၂၀၂၅ ခုနှစ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်)အား လှမ်းမျှော်ကြည့်ခြင်း
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
မဝေးတော့သည့် အနာဂတ်တွင် တပ်တော်ဝင်တော့မည့် တရုတ်၏ ပုံစံ ၀၇၅ အတန်းအစား ရဟတ်ယာဉ်တင် ကမ်းတက်တိုက်ခိုက်ရေး ရေယာဉ်များ (Type 075 Class Landing Helicopter Dock – Amphibious Assault Ship) သည် ပစိဖိတ်ဒေသ ရေကြောင်းအကဲသာမှုအတွက် ပိုမိုကောင်းမွန်စွာ ယှဉ်ပြိုင်လာနိုင်တော့မည် ဖြစ်ပါသည်။ ယခုအခါ ပုံစံ ၀၇၅ အတန်းအစား ရေယာဉ် ၃ စီးအား Hudong-Zhonghua Shipbuilding Company က တည်ဆောက်လျက်ရှိရာ ယခင်တည်ဆောက်ခဲ့သည် LHD များထက် ပိုမိုကြီးမားကြောင်း တွေ့ရှိရပါသည်။
တရုတ်အနေဖြင့် ၂၀၁၂ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်) ၏ ပထမဆုံး လေယာဉ်တင်သင်္ဘော လျောင်နင်းအား တပ်တော်ဝင်နိုင်ခဲ့ခြင်းနှင့်အတူ နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအုပ်စုအား ဆက်တိုက်ဆိုသလို တိုးချဲ့လာခဲ့ပါသည်။ ယခုအခါ လေယာဉ်တင်သင်္ဘောသစ် (၃)စီးသည် ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းခြင်းနှင့် တည်ဆောက်ခြင်း စသည့် အဆင့်အမျိုးမျိုးသို့ နေကြပါပြီ။ ဤသို့ ဆက်တိုက်အင်အားတိုးချဲ့လာခြင်းသည့် အာရှနှင့် အနောက်နိုင်ငံများအတွက် အန္တရာယ်ဖြစ်လာနိုင်ကြောင်း မှန်းဆမှုများ ဖြစ်လာနေပါသည်။ ဆိုဗီယက်ပြည်ထောင်စုခေတ်က ရည်မှန်းချက်ကြီးကြီးမားမားထားရှိခဲ့သော လေယာဉ်တင်သဘောင်္တည်ဆောက်ရေး စီမံချက်များ ဖြစ်သည့် ကူဇနက်ဆော့ဗ်နှင့် အူလျာနော့ဗ်အစီအစဉ်များသည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အစပြုခဲ့သော်လည်း နိုင်ငံပြိုကွဲသွားခြင်းနှင့်အတူ ရပ်ဆိုင်းသွားခဲ့ရပါသည်။ တရုတ်တို့အနေဖြင့် အထက်ပါ လေယာဉ်တင်သင်္ဘောတည်ဆောက်ရေး အစီအစဉ်များကို ပုံတူကူးချကာ လုပ်ဆောင်ခဲ့ရာ ၂၀၂၅ ခုနှစ်အရောက်တွင် လေယာဉ်တင်သင်္ဘော ၄ စီးအထိ ပိုင်ဆိုင်လာမည်ဟု သုံးသပ်ကြပါသည်။
ယခုအခါ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) အနေဖြင့် စစ်ရေယာဉ်အရေအတွက် တိုးပွားလာခဲ့သည်သာမကဘဲ ပိုမိုခေတ်မီပြီး အရွယ်အစားကြီးမားသော စစ်ရေယာဉ်များကိုပါ ပိုင်ဆိုင်လာခဲ့ပါသည်။ ရုရှား၏ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော “ရေတပ်ဗိုလ်ချုပ်ကြီး ကူဇနက်ဆော့ဗ်” နှင့် အတန်းအစားတူ ညီအစ်မ စစ်ရေယာဉ်ဖြစ်သည့် တရုတ်၏ လျောင်နင်းသည် ကူဇနက်ဆော့ဗ်ထက် ပိုမိုကောင်းမွန်သော လက်နက်များတပ်ဆင်ထားပြီး ပိုမိုခေတ်မီပါသည်။ သို့သော် ဆက်လက်တည်ဆောက်နေသော လေယာဉ်တင်သင်္ဘောများတွင်တော့ လျောင်နင်းတွင် တပ်ဆင်ထားသော နည်းပညာများထက် ပိုမိုခေတ်မီ ဆန်းပြားသော နည်းပညာများကို တပ်ဆင်ရန် ရည်ရွယ်ထားပါသည်။ ၎င်းတို့တွင် လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်များ လွှတ်တင်နိုင်ရန် လျှပ်စစ်သံလိုက်လွှတ်တင်ရေးစနစ်များ (Electromagnetic Launch Systems – EMALS) တပ်ဆင်ပြီး လေယာဉ်တင်သင်္ဘောအခြေစိုက် ဝေဟင်ကြိုတင်သတိပေးလေယာဉ် (၂၀၁၇ ခုနှစ်တွင် တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်သည်။)၊ လေယာဉ်တင်သင်္ဘောအခြေစိုက် အီလက်ထရေးနစ် စစ်ဆင်ရေး ဂျက်တိုက်လေယာဉ်များ (လက်ရှိတွင် Prototype အဆင့်) အား သယ်ဆောင်သွားမည်ဖြစ်ပါသည်။ အထက်ပါစနစ်နှင့် လေယာဉ်များသည် အမေရိကန်၏ နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘောကြီးဖြစ်သည့် USS Gerald Ford တွင်လည်း တပ်ဆင် သယ်ဆောင်နိုင်ကြောင်း သိရှိရပါသည်။ ထိုစနစ်များကြောင့် တရုတ်၏ အနာဂတ်လေယာဉ်တင်သင်္ဘောများသည် ပြိုင်ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ အမေရိကန်နှင့် ပစိဖိတ်ဒေသမှ အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည် ဖြစ်သည်။ တိုးပွားလာသော ဖျက်သင်္ဘောများနှင့် မကြာသေးခင်က တပ်တော်ဝင်ခဲ့သည့် ဖျက်သင်္ဘောအတန်းအစားသစ် ပုံစံ ၀၅၅ တို့ဖြင့် ပေါင်းစပ်လိုက်ခြင်းအားဖြင့် မဟာဗျူဟာကျသော အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်၏ ရေကြောင်းစွမ်းအားကို ပိုမို ဖြန့်ကျက်လာနိုင်ပြီး စိုးမိုးထားနိုင်တော့မည် ဖြစ်ပါသည်။
တရုတ်တို့အနေဖြင့် ၂၀၂၅ တွင် လေယာဉ်တင်သင်္ဘော ၄ စီးအထိပိုင်ဆိုင်နိုင်မည်ဟု အမေရိကန်နှင့် ၎င်း၏ အာရှဒေသမဟာမိတ်များက ခန့်မှန်းတွက်ချက်ထားကြသော်လည်း သိသာထင်ရှားခြင်းမရှိသည့် ကာကွယ်ရေးအစီအစဉ်တစ်ခုကြောင့် အရေအတွက်သည် ၄ စီးမှ ၇ စီးအထိ များပြားလာနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ပုံစံ ၀၀၁၊ ပုံစံ ၀၀၂ နှင့် ပုံစံ ၀၀၃ အတန်းအစားလေယာဉ်သင်္ဘော (၃) စီးအား တည်ဆောက်ခြင်းနှင့်အတူ တန်ချိန် ၄၀,၀၀၀ ရှိ ပုံစံ ၇၅ အတန်းအစား ရဟတ်ယာဉ်တင် ကမ်းတက်တိုက်ခိုက်ရေးရေယာဉ် (၃) တည်ဆောက်ရေးမှာလည်း စတင်နေပြီ ဖြစ်ပါသည်။ ၎င်းကမ်းတက်တိုက်ခိုက်ရေးရေယာဉ် (၃) စီးမှာ အကြမ်းအားဖြင့် ပြင်သစ်၏ လေယာဉ်တင်သင်္ဘောဖြစ်သည့် ချားလ်ဒီဂေါနှင့် အရွယ်အစားတူညီပါသည်။ အဆိုပါကမ်းတက်တိုက်ခိုက်ရေး ရေယာဉ်များသည် အမေရိကန် ရေတပ်၏ အမေရိက (America) နှင့် ဝါ့စ် (Wasp) အတန်းအစား ကမ်းတက်တိုက်ခိုက်ရေးရေယာဉ်များနှင့် ပုံစံနှင့် အရွယ်အစား ထပ်တူနီးပါးမျှ တူညီပါသည်။ တရုတ်၏ အနာဂတ် ပုံစံ ၀၇၅ အတန်းအစား စစ်ရေယာဉ်များအတွက် အမေရိကန်စစ်ရေယာဉ်များက စံနမူနာပြပေးလိုက်သလိုပင် ဖြစ်နေပါသည်။
အမေရိကန်ရေတပ်တွင် လေယာဉ်တင် သင်္ဘောအစီး (၂၀)အား လက်ရှိ အသုံးပြုနေပါသည်။ ၁၁ စီးမှာ တန်ချိန် ၁၀၀,၀၀၀ ရှိ လေယာဉ်တင်သင်္ဘောကြီးများ (Supercarriers) ဖြစ်ပြီး ကျန် ၉ စီးမှာ ကမ်းတက်တိုက်ခိုက်ရေးရေယာဉ်များဖြစ်ပါသည်။ အမေရိကန်က အဆိုပါ ကမ်းတက်တိုက်ခိုက်ရေးရေယာဉ်များကို လေယာဉ်တင်သင်္ဘောဖြစ် သတ်မှတ်ထားခြင်း မရှိပေ။ သိုသော်လည်း အဆိုပါစစ်ရေယာဉ်များပေါ်တွင် ရဟတ်ယာဉ်များကိုသာမက တိုက်လေယာဉ်များပါ သယ်ဆောင် တိုက်ပွဲဝင်နိုင်ပါသည်။ သမားရိုးကျ လေယာဉ်တင်သင်္ဘောအခြေစိုက် တိုက်လေယာဉ်များ ဖြစ်သည့် F/A 18E နှင့် F – 35C ကဲ့သို့သော လေယာဉ်များအတွက် ပျံတက်/ ဆင်းသက်ရန် လေယာဉ်ပြေးလမ်းနှင့် လေယာဉ်လွှတ်တင်ရေးစနစ်များ မပါဝင်သော်လည်း ဟာရီယာတိုက်လေယာဉ် (Harrier Jump Jet) နှင့် F-35B တို့ကဲ့သို့သော ပြေးလမ်းတို ပျံတက်ပြီး ဒေါင်လိုက်တည့်မတ်စွာဆင်းသက် (Short Take – off and Vertical Landing – SVTOL) နိုင်သည့် လေယာဉ်များအား သယ်ဆောင်နိုင်ပါသည်။ ထို့ကြောင့် ကမ်းတက်တိုက်ခိုက်ရေးရေယာဉ်များသည် လေယာဉ်တင်သင်္ဘောကြီး တစ်ဦးကဲ့သို့ ထိရောက်စွာ တိုက်ပွဲဝင်နိုင်စွမ်းရှိပါသည်။
တရုတ်၏ ပုံစံ ၀၇၅ အတန်းအစား စစ်ရေယာဉ်များအား ၂၀၂၅ တွင် တပ်တော်ဝင်နိုင်မည်ဟု ခန့်မှန်းထားရာ ၎င်းတို့သည် လေယာဉ်တင်သင်္ဘောတစ်စီးကဲ့သို့ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည့်အတွက် ထိုအချိန်ရောက်လျှင် တရုတ်ရေတပ်၌ လေယာဉ်တင်သင်္ဘောအရေအတွက်မှာ ၇ စီးအထိ တိုးပွားသွားမည် ဖြစ်ပါသည်။ ရဟတ်ယာဉ်များ တင်ဆောင်ရန်အတွက်တော့ ပုံစံ ၀၇၅ များ၏ ကုန်းပက်မှာ အလွန်ကြီးမားနေသည့်အတွက် အနာဂတ်တွင် တိုက်လေယာဉ်များ သယ်ဆောင်တိုက်ပွဲဝင်ရန် လေယာဉ်တင်သင်္ဘောအဖြစ် ဒီဇိုင်းရေးဆွဲ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။
လက်ရှိတွင် အမေရိကန်တစ်နိုင်ငံတည်းသာ ပြေးလမ်းတို ပျံတက်ပြီး ဒေါင်လိုက်တည့်မတ်စွာ ဆင်းသက်နိုင်သည့် SVTOL လေယာဉ် F – 35B ထုတ်လုပ်နေသည့် နိုင်ငံဖြစ်ပါသည်။ သို့သော် အဆိုပါနည်းပညာကို ပိုင်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံတော့ မဟုတ်ပါ။ ဆိုဗီယက်ပြည်ထောင်စုသည် စစ်အေးတိုက်ပွဲကာလက အဆိုပါနည်းပညာ၏ ဦးဆောင်လမ်းထွင် နိုင်ငံဖြစ်ခဲ့ပါသည်။ ဆိုဗီယက်၏ လေယာဉ်တင်သင်္ဘော စစ်ရေယာဉ်စုသည်လည်း ဒေါင်လိုက်တည့်မတ်စွာ ပျံတက်/ ဆင်းသက်နိုင်သော (Vertical Take – off and Landing – VTOL) လေယာဉ်များပေါ်တွင် အလုံးစုံ အမှီသဟဲပြုခဲ့ရပါသည်။ VTOL နည်းပညာသည့် SVTOL နှင့် ဆင်တူပါသည်။ ၁၉၈၀ ပြည်လွန်နှစ်များက ဆိုဗီယက်၏ လေယာဉ်တင်သင်္ဘော ရေယာဉ်စုတိုးချဲ့ရေး စီမံချက်များအရ VTOL လေယာဉ်အမျိုးအစားဖြစ်သည့် Yak 141 ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းသည် အမေရိကန်၏ Wasp နှင့် တရုတ်၏ ပုံစံ ၀၇၅ ကဲ့သို့သော ကမ်းတက်တိုက်ခိုက်ရေးရေယာဉ်များပေါ်မှ ပျံတက်စစ်ဆင်နိုင်ပါသည်။ သို့သော်လည်း အဆိုပါအစီအစဉ်များ ဆိုဗီယက်ပြိုကွဲသွားခြင်းနှင့်အတူ ရပ်ဆိုင်းသွားခဲ့ရပြီး နောက်ဆုံးအဆင့် စမ်းသပ်နေသော Prototype ၄ စီး ကျန်ရှိခဲ့ပါသည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တရုတ်တို့အနေဖြင့် ဆိုဗီယက်လက်နက်အစီအစဉ် အများအပြားကို ရယူနိုင်ခဲ့ပါသည်။ ထို့ကြောင့် Yak 141 နည်းပညာများကိုလည်း ရုရှားထံမှ ဝယ်ယူနိုင်ခဲ့မည်မှာ သေချာသလောက်ပင် ဖြစ်ပါသည်။ ၎င်းအတွက် ကိုယ်ပိုင် VTOL သို့မဟုတ် SVTOL တိုက်လေယာဉ်များကို လျှင်မြန်စွာ ထုတ်လုပ်လာပါမည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က မကြာသေးခင်က တီထွင်ထုတ်လုပ်နိုင်ခဲ့သော အဆင့်မြင့်လေကြောင်းနည်းပညာများ ဖြစ်သည့် ရေဒါပျောက်နည်းပညာနှင့် AESA ရေဒါစနစ်များမှသည် ဂျက်အင်ဂျင်သစ်များနှင့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးပျံများကို ပေါင်းစပ်လိုက်ခြင်းဖြင့် Yak 141 ၏ တရုတ်မျိုးကွဲ၏ စွမ်းရည်မှာ သာမန်တော့ ဖြစ်မည်မဟုတ်ပါ။ ကမ်းတက်တိုက်ခိုက်ရေးရေယာဉ် တစ်စီးသည် အဆိုပါလေယာဉ် အစီး (၃၀) ကို သယ်ဆောင်တိုက်ပွဲဝင်နိုင်မည် ဖြစ်သောကြောင့် စစ်ရေယာဉ် (၃) စီးမှ တိုက်လေယာဉ် အင်အားမှာ တောင်နှင့် အရှေ့တရုတ်ပင်လယ်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) အတွက်တော့ လူတစ်ကာ ဖြုံလောက်သည့် အင်အားစုတစ်ခု ဖြစ်လာပါမည်။
အစီရင်ခံစာများအရ ရုရှားသည်လည်း ၎င်း၏ Yak 141 အစီအစဉ်အား ပြန်လည်စတင်ရန် စဉ်းစားနေပြီး ကမ်းတက်တိုက်ခိုက်ရေး ရေယာဉ် (၄) စီးအား တည်ဆောက်ရန်လည်း စီစဉ်နေကြောင်း သိရှိရပါသည်။ (ရုရှား – ယူကရိန်း ပဋိပက္ခကြောင့် ပြင်သစ်ထံမှ Mistral အတန်းအစား ကမ်းတက်တိုက်ခိုက်ရေးရေယာဉ်များ ဝယ်ယူရန် စာချုပ် ပျက်ပြယ်သွားသည့်အတွက် ရုရှားတို့အနေဖြင့် မိမိတို့ကိုယ်တိုင် တည်ဆောက်ရန် စဉ်းစားလာရခြင်း ဖြစ်ပါသည်။) တရုတ်အနေဖြင့် အဆိုပါ လေယာဉ်ထုတ်လုပ်ရေး အစီအစဉ်တွင် ပူးတွဲပါဝင်နိုင်သကဲ့သို့ ရုရှားထံမှလည်း တိုက်ရိုက်ဝယ်ယူနိုင်ပါသည်။ တရုတ်၏ အဆင့်မြင့်နည်းပညာများကို ထပ်မံပေါင်းထည့်ခြင်းအားဖြင့် တရုတ်ရေတပ်အတွက် စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး အသုံးတည့်သည့် လေယာဉ်တစ်စီးဖြစ်လာနိုင်ကြောင်း သုံးသပ်ရပါသည်။
ယခုအခါ အမေရိကန်ရေတပ်အနေဖြင့် အဓိက စစ်မျက်နှာ အမြောက်အများတွင် အင်အား ဖြန့်ကျက်လာနိုင်ခဲ့ပါသည်။ အီရန်နှင့် တင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ ပါဝင်စွက်ဖက်မှုမှာလည်း ပိုမိုမြင့်တက်လာခဲ့ပါသည်။ သို့သော် လာမည့် ၇ နှစ်တာ ကာလလေးအတွင်း ဖြစ်ပေါ်တိုးတက်လာမည့် တရုတ်လေယာဉ်တင်သင်္ဘော ၇ စီးအား ထိန်းထားရန်မှာ အမေရိကန်ရေတပ်အတွက်တော့ အလွန်ပင်ကြီးမားသော တာဝန်တစ်ရပ် ဖြစ်လာပါမည်။ တရုတ်ရေတပ်အနေဖြင့် အာရှ – ပစိဖိတ်ဒေသရှိ အရေးပါသောနေရာများအား ထိန်းထားနိုင်သော အရေးကြီးသည့် အကျိုးကျေးဇူးကို ရရှိထားပါသည်။ ထိုဒေသတွင် အမေရိကန် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေး အုပ်စုများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကြီးထွားလာသည့် စိန်ခေါ်မှုများကို အကန့်အသတ်ဖြင့်သာ ရင်ဆိုင်နိုင်စွမ်းရှိနေသောကြောင့်လည်း ဖြစ်ပါသည်။
တိုင်းပြည်၏ စီးပွားရေးတိုးတက်နေခြင်းကြောင့် တရုတ်ကာကွယ်ရေးဘတ်ဂျက်မှာ တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းဖြင့် ပုံမှန်တိုးတက်နေပါသည်။ ထို့ကြောင့် တရုတ်အနေဖြင့် ၂၀၂၅ နောက်ပိုင်းတွင် လေယာဉ်တင်သင်္ဘောနှင့် ကမ်းတက်တိုက်ခိုက်ရေးရေယာဉ်များကို ပိုမိုတည်ဆောက်လာနိုင်ပါမည်။ အမေရိကန်တို့အတွက်မူ လေယာဉ်တင်သင်္ဘောအစီး ၂၀ ထက် ပိုမိုပိုင်ဆိုင်နိုင်ရန်မှာ သိပ်ဖြစ်နိုင်မည်တော့ မဟုတ်ပါ။ အာရှ – ပစိဖိတ်ဒေသတွင် အလျင်အမြန် တိုးတက်လာသော တရုတ်ရေတပ်၏ စွမ်းရည်နှင့် နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်အတွက် အန္တရာယ်ရှိလာနိုင်ပါသည်။ ၁၉၄၄ ခုနှစ်တွင် ဂျပန်ဘုရင့်ရေတပ်မတော်၏ လေယာဉ်တင်သင်္ဘောကြီး ရှင်နာနို (Shinano) ကို နှစ်မြှပ်ပစ်နိုင်ခဲ့ပြီးနောက် အမေရိကန် လေယာဉ်သင်္ဘောတိုက်ခိုက်ရေးရေယာဉ်စု (Carrier Battle Groups) များအတွက် အာရှဒေသအား စိုးမိုးနိုင်ရန် ပထမဆုံးအကြိမ်အဖြစ် အမှန်အကန်စိန်ခေါ်မှုကို ကြုံတွေ့လာရတော့မည်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်သည် အာရှ – ပစိဖိတ်ဒေသ အင်အားချိန်ခွင်ညှာ အလှည့်အပြောင်းဖြစ်ပေါ်လာမည့် အရေးပါသော နှစ်တစ်ခုအဖြစ် ကြိုတင်သုံးသပ်ရေးသားလိုက်ရပါသည်။
Ref; The Diplomat, “Will China Have 7 Aircraft Carriers by 2025?” by Abraham Ait, June 30, 2018