AA သောင်းကျန်းသူအဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံရသော
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား
လေ့လာခြင်းခရီးစဉ် သုံးသပ်ချက်
နိဒါန်း
၁။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ (သေနင်္ဂ လက်နက်နှင့် နိုင်ငံတကာစစ်မှုရေးရာ မဂ္ဂဇင်း) မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် ဦးသိန်းထွန်းဦးတို့သည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ စီစဉ်ပေးမှုဖြင့် ပြည်တွင်းမီဒီယာများမှ သတင်းထောက် (၂၀) ဦးတို့နှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ ၆ ရက်နေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ခြင်းကိုခံရသော ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများသို့ သွားရောက်လေ့လာခြင်းနှင့် မောင်တောခရိုင် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေသော ဒဏ်ရာရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဖြစ်စဉ်ဖြစ်ပွားခြင်း
၂။ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ကလည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ကလည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ကလည်းကောင်း၊ ခထီးလှ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA သောင်းကျန်းသူအဖွဲ့ကလည်းကောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ (လွတ်လပ်ရေးနေ့) နံနက် ၆ နာရီ ၄၅ မိနစ်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။
၃။ ဖြစ်စဉ် ဖြစ်ပွားလျှင်ဖြစ်ပွားချင်း လှုပ်ရှားစစ်ကြောင်းများဖြစ်သော အမှတ် (၈) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ စစ်ကူအဖွဲ့များနှင့် တပ်မတော်မှ စစ်ကြောင်းများက စခန်းများသို့ စစ်ကူသွားရောက်ပူးပေါင်းခဲ့ရာ ငမြင်းဘော်စခန်းသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ကျောင်းတောင်စခန်းသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ဂုပ္ပိစခန်းသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ခထီးလှစခန်းသို့ နံနက် ၉ နာရီခွဲတွင်လည်းကောင်း ပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။
၎။ ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့ မရောက်ရှိသေးမီ AA သောင်းကျန်းသူအဖွဲ့က ဖိအားပေးတိုက်ခိုက်မှု ပိုမိုပြင်းထန်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ စခန်းနှစ်ခုအား စွန့်ခွာခဲ့ရသည်။ ဂုပ္ပိရဲကင်းစခန်းနှင့် ခထီးလှရဲကင်းစခန်းတို့ကို AA သောင်းကျန်းသူ အဖွဲ့များက သိမ်းပိုက်ရရှိရေး အင်အားအလုံးအရင်းဖြင့် ခြံစည်းရိုးကို အကြိမ်ကြိမ် ဖျက်ဆီးထိုးဖောက်သော်လည်း နံနက် ၇ နာရီခွဲခန့်မှစ၍ တပ်မတော်စစ်ကြောင်းများ၏ လက်နက်ကြီး ပစ်ကူမှုရရှိခဲ့ခြင်းနှင့် ရဲကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များ၏ စနစ်တကျ ကြံ့ကြံ့ခံ ပြန်လည်ခုခံတိုက်ခိုက်မှု တို့ကြောင့် စခန်းများအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ၀န်းရံပိတ်ဆို့ထားခြင်းကိုသာ ခံခဲ့ရသည်။ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်မှစ၍ ယင်းကင်းစခန်းများသို့ တပ်မတော်ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ တပ်မတော်စစ်ကူ စစ်ကြောင်းများက ၀ိုင်းပတ်ပိတ်ဆို့ထားသည့် AA လက်နက်ကိုင်အဖွဲ့များကို ပစ်အားသုံး၍ တရစပ် ထိုးစစ်ဆင် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လည်းကောင်း နံနက် ၉ နာရီခွဲခန့်တွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းမိသဖြင့် AA သောင်းကျန်းသူ အဖွဲ့က အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
၅။ AA သောင်းကျန်းသူအဖွဲ့၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် (၉) ဦး ကျဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် (၂) ဦး ကျဆုံး၊ (၁) ဦး ဒဏ်ရာရရှိပြီး ဂုပ္ပိရဲကင်းစခန်းမှ (၃) ဦး ဒဏ်ရာရရှိကာ ခထီးလှရဲကင်းစခန်းမှ (၂) ဦးကျဆုံး၊ (၃) ဦး ဒဏ်ရာရရှိခဲ့သည်။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ငယ်မျိုးစုံ အလက် (၄၀)၊ ခဲယမ်းမျိုးစုံ (၁၆၁၁၁) တောင့်၊ လက်ကိုင်စကားပြောစက် (၁) လုံး ဆုံးရှုံးခဲ့ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့ ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက် တပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့များက ပိတ်ဆို့ရှင်းလင်းလျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ (၄) ရွာမှ ဒေသခံတိုင်းရင်းသားများသည် ယင်းကျေးရွာများကို စွန့်ခွာတိမ်းရှောင်သွားသဖြင့် အဆက်အသွယ်ရရှိရေး ရှာဖွေလျက်ရှိကြောင်း သိရသည်။
သုံးသပ်တွေ့ရှိချက်များ
၆။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့သည် ဇန်နဝါရီလ (၆) ရက်နေ့တွင် ဖြစ်စဉ်ဖြစ်ပွားခဲ့သော စခန်း (၄) ခုအနက်မှ ခထီးလှရဲကင်းစခန်းနှင့် ဂုပ္ပိရဲကင်းစခန်းများအား သွားရောက်လေ့လာနိုင်ခဲ့ပါသည်။
၇။ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နယ်ခြားစောင့်ရဲကင်းစခန်း (၄) ခုလုံးအား ကြိုတင်စီစဉ်ထားသော တိုက်စစ်ဖြင့် အရုဏ်ဦးတွင် တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်၏ ရာသီဥတုအနေအထားအရ ထိုအချိန်တွင် မြူများကျဆင်းနေပြီး မြင်ကွင်းကန့်သတ်ချက် ကြီးမားသောအချိန် ဖြစ်သည်။
၈။ တိုက်ခိုက်ခံရသော ရဲကင်းစခန်းများသည် သက်ဆိုင်ရာ တိုင်းရင်းသားကျေးရွာများအား ARSA အကြမ်းဖက်သောင်းကျန်းသူများ ကျူးကျော်မှုရန်မှ ကာကွယ်ရန်အတွက် တည်ဆောက်ထားသော ရဲကင်းများသာ ဖြစ်သည်။ ထို့ကြောင့် နယ်စပ်ဒေသရှိ အခိုင်အမာ ခံစစ်စခန်းများနှင့် သဘောသဘာဝ တူညီမည် မဟုတ်ပါ။
၉။ ရဲကင်းစခန်းတစ်ခုလျှင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အင်အား (၁၅) ဦးမှ (၂၅) ဦးအထိ တာဝန်ချထားကြောင်း လေ့လာသိရှိရပါသည်။ ကျေးရွာတစ်ခုစီအား ကာကွယ်နိုင်ရန် သင့်တင့်သော အင်အားဖြစ်သည်ဟု သုံးသပ်ပါသည်။
၁၀။ အဆိုပါစခန်းများရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား တပ်ဆင်ပေးထားသော လက်နက်များမှာ ပြည်တွင်းထုတ် BA 63 နှင့် MA 11 ချေမှုန်းရေး ရိုင်ဖယ်များ၊ BA 64 နှင့် MA 12 စက်ကလေးများနှင့် BA 94 စက်သေနတ်ကလေးများ ဖြစ်သောကြောင့် ကောင်းမွန်သော ပစ်အားရရှိနိုင်သည်ဟု သုံးသပ်ပါသည်။ သို့သော် လက်နက်များအား ပုံမှန်တိုက်ချွတ်ဆေးကြောခြင်း ရှိ/မရှိဆိုသည့် အချက်အား ထည့်သွင်း စဉ်းစားသင့်ပါသည်။ ကျည်ကာဦးထုပ်နှင့် ကျည်ကာအင်္ကျီများမှာလည်း တပ်မတော်သားများကဲ့သို့ တပ်ဆင်ပေးထားကြောင်း တွေ့ရှိရပါသည်။ ဂုပ္ပိကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ကျည်ကာဦးထုတ်အား လက်နက်ငယ်ကျည် ထိမှန်ခဲ့သော်လည်း ဖောက်ဝင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။
၁၁။ နယ်ခြားစောင့်ရဲကင်းစခန်းများရှိ ခြံစည်းရိုးများ အားနည်းနေကြောင်း တွေ့ရှိရပါသည်။ ဆက်သွယ်ရေးမြောင်းများနှင့် ပစ်ကျင်းများ၏အနက်မှာလည်း တိမ်နေသည့်အတွက် တိုက်ခိုက်ခံရချိန်တွင် ကျည်အလွယ်တကူထိမှန်နိုင်ပါသည်။
၁၂။ ခထီးလှရဲကင်းစခန်းနှင့် ဂုပ္ပိရဲကင်းစခန်းများအား ကျေးရွာများအား ကာကွယ်ရန်အတွက် ရွာများအနီးရှိ တောင်ကုန်းများတွင် တည်ဆောက်ထားပါသည်။ AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာတွင် အဆိုပါတောင်ကုန်းများနှင့် ဆက်နေသော ပိုမိုမြင့်မားသည့် တောင်စွယ်မှဆင်းကာ တိုက်ခိုက်သည့်အတွက် အသာစီးရရှိနေသော အခြေအနေ ဖြစ်ပါသည်။ ခထီးလှရဲကင်းစခန်းအား စိုးမိုးနေသည့် ကုန်းပေါ်မှ လည်းကောင်း၊ စခန်းရှေ့လယ်ကွင်းအား ဖြတ်၍လည်းကောင်း နှစ်ဖက်ညှပ်ကာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ တိုက်ပွဲဖြစ်ပွားပြီး နှစ်နာရီခန့်အချိန်အတွင်း အဆိုပါစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပစ်ကျင်းနှင့် ဆက်သွယ်ရေးမြောင်းများကို စွန့်ခွာကာ စခန်းအလည်ရှိ ကွန်ကရစ်အဆောက်အအုံတွင်းမှ ခုခံတိုက်ခိုက်ခဲ့ရကြောင်း တွေ့ရှိရပါသည်။ AA ဖွဲ့အနေဖြင့် စခန်းခြံစည်းရိုးများအားဖျက်ကာ အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ပါသည်။ ထိုအချိန်တွင် တပ်မတော်(လေ)မှ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးက ဝေဟင်မှလည်းကောင်း၊ စစ်ကူလိုက်လာသော တပ်မတော် စစ်ကြောင်းက မြေပြင်မှလည်းကောင်း ပစ်ကူပေးခြင်းတို့ကြောင့် AA အဖွဲ့အနေဖြင့် စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာသွားခဲ့ကြောင်း တွေ့ရှိရပါသည်။ ဝေဟင်နှင့် မြေပြင် ပစ်ကူ၊ စစ်ကူများသာ အချိန်အနည်းငယ် နောက်ကျပါက စခန်းကျသွားနိုင်ပါသည်။ AA အဖွဲ့၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း တွေ့ရှိရပါသည်။ ခထီးလှရွာသည် မြိုနှင့် ခမီတိုင်းရင်းသားများ မှီတင်းနေထိုင်ကြသော နတလရွာ ဖြစ်ပါသည်။
၁၃။ AA အဖွဲ့အနေဖြင့် ဂုပ္ပိရဲကင်းစခန်းအား စိုးမိုးနေသည့် တောင်ကြောတစ်ဖက်တည်းပေါ်မှ ဆင်းကာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ အဝေးမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ စခန်းပတ်လည်တွင် မြေထိုးစက်ဖြင့် ထိုးကာ သတ်ကွင်းဖော်ထားခြင်းနှင့် ထိရောက်စွာ ပြန်လည်ပစ်ခတ်နိုင်မှုတို့ကြောင့် စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိပါ။ ဂုပ္ပိရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သောရွာ ဖြစ်ပါသည်။
၁၄။ AA အဖွဲ့အနေဖြင့် လက်နက်ငယ်မျိုးစုံ၊ ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာများနှင့် အာပီဂျီဒုံးသီးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၆၀ မီလီမီတာ စိန်ပြောင်းများ အသုံးပြုခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။
၁၅။ AA က တိုက်ခိုက်မည့်သတင်းအား ကြိုတင်ရရှိခဲ့သော်လည်း ရေမြေအနေအထားအရ စစ်ကူအချိန်မီ ဖြည့်တင်းပေးနိုင်ခဲ့ခြင်း မရှိပါ။ ထို့အပြင် လူတို့၏ သဘောသဘာဝမှ ဝင်တိုက်မည့် သတင်းများ မကြာခဏ ပေါ်နေတတ်သော အခြေအနေတွင် အမှန်တကယ် ဝင်ရောက်တိုက်ခိုက်ချိန်တွင် သတိလက်လွတ် ဖြစ်နေတတ်ပါသည်။
၁၆။ ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် AA အဖွဲ့ဖြင့် ပူးပေါင်းတိုက်ခိုက်ခြင်း ရှိ/ မရှိ အတည်မပြုနိုင်ပါ။ သို့သော် AA အဖွဲ့က ကျင့်သုံးသွားသော နည်းဗျူဟာမှာ ၂၀၁၇ ခုနှစ်အတွင်း ARSA အဖွဲ့က နယ်ခြားစောင့်ရဲစခန်း (၃၀) နှင့် တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုတို့အား တိုက်ခိုက်စဉ် ကျင့်သုံးသွားသော နည်းဗျူဟာနှင့် ထပ်တူကျနေကြောင်း လေ့လာတွေ့ရှိရပါသည်။ စခန်းများ စတင်အဝိုင်းခံရချိန်တွင် ရခိုင်ဘာသာဖြင့် လက်နက်ချရန် အော်ဟစ်ပြောဆိုကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရှိပါသည်။ စဉ်းစားသုံးသပ်သင့်သည်မှာ ARSA လှုပ်ရှားနေသော နယ်မြေနှင့် လက်ရှိ AA လှုပ်ရှားနေသော နယ်မြေများ ထိစပ်နေသော်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားခဲ့ဘူးပါ။ ၎င်းအဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိနေကြောင်း မြေပြင်အထောက်အထားများရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အနည်းဆုံး အောက်ခြေတပ်မှူးများအဆင့်တွင် သဘောတူညီချက် ယူထားပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်နေနိုင်ကြောင်း သုံးသပ်ပါသည်။
၁၇။ ထို့အပြင် ARSA အကြမ်းဖက်အဖွဲ့အနေဖြင့် တစ်ဖက်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီလူငယ်များအား စည်းရုံးသိမ်းသွင်းကာ လေ့ကျင့်သင်တန်းပေးနေကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။ ထို့ကြောင့် အနာဂတ်တွင် ARSA အဖွဲ့က မောင်တောမြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများကိုလည်းကောင်း၊ AA က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများကိုလည်းကောင်း တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လာနိုင်ကြောင်း သုံးသပ်ပါသည်။
၁၈။ AA အဖွဲ့အနေဖြင့် ဆုတ်ခွာရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၁၃) ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း (၁) ဦးနှင့် မိသားစုဝင် (၄) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ၎င်းတို့ ဆုတ်ခွာရာ လမ်းကြောင်းအား တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က လိုက်လံရှင်းလင်းချိန်တွင် လူသားဒိုင်းအဖြစ် အသုံးချရန် ဖမ်ဆီးခေါ်ဆောင်သွားခြင်းဟု သုံးသပ်ပါသည်။ လွတ်မြောက်နိုင်သည်ဟု ယူဆသော အချိန်ရောက်မှ ဓားစားခံများအား လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ပါသည်။
၁၉။ AA အဖွဲ့ တိုက်ခိုက်ခံရသည့် ခထီးလှနှင့် ဂုပ္ပီရဲကင်းစခန်းများအား တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များက ပစ်ကူပေးနေမှုကို မီဒီယာအချို့တွင် တစ်ပြိုင်နက်တည်း အသားပေးဖော်ပြနေမှုသည် တပ်မတော်က AA အား ပြန်လည်တိုက်ခိုက်ချိန်တွင် စစ်ရာဇဝတ်မှုများ (War Crimes) ကျူးလွန်နေကြောင်း ကုလသမဂ္ဂသို့ တင်ပြရန် ပုံဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သုံးသပ်ပါသည်။ ထိုလိုလားချက်မှာ ARSA ဘင်္ဂါလီအစွန်းရောက်များ၏ လိုလားချက်နှင့် ထပ်တူဖြစ်နေသည်ကို သတိပြုသင့်ပါသည်။
၂၀။ ရခိုင်ပြည်နယ်အတွင်း ရွေ့ပြောင်းဒုက္ခသည်စခန်းများ (IDP Camps) များပြားလာပါက ကုလသမဂ္ဂက လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဉ်အောက်မှ ဖိအားပေးလာနိုင်ပါသည်။ AA အဖွဲ့အနေဖြင့် ထိုကဲ့သို့ အခြေအနေဖြစ်ပေါ်ရန် ဖန်တီးနေသည်ဟု သုံးသပ်ပါသည်။
AA က တိုက်ခိုက်သည့် အကြောင်းရင်းအား ဆန်းစစ်ခြင်း
၂၁။ တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်ပြီး တိုင်းစစ်ဌာနချုပ် (၅) ခု နယ်မြေများအတွင်း စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘာတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးသွားရန်ဟု ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
၂၂။ AA အဖွဲ့၏ ဌာနချုပ်မှာ KIA အခြေပြုရာ လိုင်ဇာဖြစ်ပြီး လက်ရှိတွင် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှိနိုင်ငံအတွင်းတွင် ရှိသည်ဟု သုံးသပ်ပါသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တပ်နေရာချထားမှုများ ပါဝင်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ထိုနယ်မြေတွင် ၎င်းတို့လှုပ်ရှားနေသည်ဟု သက်သေပြသနိုင်ရန် ဖြစ်သည်ဟု သုံးသပ်ပါသည်။ ထိုမှသာ ငြိမ်းချမ်းရေးဆွေးနွေးချိန်တွင် နယ်မြေတောင်းဆိုနိုင်မည် ဖြစ်ပါသည်။
၂၃။ ဒုတိယအချက်အနေဖြင့် အင်အား သောင်းဂဏန်းနီးပါးမျှ (အချို့က ထောင်ဂဏန်းသာ ရှိသည်ဟု သုံးသပ်သည်။ အချို့က နှစ်သောင်းခန့်ရှိသည်ဟု သုံးသပ်သည်။) ရှိသည်ဟုဆိုသော AA ၏ အုပ်ချုပ်ထောက်ပံ့မှုအတွက် အသုံးစရိတ်အား ရှာဖွေရန် တစ်ခုတည်းသော လွယ်ကူသည့် နည်းလမ်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးခြင်းဖြစ်သည်။ ရခိုင်လူထုက AA အား ငွေကြေးထောက်ပံ့နေသည် ဆိုသည်မှာ အပြည့်အဝ မှန်ကန်ခြင်းမရှိပဲ ဝါဒဖြန့်ချိနေခြင်းဟုသာ သုံးသပ်ပါသည်။ တစ်ဖက်နိုင်ငံသို့ မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများအား ထိန်းထားရန်အတွက် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်ပါသည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်ဖြန့်ဖြူးရာတွင် AA နှင့် ARSA ပူးပေါင်းလုပ်ဆောင်နေမှုများ ရှိနေနိုင်ပါသည်။
အကြံပြုချက်များ
၂၄။ ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်း ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ကို ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)/၅၄၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂(၁)(က) အရ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းနှင့် ခထီးလှရဲကင်းစခန်း ၀င်ရောက်တိုက်ခိုက်မှုဖြစ်စဉ်ကို ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုဖွင့်ခြင်းမျှသာမက မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအနေဖြင့် AA အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအနေနှင့် သတ်မှတ်ကြောင်း ကြေညာသင့်ပါသည်။
၂၅။ AA နှင့် ARSA အဖွဲ့နှစ်ခုတို့၏ ဆက်စပ်နေမှုများအား နိုင်ငံတော်အစိုးရအနေဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ်သင့်ပါသည်။
၂၆။ နယ်ခြားစောင့်ရဲကင်းစခန်းများ တည်ဆောက်ထားမှုနှင့် ခံစစ်ပြင်ဆင်ထားမှုတို့အား ပြန်လည် သုံးသပ်သင့်ပါသည်။ (ဥပမာ ဘန်ကာများ တည်ဆောက်ထားမှု၊ ဆက်သွယ်ရေးမြောင်းများနှင့် ပစ်ကျင်းများ၏ အနက်၊ စခန်းခြံစည်းရိုးတည်ဆောက်ထားမှု အခြေအနေ စသည်) စခန်းများတွင် MG – 3 (သို့မဟုတ်) MG – 42 (သို့မဟုတ်) MA – 15 စက်လတ်များနှင့် ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာများအား ဖွဲ့စည်းပုံတိုးချဲ့ တပ်ဆင်ပေးထားနိုင်ရန် စဉ်းစားသင့်ပါသည်။
၂၇။ မိမိတာဝန်ယူထားရသော နယ်မြေအတွင်းရှိ ဒေသခံတိုင်းရင်းသားများနှင့် စည်ရုံးရေးကို ယခုထက် ပိုမိုတည်ဆောက်ထားသင့်ပါသည်။
၂၈။ နယ်ခြားစောင့်ရဲကင်းစခန်းများတွင် လိုက်ပါနေထိုင်သော မိသားစုဝင်များ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားသင့်ပါသည်။
၂၉။ လက်ရှိတွင် စခန်းများအကျယ်အဝန်းနှင့် အကာအကွယ်ပေးနေရသော ကျေးရွာများ၏ အရွယ်အစားတို့အရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ချထားရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် အလျင်အမြန် တုံ့ပြန်ရေးတပ်ဖွဲ့များ (Rapid Reaction Force သို့မဟုတ် Quick Reaction Force) ဖွဲ့စည်းကာ တိုက်ပွဲဖြစ်ပွားရာသို့ အလျင်အမြန် တပ်ဖြန့်ချထားနိုင်ရေး ဆောင်ရွက်သင့်ပါသည်။
၃၀။ သတင်းလုံခြုံမှုကို အထူးသတိပြုသင့်ပါသည်။ တပ်များ တပ်ဖြန့်ချထားမှု အင်အားစာရင်းအား ပေါက်ကြားစေခဲ့သူမှာ စစ်တွေလေဆိပ်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာရှိဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် အရပ်ဘက်ထောက်လှမ်းရေးတွင် အရေးပါသော ဌာနတစ်ခုအတွင်းသို့ တစ်ဖက် အဖွဲ့အစည်းများက ထိုးဖောက်ဝင်ရောက်နေကြောင်း သိရှိနိုင်ပါသည်။ ထိုဒေသတွင် တာဝန်ချထားသော ဝန်ထမ်းများ၏ နိုင်ငံတော်အပေါ် သစ္စာရှိမှုကို ဆန်းစစ်ရန် လိုအပ်ပြီး ထိရောက်သော စိစစ်အရေးယူမှုများကို လုပ်ဆောင်သင့်ပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
pdf download link: Border Police and AA