်အတူ အာဆီယံနိုင်ငံများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ အမေရိကန်နိုင်ငံတို့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်သည်။
(ဆ) အခြားပူးပေါင်းဆောင်ရွက်မှုများ
စင်ကာပူနိုင်ငံ ချန်ဂီရေတပ်စခန်းတွင် မလက္ကာရေလက်ကြားအား စောင့်ကြည့်ရန်နှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ နိုင်ငံအများစုပါဝင်သည့် Information Fusion Center ကို ၂၀၀၉ တွင် စတင်ဖွင့်လှစ်ထားပါသည်။ မြန်မာအပါအဝင် (၂၄) နိုင်ငံက ရေတပ်အရာရှိများသည် International Liaison Officer များအဖြစ် ယခုအချိန်ထိ ပုံမှန် သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
(ဇ) အာဆီယံ စစ်ရေးလေ့ကျင့်မှုများ
အာဆီယံ – အမေရိကန် ပူးတွဲ ရေတပ် လေ့ကျင့်ခန်း (ASEAN – US Maritime Exercise – AUMX) အား (၂၀၁၉) ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခဲ့ပါသည်။ အာဆီယံ – တရုတ် ရေတပ်လေ့ကျင့်ခန်း (ASEAN – China Maritime Field Training Exercise) အားလည်း ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။
ASEAN ကို ကျော်လွန်ကြည့်မည်ဆိုပါက အိန္ဒိယရေတပ်က ကမကထ ပြုလုပ်သည့် MILAN 2022 ရေတပ် လေ့ကျင့်ခန်းတွင်လည်း မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ်များ ပါဝင်ခဲ့ကြောင်းတွေ့ရသည်။ ထိုလေ့ကျင့်ခန်းမှာ နှစ်နှစ် တစ်ကြိမ်ပြုလုပ်ခြင်း ဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် MILAN 2022 ရေတပ်လေ့ကျင့်ခန်းတွင် နိုင်ငံပေါင်း (၄၀) မှ စစ်ရေယာဉ်များ ပါဝင်လေ့ကျင့်ခဲ့ရာ အမေရိကန်ရေတပ်သည်လည်း ယခုနှစ်တွင် စတင်ပါဝင်လာခဲ့ပါသည်။ မြန်မာနှင့် အိန္ဒိယရေတပ်များသည် နှစ်စဉ် နှစ်နိုင်ငံ ပူးတွဲ ရေကြောင်းကင်းလှည့်ခြင်း (India – Myanmar Coordinated Patrol – CORPAT) ကိုလည်း ပြုလုပ်လျက်ရှိသည်။ ထို့အပြင် ဘင်းမ်စတက် (BIMSTEC – Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) အဖွဲ့၏ လေ့ကျင့်ခန်းများတွင်လည်း ပါဝင်လေ့ကျင့်ခဲ့ကြောင်းတွေ့ရသည်။ ရုရှားနိုင်ငံတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်ခန်းများတွင်လည်း မြန်မာ့တပ်မတော်အနေဖြင့် ပါဝင်လေ့ကျင့်ခဲ့ကြောင်းလည်း လေ့လာသိရှိရသည်။
ထိုသို့ပါဝင်လေ့ကျင့်ခြင်းအားဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတကာ အတွေ့အကြုံသစ်များရရှိခြင်း၊ ပြောင်းလဲတိုးတက်လာသည့် မဟာဗျူဟာ၊ နည်းဗျူဟာနှင့် စစ်ဘက်နည်းပညာများနှင့် ထိတွေ့လေ့လာခွင့်ရရှိခြင်း အကျိုးကျေးဇူးများကို ရှိသောကြောင့် စဉ်ဆက်မပြတ် စေလွှတ်ပါဝင် လေ့ကျင့်နေရန် လိုအပ်ပါသည်။
ASEAN ၏ ဝင်စွက်ဖက်မှု
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) မှ နောက်ပိုင်းမှသာ ဝင်စွက်ဖက်ခြင်း မဟုတ်ပါ၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးတွင်လည်း ဝင်စွက်ဖို့ကြိုးစားခဲ့သည်ကို တွေ့ရမည်။ အထူးသဖြင့် ထိုကာလက မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၏ ပြင်းထန်သော စကားများကို ကြည့်က သိနိုင်သည်။ သို့သော် အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်တာ (AHA) မှ တဆင့် အကူအညီလက်ခံခြင်းမှာ ကောင်းမွန်သော အချက်ဖြစ်သည်။
အာဆီယံပဋိညာဉ် (ASEAN Charter) ARTICLE 2, PRINCIPLES တွင် Rrespect for the independence, sovereignty, equality, territorial integrity and national identity of all ASEAN Member States; ဆိုသည့်အချက် ပါဝင်သည်။ နောက်တစ်ချက်မှာ Non-interference in the internal affairs of ASEAN Member States; အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် ဆိုသော အချက်မှာ ပါဝင်ပြီး ဖြစ်ပါသည်။
အာဆီယံအနေဖြင့် ထိုအချက်များကို ယခင်က လိုက်နာကောင်း လိုက်နာမည် ဖြစ်သော်လည်း ယခုအခါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည်ဟု ဆိုနိုင်သည်။ သို့ပေမယ့် ထိုသို့သော် ဝင်ရောက်စွက်ဖက်မှုများကြာင့် အာဆီယံအဖွဲ့မှ ထွက်ရန်တော့ လိုအပ်မည် မဟုတ်ပါ။
ဥရောပသမဂ္ဂနှင့် မတူညီသည်မှာ အာဆီယံ ၁၀ နိုင်ငံတွင် မတူညီသည့် အုပ်ချုပ်သူအစိုးရပုံစံ၊ ကိုးကွယ်ရာ ဘာသာများ၊ များပြားသည့် လူမျိုးစုကွဲပြားမှုများ ဖြစ်သည်။ ဤသည်တို့ကို အခွင့်အရေးတစ်ခုအဖြစ် မှတ်ယူပြီး မိမိနိုင်ငံနှင့် အဆင်ပြေသော၊ အကူအညီပေးနိုင်သော နိုင်ငံများ၏ အားကို ရယူရမည် ဖြစ်သည်။ တစ်ချိန်က ထိုင်းသည် မြန်မာ၏ Potential Enemy ဖြစ်ခဲ့သော်လည်း ယခုအခါ ရင်းနှီးသည့် မိတ်ဆွေနိုင်ငံ ဖြစ်သည်ကို သတိပြုရမည် ဖြစ်သည်။
BRI နှင့် Indo – Pacific Strategy အားပြိုင်မှု
(၂၀၁၄) ခုနှစ်က စတင်ခဲ့သော တရုတ်၏ Belt and Road Initiative (BRI) သည် စီးပွားရေးအရ ပါဝင်သည့်နိုင်ငံများ အကျိုးအတွက် လုပ်ဆောင်သည်ဟု ဆိုသော်လည်း စစ်ရေးအပါအဝင် မဟာဗျူဟာရည်မှန်းချက်များ ပါဝင်လာနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) သည် ၂၀၃၀ တွင် ရေပြာရေတပ် (Blue Water Navy) အဖြစ် မျှော်မှန်းတည်ဆောက်နေသည်ကို တွေ့နိုင်သည်။ ဥပမာအားဖြင့် လေယာဉ်တင်သင်္ဘောတည်ဆောက်မှုသည် (၃) စီးအထိ ရောက်လာပြီး၊ ကာလတိုအတွင်း တည်ဆောက်နိုင်မှုသည် အံ့သြစရာ ဖြစ်ပါသည်။ တရုတ်အနေဖြင့် အမေရိကန်တို့ကဲ့သို့ပင် လေယာဉ်တင်သင်္ဘောများဖြင့် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေအဖွဲ့ (Carrier Strike Group – CSG) များ ဖွဲ့စည်းကာ ကမ္ဘာတစ်လွှားကို ဖြန့်ကြက် စစ်ဆင်နိုင်ရန် လုပ်ဆောင်နေသည်မှာ သိသာထင်ရှားလာသည်။ တရုတ်သည် အိန္ဒိယသမုဒ္ဒရာအား ကျော်လွန်ပြီး အင်အားဖြန့်ကျက်မှု (Power Projection) ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိရာ စစ်ရေယာဉ်များ ရှိရုံမရပဲ ထောက်ပံ့ပို့ဆောင်ရေး (Logistics) အတွက် ကြားစခန်းများ လိုအပ်လာသည်ကို တွေ့နိုင်သည်။ ဂျဘူတီ ထောက်ပံ့ပို့ဆောင်ရေးစခန်း တည်ထောင်ခဲ့ခြင်းမှာ သာဓကပင်ဖြစ်သည်။
အမေရိကန်တို့ကလည်း တရုတ်အား တန်ပြန်ရန်တွက် လွတ်လပ်ပွင့်လင်းမှု (Free and Open)၊ ဆက်သွယ်ဆက်ဆံမှု (Connected)၊ ကြီးပွားချမ်းသာမှု (Prosperous)၊ လုံခြုံမှု (Secure) နှင့် ဒူပေနာပေခံနိုင်မှု (Resilient) တို့ကို အခြေခံသည့် အင်ဒို – ပစိဖိတ် မဟာဗျူဟာ (Indo – Pacific Strategy) ကို ဖော်ဆောင်လာကြောင်း တွေ့ရှိရသည်။ အမေရိကန်သည် ကမ္ဘာကြီးအား ပေါင်းစည်းကွပ်ကဲမှုဌာနချုပ် (၇) ခု (တနည်းအားဖြင့် စစ်တိုင်းကြီးများ) အဖြစ် ပိုင်းခြားထားရာ ယခင်က ပစိဖိတ်ကွပ်ကဲမှုဌာနချုပ် (USPACOM) အား အင်ဒို-ပစိဖိတ်ကွပ်ကဲမှုဌာနချုပ် (USINDOPACOM) အဖြစ် ၂၀၁၈ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ပြောင်းလဲလာသည့် မဟာဗျူဟာနှင့် ကိုက်ညီစေရန် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
တချိန်ကလည်း အမေရိကန်သည် အရှေ့တောင်အာရှဒေသတွင် တပ်အခြေစိုက်စခန်းများ (ဥပမာ – ဖိလစ်ပိုင်ရှိ ဆူးဗစ်ပင်လယ်အော်ရေတပ်စခန်း၊ စင်ကာပူမှာ အမြဲတမ်းစစ်ရေယာဉ် ဆိုက်ကပ်ထားခြင်း၊ စတာများရှိ) ထားရှိခဲ့ပါသည်။ ရုရှားအနေဖြင့်လည်း ၎င်း၏အင်အားကြီးထွားမှုကို ပြသရန် အာရှ – ပစိဖိတ်ဒေသတွင် လာရောက် တပ်စွဲရန် ကြိုးပမ်းနေကြောင်းတွေ့ရသည်။ ဥပမာအားဖြင့် လာအိုတွင် အခြေစိုက်စခန်း ဖွင့်လှစ်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒေသတွင်း အင်အားကြီးနိုင်ငံများ သာမက ဒေသပြင်ဖက်က အင်အားကြီးနိုင်ငံများကပါ ဝင်ရောက် ပြိုင်ဆိုင်လျက်ရှိသည်။ Free and Open Navigation အား အကြောင်းပြ အကာအကွယ်ယူပြီး ဝင်ရောက်လှုပ်ရှားရန် အနောက်အင်အားကြီးနိုင်ငံများက လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ကာကွယ်ရေး ကိုယ်ခံအား ကောင်းမွန်ရန် မဖြစ်မနေလိုအပ်ပါသည်။
အကြံပေးပညာရှင်အဖွဲ့များ (Think Tanks)၊ Track 1.5 နှင့် Track 2 ဒီပလိုမေစီ
အကြံပေးပညာရှင်အဖွဲ့များ (Think Tanks) များသည် Track 1.5 နှင့် Track 2 ဒီပလိုမေစီအတွက် အရေးကြီးပါသည်။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့သည် အာဆီယံက အသိအမှတ်ပြုသည့် အကြံပေးပညာရှင်အဖွဲ့ (Think Tank) အနေဖြင့် ၂၀၁၈ ခုနှစ်က စတင်သတ်မှတ်ခံရပါသည်။ Track 1 ဒီပလိုမေစီအရ ဆက်ဆံရေး တင်းမာနေချိန်တွင် Track 1.5 နှင့် Track 2 ဒီပလိုမေစီများက အလုပ်ဖြစ်နေသည် ဆိုသည်ကို လေ့လာတွေ့ရှိထားပါသည်။ ထင်ရှားသောသာဓကမှာ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် အကြံပေးပညာရှင်အဖွဲ့များ (Think Tanks) အနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ကြပါသည်။ လက်ရှိတွင်လည်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့အနေဖြင့် ဘင်္ဂလားပင်လယ်အော် ရေကြောင်းလုံခြုံရေးဆိုင်ရာ အစည်းအဝေးနှင့် အာဆီယံရေကြောင်း လုံခြုံရေးလုပ်ထုံး လုပ်နည်းများဆိုင်ရာ အစည်းအဝေးများကို တက်ရောက်ဆွေးနွေးခွင့် ရနေခြင်းသည် ကောင်းမွန်သော အချက်ဖြစ်ပါသည်။
အာဆီယံ၏ အနာဂတ်
အာဆီယံအဖွဲ့ကြီးအား တစ်စုတစ်စည်းတည်း ဦးဆောင်နိုင်မည့်သူ လက်ရှိကာလတွင် မရှိပါ။ အာဆီယံ၏ စုပေါင်းဆုံးဖြတ်ချက်များအား အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည့် ခိုင်မာတောင့်တင်းသော အင်စတီကျူးရှင်းများလည်း မရှိပါ။
တရုတ်နှင့် အမေရိကန်တို့၏ အင်ဒို – ပစိဖိတ်ဒေသတွင်း မဟာဗျူဟာ အားပြိုင်မှုမှာ အာဆီယံအတွက်လည်း စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လာစေပါသည်။ တရုတ်နှင့် အမေရိကန်တို့၏ မဟာဗျူဟာ အားပြိုင်မှုနှင့်အတူ ပေါ်ပေါက်လာနိုင်သည့် စစ်အေးတိုက်ပွဲသစ်တွင် နိုင်ငံများအနေဖြင့် ဘက်ရွေးချယ်ရတော့မည် ဖြစ်သည်။
အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံအလိုက် မတူညီသည့် အကျိုးစီးပွားနှင့် ဦးစားပေး အကြောင်းခြင်းရာများ ရှိပါသည်။ နိုင်ငံအလိုက် မိမိတို့ သက်ဆိုက်ရာ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် မိမိတို့၏ ပြည်တွင်းရေးကိုသာ အာရုံစိုက် လုပ်ကိုင်ရမည့် အနေအထားဖြစ်ပါသည်။
အာဆီယံအနေဖြင့် မိမိဒေသတွင်းနှင့် ဒေသပြင်ပ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ကြုံတွေ့နေရပါသည်။ ဒေသတွင်းတွင် နယ်နိမိတ်အငြင်းပွားမှုများနှင့် ပဋိပက္ခများ၊ တရားမဝင် ခိုးဝင်မှုများ၊ လူမျိုးရေးပဋ္ဋိပက္ခများနှင့် မဲခေါင်မြစ်ဝှမ်း ဇီဝပျက်စီးမှုများ စသည်တို့နှင့် ရင်ဆိုင်နေရပါသည်။ အခြားစိန်ခေါ်မှုများမှာ အကျင့်ပျက် ချစားမှုမျာ၊ လူမှုပထဝီဝင်ဆိုင်ရာ ပြောင်းလဲမှုများ၊ လူမှုအသိုက်အဝန်း မညီမျှမှုများ၊ စီပွားရေးဖွံ့ဖြိုးမှု မညီမျှမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် အခြားနိုင်ငံရေးဆိုင်ရာ ပြဿနာများမှာ လက်ရှိနှင့် အနာဂတ်အတွက် စိန်ခေါ်မှုများပင် ဖြစ်သည်။ ထို့အပြင် သမားရိုးကျမဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်သော ကိုဗစ် – ၁၉ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင်လည်း အာဆီယံအနေဖြင့် အားနည်းနေသည်ကို လေ့လာ တွေ့ရှိရသည်။
ရုရှား ယူကရိန်း ပြဿနာ
လက်ရှိကမ္ဘာ့မီဒီယာများ၏ ခေါင်းကြီးပိုင်းတွင် ခေတ်စားနေသည်မှာ ရုရှား ယူကရိန်းအရေးပင်ဖြစ်သည်။ ထိုအရေးသည် အာဆီယံအားလည်း တနည်းတဖုံ ရိုက်ခတ်လျက်ရှိသည်။ ရုရှား ယူကရိန်း ပြဿနာဖြစ်ပွားနေစဉ်နှင့် အပြီးတွင် ကမ္ဘာ့အခင်းအကျင်း (World Order) အသစ်တစ်ခု ပေါ်လာနိုင်ပါသည်။ ယခင် ၉/ ၁၁ ဖြစ်စဉ်အပြီးတွင်လည်း ကမ္ဘာ့နိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ အခင်းအကျင်းများ ပြောင်းလဲသွားသည်။ Non – State Actor များ အထူးသဖြင့် အကြမ်းဖက်သမားကြောင့် ပြောင်းလဲသွားခြင်းများလည်း ပါဝင်ပါသည်။ ယနေ့ ကမ္ဘာအရေးအခင်းများအား သုံးသပ်ကြည့်လျှင် တစ်နိုင်ငံတည်း ရပ်တည်၍ မရနိုင်သည်မှာ ပိုမိုထင်ရှားလာပါသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုသည် အာရှ – ပစိဖိတ်ဒေသမှာ ပိုမိုပြင်းထန်လာဖွယ်ရှိပါသည်။ Collective Security Organzation များလည်း ပိုမိုပေါ်ထွန်းလာနိုင်သည်။ မိမိတို့ နိုင်ငံသည် ရုရှားနှင့် မဟာဗျူဟာ မိတ်ဖက်နိုင်ငံ ဖြစ်ပါသည်။ သို့သော် ယူကရိန်းနှင့်လည်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ကို သတိပြုရမည် ဖြစ်သည်။ မိမိနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအတိုင်း ဆက်လက်ကျင့်သုံးသွားရမည် ဖြစ်ပါသည်။
နိဂုံး
နိဂုံးချုပ်အနေဖြင့် အောက်ပါအချက်များကို အကြံပြုလိုပါသည် –
(၁) အာဆီယံ၏ Consensus အား အချက်အားလုံး လက်ခံလုပ်ဆောင်ရန်မလိုအပ်ပါ။ အချုပ်အခြာအာဏာပိုင်မှု၊ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ကျော်လွန်သည့် တောင်းဆိုမှု၊ ဖိအားပေးမှုများကို လက်ခံရန် မလိုအပ်ပါ။
(၂) အာဆီယံမှ အမှန်တကယ် နှုတ်ထွက်ရန် မလိုအပ်ပါ။ သို့သော် လိုအပ်လာလျှင် ပြင်းထန်သည့် သံတမန်ရေးရာ တုံ့ပြန်မှုမျိုး လုပ်ဆောင်သင့်သည်။
(၃) နိုင်ငံခြားရေးမူဝါဒသည် ဘက်မလိုက်မူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ချက်ကို လက်ခံကျင့်သုံးနေသည် ဖြစ်သော်လည်း မိမိအတွက် အမှန်တကယ် အကျိုးရှိစေမည့် နိုင်ငံများဖက်သို့ ပိုမို အလေးထားသင့်သည်။
(၄) Track 1.5 နဲ့ Track 2 ဒီပလိုမေစီ ကို အားကောင်းအောင် ပြုလုပ်သင့်ပါသည်။
(၅) အာဆီယံအတွင်း လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါမည်။ ဥပမာ အက္ခရာစဉ်အတိုင်း ပြုလုပ်နေသော အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေးနှင့် အာဆီယံ ကြည်းတပ်များ သေနတ်ပစ်ပြိုင်ပွဲ ASEAN Armies Riles Meet (AARM) များကို အလှည့်ကျပါက အစဉ်အလာမပျက် လက်ခံ ကျင်းပဖို့ လိုပါသည်။
(၆) အာဆီယံကို ကျော်လွန် (Beyond ASEAN) စဉ်းစားသင့်ပါသည်။ အာဆီယံအနေဖြင့် Collective Security Organization တစ်ခုဖြစ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization – SCO) တွင် ဧည့်ဖိတ်ကြားခံအဖြစ် ပါဝင်နေသော်လည်း မြန်မာအနေဖြင့် SCO တွင် အနည်းဆုံး လေ့လာသူအဖြစ် ပါဝင်သင့်ပါသည်။
(၇) နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ အမျိုးသားလုံခြုံရေးမဟာဗျူဟာတစ်ရပ် (National Security Strategy) ရေးဆွဲအကောင်အထည် ဖော်သင့်သည်။ ထိုမှသာ မိမိတို့ နိုင်ငံတွင် အရေးပေါ်အခြေအနေတစ်ရပ်ရပ် ကြုံတွေ့လာတိုင်း စနစ်တကျ တုံ့ပြန်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
(မြန်မာ့ရေးရာ အမှတ် ၁၉၊ ဧပြီ ၂၀၂၂ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်)