ကမ္ဘာ့အစိုးရ၏ ပေါ်လစီများနှင့် ကိုဗစ်အလွန် အသေးစား၊ အလတ်စားလုပ်ငန်း (SME) များ ရေရှည်တည်မြဲမှု

0

ကမ္ဘာ့အစိုးရ၏ ပေါ်လစီများနှင့် ကိုဗစ်အလွန် အသေးစား၊ အလတ်စားလုပ်ငန်း (SME) များ ရေရှည်တည်မြဲမှု

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် တစ်ကမ္ဘာလုံး၏စီးပွားရေးကို အလဲလဲအပြိုပြို ဖြစ်စေခဲ့သည်။ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသည် ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရှင်သန်နိုင်စေရန် နည်းလမ်း အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များ ဖြစ်တည်လာအောင် တွန်းအားများ ရှိစေခဲ့သည်။ (အသေးစား အလတ်စား စီးပွားရေးကို ဤနေရာမှစ၍ SME ဟူ၍ သုံးနှုန်းသွားမည်။)

ဤသည်ကပင် SME လုပ်ငန်းများအတွက် ဝန်ပိုစေပြီး ငွေကြေးပိုင်းဆိုင်ရာနှင့် ငွေကြေးနှင့် မသက်ဆိုင်သည့် လည်ပတ်မှုများတွင်လည်း အထူးခက်ခဲစေခဲ့သည်။ ထို့အတွက် ပုံမှန်လုပ်ငန်းလည်ပတ်မှု ယန္တာရားအတိုင်း မလည်ပတ်တော့ချေ။

တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မည်ကို စိုးရိမ်ကြောင့်ကြဖြစ်ခဲ့ရပြီး မည်သို့မည်ပုံ ကျော်လွှားသင့်သည်ကို တိုင်ပင်အဖြေရှာခဲ့ရသည်။ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲမွဲတေခြင်း တို့သည်လည်း ထပ်ဆောင်းဖိအား ဖြစ်ပေါ်စေခဲ့သည်။ Supply Chain ကမောက်ကမဖြစ်ခြင်း၊ ကုန်သွယ်မှု ရပ်ဆိုင်းခြင်း၊ ဈေးကွက် လိုအပ်ချက် လျော့နည်းလာခြင်း စသည့်အချက်များကြောင့် စီးပွားရေး အလွန်နှေးကွေးလာသည်။

ကိုဗစ်ကာလတွင် လုပ်ငန်းတိုင်းအထိအခိုက်ရှိသည်မှာ မှန်ပါသည်။ သို့သော်လည်း SME လုပ်ငန်းများအပေါ် သက်ရောက်မှု ပိုမိုများပြားစေခဲ့သည်။ နိုင်ငံအများစုတွင် SME လုပ်ငန်းများမှာ နိုင်ငံ့စီးပွားရေးကို ကြီးထွားအောင် မောင်းနှင်သည့် လုပ်ငန်းများဖြစ်သည်။ ထို့အပြင် ဈေးကွက်အသစ်များ ဖော်ဆောင်နိုင်ပြီး ပြည်တွင်းကုန်သွယ်မှု လွတ်လပ်စွာလုပ်နိုင်ခြင်းကြောင့် စဉ်ဆက်မပြတ် တိုးတက်မှုကို ဖော်ဆောင်နိုင်သည်။

ကမ္ဘာ့ကပ်ရောဂါဆိုး ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့် ငွေကြေးအကျပ်အတည်းများသည် သက်ဆိုင်ရာနိုင်ငံများရှိ SME လုပ်ငန်းများ၏ စီးပွားရေးအပေါ်တွင် တိုးတက်စေမှုများကို ထိခိုက်စေခဲ့သည်။ ကပ်ဘေးအန္တရာယ်ပေါ်သည်နှင့် တစ်ပြိုင်နက် SME လုပ်ငန်းများသည် ပထမဆုံးထိခိုက်သည့် လုပ်ငန်းများ ဖြစ်ခဲ့ရသည်။ အကြောင်းမှာမူကား SME လုပ်ငန်းများ၏ အင်အား၊ စွမ်းရည် အစရှိသည်တို့သည် မူလကတည်းကပင် နည်းပါးသောကြောင့် လည်းကောင်း၊ သက်ဆိုင်ရာ နယ်နိမိတ်အတွင်းမှ တာဝန်ရှိ အာဏာပိုင်များကို လွန်ကဲစွာ မှီခိုထားမှုကြောင့်လည်းကောင်း၊ လုပ်ငန်းပိုင်ရှင်၏ ငွေကြေးအပေါ်မှာ လွန်ကဲစွာ အမှီပြုထားခြင်းတို့ကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ကပ်ရောဂါဖြစ်ပွားမှု၏ နောက်ဆက်တွဲကြောင့် ယခင်က ရှိခဲ့သည့် အကြွေးစနစ်သည် ရပ်ဆိုင်းသွားပြီး SME လုပ်ငန်းများသည် လက်ကားပေးသော ကုမ္ပဏီများသို့ ပစ္စည်းဖိုးငွေများ လက်ငင်း ပေးဆောင်ရခြင်း၊ ဘဏ်များအပေါ်သို့ ယခင်အကြွေးများ အလျင်အမြန် ပြန်ဆပ်ရခြင်း၊ ကုန်ပစ္စည်းရှားပါးခြင်း အစရှိသည်တို့သည် SME လုပ်ငန်းများကို ထပ်မံနှိပ်စက်ခဲ့သည်။

စီးပွားရေးတိုးတက်မှု နှေးကွေးသော နိုင်ငံများသည် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ဆိုးရွားစွာ ဖြစ်ပွားပြီးနောက် တစ်စိတ်တစ်ပိုင်း Lockdown များ ချမှတ်ရခြင်းနှင့် အလုံးစုံ Lockdown ချမှတ်ကာ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်လျော့ချရေးများ လုပ်ဆောင်ရသည့်အတွက် စီးပွားရေးတွင် ဆိုးရွားစွာ ထိခိုက်ခဲ့သည်။

ဝင်ငွေနည်းပါးသော ပြည်သူတို့သည်လည်း အလုပ်ရပ်နားရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အလုပ်ပြုတ်ခြင်း၊ အခြေခံစားသောက်ကုန် မဖူလုံခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ် အဆမတန် မြင့်တက်လာခြင်းနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် ထိခိုက်မှုများ ရင်ဆိုင်ရခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။

ရေရှည်တည်မြဲမှု

နိုင်ငံစီးပွားရေးအပေါ် တစ်နိုင်တစ်ပိုင် ထမ်းပိုးပေးထားသည့် အသေးစားအလတ်စားလုပ်ငန်း (SME) များ ရေရှည်ရပ်တည်နိုင်မှုသည် ယိုင်နဲ့နေသော စီးပွားရေးအတွက် လွန်စွာအထောက်အကူ ဖြစ်စေသည်။  SME လုပ်ငန်းများ ရေရှည်တည်မြဲနိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရများ၊ မူဝါဒချမှတ်သူများနှင့် SME လုပ်ငန်းများ ၏ ကိုယ်စားလှယ်အသင်းအဖွဲ့များက ဝိုင်းဝန်း နည်းလမ်းရှာဖွေနေကြသည်။ သေးငယ်သော SME လုပ်ငန်းများ အနေဖြင့်မူ လုပ်ငန်းဆက်လက် ရပ်တည်လည်ပတ်နိုင်ရေးအတွက် စိုးရိမ်မကင်း ဖြစ်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ နည်းလမ်းရှာမတွေ့သေးသောကြောင့် ဖြစ်သည်။ အလုပ်လက်မဲ့ တိုးပွားလာခြင်း၊ လူမူရေးစံနှုန်းများ မညီမျှခြင်း၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်ခြင်း၊ ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း စသည်တို့သည် လူ့အဖွဲ့အစည်းများကို လွန်စွာထိခိုက်စေသည်။ 

နည်းလမ်း

‌ပညာရှင်များ၏ အကြံပြုချက်များအရ အစိုးရများအနေဖြင့် မဟာဗျူဟာကျသော အရင်းအမြစ်များကို ပံ့ပိုးပေးခြင်းသည်သာ လက်တွေ့ကျမည်ဟု ထောက်ပြကြသည်။ မဟာဗျူဟာမြောက် အရင်းအမြစ်များ ဆိုသည်မှာ နည်းပညာအသစ် ပေါင်းထည့်ပေးခြင်း၊ ထိရောက်သော ဘဏ္ဍာရေးအစီအမံများဖြင့် ထောက်ပံ့ခြင်း နှင့် အစိုးရ၏ မက်လုံးပေးခြင်းများ စသည်တို့သည် ရေရှည်တည်တံ့စေရန် အထောက်အပံ့ကောင်းများ ဖြစ်ပါမည်။

များစွာသော ပညာရှင်များက နည်းပညာအသစ် ပေါင်းထည့်ပေးခြင်းသည် ရေရှည်တည်မြဲမှုအတွက် အပေါင်းလက္ခဏာဆောင်သော ရလဒ်ရှိသည်ဟု တွက်ပြကြသည်။ ထိုသို့ နည်းပညာများရရှိမှသာ ပြိုင်ဆိုင်မှု ပြင်းထန်သော ဈေးကွက်တွင် အကျိုးအမြတ်များ ရယူနိုင်ပေလိမ့်မည်။

Technology

အာရှဖောင်ဒေးရှင်း (The Asia Foundation) မှ ကြီးမှူးကျင်းပပြီး Google မှ ထောက်ပံ့သော “Go Digital ASEAN” ဟူသော အစီအစဉ်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၂) ရက်နေ့တွင် စတင်ခဲ့သည်။ ရည်ရွယ်ချက်မှာ “အာဆီယံ ၁၀ နိုင်ငံ” မှ လူဦးရေ (၂) သိန်းတိတိကို ပညာပေး လက်တွဲခေါ်ယူနိုင်ရန် ဖြစ်သည်။ ကိုဗစ်ကာလတွင် အသေးစားစီးပွားရေးလုပ်ငန်းများ၊ လက်မှုပညာသည်များ၊ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး ဝင်ငွေလျော့နည်းခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း စသည်တို့ ကြုံကြရသည်။ Go Digital ASEAN အစီအစဉ်သည် ၎င်းတို့ကို တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေရန် ကူညီသည်။ ဥပမာ – မလေးရှားနိုင်ငံမှ လက်မှုပညာသည် တစ်ယောက်သည် အထက်ပါ Go Digital ASEAN ၏ အွန်လိုင်းသင်ခန်းစာကို တစ်ချိန်သင်ကြားပြီးနောက်ပိုင်း အခြေခံဒစ်ဂျစ်တယ်စွမ်းရည်များ တတ်မြောက်၍ မိမိ၏ လက်မှုပစ္စည်းများကို အီလက်ထရောနစ် ရောင်းဝယ်ရေး (e-commerce) ဝက်ဆိုဒ်များမှတစ်ဆင့် ရောင်းချရာ ယခင်ကထက် ဝင်ငွေ (၈၀) ရာခိုင်နှုန်း တိုးပွားခဲ့သည်။

Tax

ဘဏ္ဍာရေးဆိုင်ရာ ပြောင်းလဲပြုမှုသည်လည်း SME လုပ်ငန်းများ၏ ရည်ရွယ်ရင်းလမ်းကြောင်းမှ ချော်မထွက်စေရန် ပံ့ပိုးပေးသည်။ ပညာရှင်များကလည်း SME လုပ်ငန်းများ ဆက်လက် တည်တံ့စေရန် အစိုးရ ပါဝင်ပတ်သက်မှု မြှင့်တင်နိုင်ရေး တိုက်တွန်းကြသည်။ ဥပမာအားဖြင့် အခွန်လျှော့ပေါ့ပေးခြင်း ဖြစ်သည်။ နိုင်ငံအများစုသည် ကိုဗစ်ကာလအတွင်း SME နှင့် ပြည်သူများ သက်သာချောင်ချိစေရန် နည်းလမ်းပေါင်းစုံဖြင့် အခွန်လျော့ပေါ့ပေးကြသည်။

ဥပမာဆိုရသော် အာဂျင်တီးနားနိုင်ငံသည် SME လုပ်ငန်းများမှ ကိုဗစ်ကာလ လိုအပ်ချက်ကြောင့် ငှားရမ်းသော ဝန်ထမ်းများ၏ ဝင်ငွေအပေါ် အခွန်ကောက်ခံခြင်းကို ၉၅ ရာခိုင်နှုန်း လျှော့ချပေးခဲ့သည်။ ဟောင်ကောင်သည် ကန့်သက်ချက်တစ်ခုထား၍ ၁၀၀% နှုန်း အခွန်လျှော့ချပေးသည်။ နော်ဝေနိုင်ငံသည် ထပ်တိုးအခွန် (Value Added Tax- VAT) ကို ယာယီအားဖြင့် (၁၂) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် မြေငှားရမ်းမှုမှ ရရှိသော ဝင်ငွေများကို အခွန်လုံးဝမကောက်ခဲ့ပေ။

Debt Repayment

SME လုပ်ငန်းများအနေဖြင့် ပေးရန်ရှိသော အကြွေးများကို ဘဏ်သို့ ပေးဆပ်ရမည့် တာဝန်ရှိသော်လည်း အထက်တွင် ဖော်ပြထားသည့် ဝယ်လိုအားနည်းခြင်း၊ ကုန်ထုတ်လုပ်သူ Supplier မှ ပစ္စည်းမရောင်းချနိုင်ခြင်း အစရှိသည့် အခက်အခဲများကြောင့် အချိန်တစ်ခု ရောက်သည့်အခါတွင် ကျေလည်အောင် မဆပ်နိုင်ကြတော့ပေ။

ဩစတြေးလျနိုင်ငံတွင် SME များ ချေးငွေပြန်ဆပ်ခြင်းကို (၆) လ ဆိုင်းငံ့ပေးခဲ့သည်။ ဘရာဇီးနိုင်ငံအတွင်းမှ အကြီးဆုံးဘဏ် (၅) ခုဆိုလျှင် ကြွေးမြီပြန်လည်ဆပ်ရမည့်ကာလကို ရက်ပေါင်း (၆၀) အထိ တိုးမြှင့်ခွင့်ပြု ပေးခဲ့သည်။ အီဂျစ်သည်လည်း SME လုပ်ငန်းများအတွက် အကြွေးဝယ်ယူခွင့်ကဒ် ငွေဆပ်ခြင်းကို (၆) လ တိုးမြှင့်ခွင့်ပြုခဲ့သည်။

နိဂုံး

ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး၏ စီးပွားရေးကဏ္ဍတွင် ထိခိုက်နစ်နာမှုနှင့် ဆုံးရှုံးမှုများခဲ့သည်မှာ မှန်သော်လည်း နည်းစနစ်မှန်ကန်စွာဖြင့် SME လုပ်ငန်းများ ပြန်လည်ရှင်သန်ရေး မူဝါဒများ ချမှတ်နိုင်ပါက လွန်စွာအကျိုးများမည် ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများ၏ ကိုဗစ်ကာလ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး ကိုင်တွယ်ပုံများကို တင်ပြလိုက်ရပါသည်။

ရေးသားသူ

ကျော်ထင်ခန့်

MBA (University of Northampton, UK)

Ph.D. Candidate (Rushford Business School, Switzerland)

ကိုးကား။

  1. ASEAN Strategic Plan for SME Development 2016-2025:
  2. IGI Global: Publisher of Timely Knowledge
  3. Organization for Co-Operation and Development
  4. The Asia Foundation
Share.

About Author

Leave A Reply