အမေရိကန်တွေ တာလီဘန်ကို ဘယ်လို သွယ်ဝိုက်စွာ လက်နက်တပ်ဆင်ပေးခဲ့လဲ

0

အမေရိကန်တွေ တာလီဘန်ကို ဘယ်လို သွယ်ဝိုက်စွာ လက်နက်တပ်ဆင်ပေးခဲ့လဲ

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

သောင်းကျန်းမှုတွေကို နှိမ်နင်းဖို့အတွက် မဟာမိတ်နိုင်ငံတွေက တပ်မတော်တွေကို အမေရိကန်တွေ လက်နက်တပ်ဆင်ပေးတာဟာ သူ့ရဲ့အကြမ်းဖက်မှုနှိမ်နင်းရေးမဟာဗျူဟာမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမဟာဗျူဟာမှာ ချို့ယွင်းအားနည်းချက် တချို့ကတော့ ရှိနေပါတယ်။ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ လက်နက်ခဲယမ်းတွေဟာ မကြာခဏဆိုသလို အမေရိကန်က အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ လက်တွင်းကို ကျရောက်သွားလေ့ရှိပါတယ်။

Islamic State (IS) အဖွဲ့ဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ အမေရိကန်က လက်နက်တပ်ဆင်လေ့ကျင့်ပေးထားတဲ့ ဆီးရီးယားသူပုန်တွေဆီက လက်နက်တွေကို သိမ်းဆည်းရမိခဲ့ဘူးပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း အီရန်ကျောထောက်နောက်ခံပြုပေးထားတဲ့ အီရတ်ပြည်သူ့စစ် Kataib Hezbollah အဖွဲ့က အီရတ်တပ်မတော်ရဲ့ M – 1 Abram တင့်တွေကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ အဲဒီတင့်တွေဟာ အမေရိကန်က အီရတ်ကို ရောင်းချထားတာတွေပါ။ နောက်ပိုင်းမှာတော့ ဒီပြဿာနာဟာ အာဖဂန်အထိ ပျံ့နှံ့ရောက်ရှိသွားပါတယ်။ တာလီဘန်တွေ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းအများအပြားဟာ အာဖဂန်တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို အမေရိကန်တို့ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

သူပုန်တွေရဲ့ အနောက်နိုင်ငံလုပ် လက်နက်ခဲယမ်းတွေထဲမှာ အမေရိကန်နဲ့ အာဖဂန်စစ်သည်တွေ စွန့်ပစ်ခဲ့တဲ့ ညကြည့်မှန်ပြောင်းတွေနဲ့ လေဆာပစ်မှတ်ရှာ ကိရိယာတွေလည်း ပါဝင်ပါတယ်။ ဒါတွေကို မှောင်ခိုဈေးကွက်မှာ အလွယ်တကူဝယ်ယူလို့ ရနေပါတယ်။ ဒါကြောင့် ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ် တာလီဘန်တို့ရဲ့ ညတိုက်ပွဲအကြိမ်ရေဟာ နှစ်ဆမြင့်တက်လာခဲ့ပြီး အာဖဂန်စစ်သည်တွေ ကျဆုံး/ ဒဏ်ရာရမှုနှုန်းဟာလည်း သုံးဆမြင့်တက်သွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ကွန်ဒုဇ်တိုက်ပွဲမှာ သူပုန်တွေက ဟမ်းဗီးတွေနဲ့ တင့်တွေကို မောင်းနှင်တိုက်ပွဲဝင်နေတဲ့ ရုပ်သံဖိုင်တစ်ခုကို လွှင့်တင်ခဲ့ဘူးပါတယ်။ ၂၀၁၆ ခုနှစ်မှာလဲ အာဖန်နစ္စတန်ရဲ့ တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ဟဲလ်မန်ပြည်နယ်က အာဖဂန်စစ်ဆေးရေးဂိတ်တစ်ခုကို အသေခံဗုံးခွဲတိုက်ခိုက်ရာမှာ ဟမ်းဗီးယာဉ်တွေကို အသုံးပြုခဲ့ပါတယ်။ မနှစ်က တာလီဘန်တွေဟာ ကန်ဒါဟာစစ်ဆင်ရေးအတွင်းမှာ သိမ်းဆည်းရရှိခဲ့တဲ့ အမေရိကန်လုပ် ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ ဆက်သွယ်ရေးစက်တွေကို ပြသပြီး ဝါဒဖြန့်ချိမှုတွေ လုပ်ခဲ့ပါတယ်။

ယခုလိုပြဿနာတွေ သိသိသာသာ ထင်ထင်ရှားရှားမဖြစ်မီ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလောက်ကတည်းက တာလီဘန်တွေဟာ အမေရိကန် စစ်ခွေးတစ်ကောင်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ဝါကြွားခဲ့ကြပါသေးတယ်။

ဒီဖြစ်စဉ်တွေဟာ အမေရိကန်အတွက်တော့ Catch – 22 အဖြစ် ဖော်ညွှန်းနေပါတယ်။ (Catch – 22 ဆိုတာ ရှေ့နောက်မညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကနေ လွတ်မြောက်နိုင်ခြင်းမရှိသူတစ်ဦးရဲ့ ဝိရောဓိအခြေအနေတစ်ရပ်လို့ အကြမ်းဖျင်းအားဖြင့် မှတ်ယူနိုင်ပါတယ်။ Catch – 22 ဆိုတဲ့ စကားရပ်ဟာ ၁၉၆၁ ခုနှစ်ထုတ် Catch – 22 ဆိုတဲ့ ဝတ္ထုကလာတဲ့ ယုတ္တိဗေဒတစ်ခုဖြစ်ပါတယ်။) တဖက်မှာ အာဖဂန်အမျိုးသားတပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ဟာ သူပုန်တွေထက် နည်းပညာသာလွန်နေမှုအပေါ်မှာ မကြာခဏ မှီခိုနေရပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရကတော့ ဒီလို စစ်မြေပြင်မှာ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတပ်ဆင်မှုမှာ ထိန်းချုပ်/ ကန့်သတ်ထားတာကြောင့် နည်းပညာသာလွန်မှု အားသာချက်ကို ဖျက်စီးပစ်လိုက်သလိုဖြစ်နေပါတယ်။ အခြားတဖက်မှာတော့ အမေရိကန်တွေက မဟာမိတ်အာဖဂန်တွေကို ထောက်ပံ့ပေးလိုက်တဲ့ လက်နက်ခဲယမ်းတွေဟာ တနည်းမဟုတ် တနည်းနဲ့ တာလီဘန်တွေလက်ထဲကို ရောက်သွားပြီး အာဖဂန်စစ်သည်တွေနဲ့ အမေရိကန် စစ်ဖက်အကြံပေးအရာရှိတွေကို တိုက်ခိုက်ရာမှာ ပြန်လည် အသုံးချနေတဲ့ အန္တရာယ်ရှိနေတာဘဲ ဖြစ်ပါတယ်။

The Long War Journal ရဲ့ အယ်ဒီတာနဲ့ Foundation for the Defense of Democracies ရဲ့ အကြီးတန်းအရာရှိ Bill Roggio ကတော့ တာလီဘန်တွေ လက်ထဲရောက်သွားတဲ့ လက်နက်ခဲယမ်းတွေ အထူးသဖြင့် ယာဉ်တွေဟာ စီးနင်းတိုက်ခိုက်မှုတွေမှာ သိမ်းဆည်းသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်တပ်ဖွဲ့ဝင်တွေက ရောင်းချတယ်ဆိုတဲ့ ဖြစ်စဉ်သတင်းတွေ တက်လာတာလည်း ရှိပါတယ်လို့ ပြောကြားပါတယ်။ သူပုန်တွေဟာ ဒီလက်နက်ခဲယမ်းနဲ့ ယာဉ်ယန္တရားတွေကို အာဖဂန်နဲ့ အနောက်နိုင်ငံက စစ်သည်တွေကို သတ်ဖြတ်ဖို့ နည်းဗျူဟာကျကျ အသုံးပြုနေတာ ဖြစ်ပါတယ်။ သူတို့ အသုံးပြုနေတဲ့ အကြိမ်အရေအတွက်ကို ကြည့်မယ်ဆိုရင် ဒီယာဉ်ယန္တရားတွေနဲ့ လက်နက်တွေကို ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်းတွေကိုလည်း သိရှိလုပ်ဆောင်နေပြီ ဖြစ်တယ်ဆိုတာ သုံးသပ်နိုင်ပါတယ်လို့ ဆက်ပြောပါတယ်။

အာဖဂန်မှာရှိတဲ့ အခြားသူပုန်အဖွဲ့တွေကလည်း ဒီလိုနည်းဗျူဟာမျိုးကိုဘဲ ထပ်တူအသုံးပြုလာကြပါတယ်။ ပြီးခဲ့တဲ့လအတွင်းက IS တွေဟာ မြို့တော်ကာဘူးမှာရှိတဲ့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အသုံးပြုခဲ့တဲ့ယာဉ်တွေကို အာဖန်နစ္စတန်မှာရှိတဲ့ အမေရိကန်ဦဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့ရဲ့ Resolute Support Mission ကနေ ခိုးယူခဲ့တာဖြစ်ပါတယ်။ (နောက်ပိုင်းမှာတော့ Resolute Support Public Affairs ကနေ ဒီသတင်းဟာ သတင်းမှားဖြစ်တယ်။ အသုံးပြုခဲ့တဲ့ယာဉ်တွေဟာ ပုံမှန် SUV တွေသာဖြစ်ပြီး ဟမ်းဗီး (HMMV – Humvee) တွေမဟုတ်ကြောင်းနဲ့ ခိုးယူခံရခြင်းလည်း မရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။)

တာလီဘန်တွေနဲ့ မတူတဲ့အချက်ကတော့ IS တွေဟာ လက်နက်တွေကို အမေရိကန် ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဆီက ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေကတော့ အနောက်တိုင်းလုပ် လက်နက်ခဲယမ်းတွေကို အာဖဂန်စစ်သည်တွေဆီက ဖြစ်စေ၊ မှောင်ခိုဈေးကွက်တွေက ဖြစ်စေ ရရှိခဲ့တာပါ။ ၂၀၁၆ ခုနှစ်အတွင်း အရှေ့ဘက်ပြည်နယ်တစ်ခုဖြစ်တဲ့ နန်ဂါဟာမှ တိုက်ပွဲဖြစ်ပွားစဉ်က အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေဟာ စက်သေနတ်တစ်လက်နဲ့ ဒုံးပစ်လောင်ချာတစ်လက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီလက်နက်တွေဟာ သူပုန်တွေလက်ထဲကို ကျရောက်သွားပါတယ်။

အာဖဂန်တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်တဲ့ အမေရိကန်လက်နက်ခဲယမ်းတွေကို အမေရိကန်တို့အနေနဲ့ စောင့်ကြည့်ထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ တချိန်တည်းမှာပဲ IS နဲ့ တာလီဘန်တို့ရဲ့ လိမ္မာပါးနပ်စွာ သိမ်းယူပြီး ဖြန့်ခွဲနေရာချထားမှုတွေကြောင့် သူတို့ရဲ့အင်အားဟာ တစ်နေ့တစ်ခြား ကြီးထွားလာပါတော့တယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ဟာ မဟာမိတ်နိုင်ငံတွေကို အမေရိကန်လက်နက်တွေ ရောင်းချမှုနဲ့ပတ်သက်ပြီး ကြီးကြပ်နေပေမယ့် အာဖဂန်နစ္စတန်နိုင်ငံမှာတော့ ထူးထူးခြားခြား စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဖဂန်နစ္စတန်နှင့် ပတ်ဝန်းကျင်နိုင်ငံများဆိုင်ရာ အေဂျင်စီခွဲတစ်ခုဖြစ်တဲ့ တောင်နှင့် အလယ်အာရှရေးရာဗျူရိုကို မေးမြန်းသည့် မေးခွန်းတွေကို ကိုးကားပြီး  မြို့တော်ကာဘူးရှိ အမေရိကန်သံရုံးက ပြန်လည်ဖြေကြားရာမှာ လက်နက်ခဲယမ်းများဆုံးရှုံးမှုနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အမေရိကန်အစိုးရအနေဖြင့် စိုးရိမ်ပူပန်မှုရှိပါကြောင်းနဲ့ စစ်ဆင်ရေးဆင်နွှဲနေစဉ်အတွင်း စစ်မြေပြင် ပျောက်ဆုံး ပျက်စီးမှုများကိုလည်း သတိပြုမိပါကြောင်း ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အာဖန်နစ္စတန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အထူးစစ်ဆေးရေးအရာရှိချုပ် (Special Inspector General for Afghanistan Reconstruction – SIGAR) ကို အထက်ပါကိစ္စအား စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့ပါတယ်။ SIGAR ရဲ့ မူလတာဝန်ကတော့ အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ၊ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေးဂျင်စီတို့အနေနဲ့ ကွန်ဂရက်လွှတ်တော်က သတ်မှတ်ပေးတဲ့ ရန်ပုံငွေနဲ့အညီ သုံးစွဲပြီး ပေးအပ်ထားတဲ့ လုပ်ငန်းတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း ရှိ/ မရှိ စစ်ဆေးရတာ ဖြစ်ပါတယ်။

SIGAR မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့ကို ထောက်ပံ့ပေးထားသည့် အမေရိကန်လက်နက်ခဲယမ်းတွေ ဘယ်လောက်များများ သူပုန်တွေလက်တွင်း ကျရောက်သွားသည်ကို မသိရှိကြောင်းနဲ့ ဆုံးရှုံးမှုအသေးစိတ်ကိုလည်း မသိရှိကြောင်း ပြောပါတယ်။

Resolute Support Mission ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကတော့ သူတို့ရဲ့တာဝန်မှာ အာဖဂန် ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေရဲ့ တိုက်ပွဲဝင်အသင့်ဖြစ်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် လေ့ကျင်သင်တန်းပေးခြင်း၊ အကြံပေးခြင်းနဲ့ အကူအညီပေးခြင်းတို့သာ ဖြစ်ကြောင်းနဲ့ အာဖဂန်တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့မှ တဆင့် တာလီဘန်တို့လက်တွင်း ရောက်သွားသည့် အမေရိကန်လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး ခြေရာခံ စုံစမ်းဖော်ထုတ်ဖို့ လုပ်ထုံးလုပ်နည်း မရှိပါကြောင်း ပြောကြားပါတယ်။

အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးကောင်စီကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Resolute Support Mission ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အာဖဂန်အစိုးရအပါအဝင် အမေရိကန်လက်နက်တွေကို လက်ခံရရှိတဲ့ နိုင်ငံအားလုံးအနေဖြင့် အဆိုပါလက်နက်များကို အမေရိကန်တို့နည်းတူ ကာကွယ်ထိန်းသိမ်းပါမည့် အကြောင်း အမေရိကန်အစိုးရနဲ့ လက်မှတ်ရေးထိုးရပါကြောင်း၊ ဥပမာအနေဖြင့် လက်နက်ငယ်များကို အဆင့် သုံးဆင့်ဖြင့် ထိန်းသိမ်းထားရကြောင်း၊ ၂၄ နာရီ လက်နက်ကိုင်အစောင့်ရှိသည့် လက်နက်တိုက်များအတွင်း သော့ပိတ်ထားသည့်ပုံးများအတွင်း သိမ်းဆည်းထားရကြောင်း ပြောကြားပါတယ်။

အမေရိကန်နဲ့ အာဖဂန်စစ်သည်များတွေ တာဝန်ယူထားတဲ့ လုံခြုံရေးအဆင့်ဆင့်ဟာ ထိရောက်မှုရှိပြီး လွဲမှားဖို့ အတော်ကို ခက်ခဲပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက တာလီဘန်တွေဟာ ဘာဂရမ်လေတပ်စခန်းအတွင်းကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ဘူးပါတယ်။ ဘာဂရမ်လေတပ်စခန်းဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တွေရဲ့ အရေးကြီးဆုံး အခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သူပုန်တွေဟာ ယခင်ကလည်း အာဖဂန်တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့အတွင်းကို အကြိမ်ကြိမ် ထိုးဖောက်ဝင်ရောက်နိုင်ကြောင်း ပြသခဲ့ပြီး ဖြစ်ပါတယ်။

Resolute Support Mission ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အာဖဂန်လက်နက်ခဲယမ်းတွေ ခိုးယူခံရတာနဲ့ အာဖဂန်အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒီလက်နက်တွေ ပြန်လည်ရရှိဖို့ ဒါမှမဟုတ်ရင်လဲ ရန်သူတွေ စစ်မြေပြင်မှာ သုံးစွဲလို့ မရနိုင်ရေး ဖျက်စီးပစ်ဖို့ လျှင်လျှင်မြန်မြန်ဘဲ လုပ်ကိုင်ကြပါတယ်။ ဥပမာဆိုရလျှင် အမေရိကန် – အာဖဂန်ပူးတွဲ အသုံးပြုတဲ့ လေယာဉ်ဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး ယခုထိ တာလီဘန်တွေ ခိုးယူသွားတဲ့ ဟမ်ဗီး အစီး ၄၀ လောက်ကို ဖျက်စီးပစ်ဖို့ အထောက်အကူပေးနိုင်ခဲ့ပါတယ်ဟု ဆိုပါတယ်။ (လေယာဉ်အမျိုးအစားအား ဖော်ပြထားခြင်းမရှိပါ။)

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှာလည်း ခိုးယူခံရတဲ့ ဟမ်းဗီးများအား ဖျက်စီးပစ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်က ယီမင်မှာ ပြုလုပ်ခဲ့တဲ့ မအောင်မြင်သော စီးနင်းတိုက်ခိုက်မှာ ပျက်ကျခဲ့သည့် လေယာဉ်ကိုလည်း အမေရိကန်တို့ အထက်ပါနည်းလမ်းကို အသုံးပြု ဖျက်စီးခဲ့ပါတယ်။

ဒီမဟာဗျူဟာက ကြီးမားကျယ်ပြန့်တဲ့ ပြဿနာကြီးတစ်ခုရဲ့ ပြင်ပသွင်ပြင်လက္ခဏာတွေကိုသာ ရှင်းလင်းနိုင်တာ ဖြစ်ပါတယ်။ အဲဒီပြဿနာကြီးကတော့ စနစ်တကျဖြစ်ပေါ်နေတဲ့ ခြစားမှု (Systemic Corruption) ပဲ ဖြစ်ပါတယ်။ ဒီခြစားမှုကြောင့်ဘဲ အာဖဂန်သူပုန်တွေဟာ သီအိုရီအရတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီကနေ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို ဝယ်ယူနေနိုင်တာပဲ ဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ မရှိပေမယ့် ဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားနေတာ အနည်းဆုံး ၂၀၀၉ ခုနှစ်ဝန်ကျင်လောက်ကတည်းက ဖြစ်ပါတယ်။

Resolute Support Mission ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က တာလီဘန်တွေ ဒီပစ္စည်းတွေကို ဘယ်လိုနည်းလမ်းနဲ့ ရယူသွားတယ်ဆိုတာ မပြောနိုင်ပါဟု ဆိုပါတယ်။ ဒါပေမယ့် တာလီဘန်တွေမှာတော့ အဖြေရှိပါတယ်။ တာလီဘန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Zabihullah Mujahid က သူတို့အနေဖြင့် အမေရိကန်လက်နက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ရရှိနေကြောင်း၊ ကာဘူးမှာရှိတဲ့ အစိုးရစစ်သည်ဆီကလည်း ဖမ်းဆီးရမိနေကြောင်း၊ ပုဂ္ဂိုလ်ရေးခင်မင်သူများထံက တဆင့်လည်း ရရှိနေကြောင်းနဲ့ အသေးစိတ်ကိုတော့ ပြောဖို့ မဖြစ်နိုင်ကြောင်း ဆိုပါတယ်။

အမေရိကန်အနေနဲ့ အာဖဂန်တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လက်နက်တပ်ဆင်မှုတွေ ဆက်လုပ်ပေးနေပေမယ့် ပိုပြီး ထိရောက်ကောင်းမွန်တဲ့ ဘေးကင်းလုံခြုံမှုစီမံချက်တွေ မလုပ်နိုင်သမျှကာလပတ်လုံးတော့ ဒီလက်နက်ခဲယမ်းနဲ့ ယာဉ်ယန္တရား၊ ကိရိယာတန်ဆာပလာတွေဟာ တစ်နည်းနည်းနဲ့ IS နဲ့ တာလီဘန်တွေဆီ ရောက်သွားနိုင်တယ်ဆိုတာ အမေရိကန် မူဝါဒရေးဆွဲသူတွေအနေနဲ့ လက်ခံထားရမှာဘဲ ဖြစ်ပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် အမေရိကန် အခွန်ထမ်းပြည်သူတွေဟာ တာလီဘန်တွေကို သွယ်ဝိုက်သော နည်းလမ်းနဲ့ လက်နက်တပ်ဆင်ပေးနေတာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ အာဖဂန်နစ္စတန်မှာ ကျင့်သုံးနေတဲ့ မဟာဗျူဟာကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်တယ်ဆိုတာ သိသာနေပါတယ်လို့ Roggio က ပြောကြားလိုက်ပါတယ်။

Ref; How the US Is Indirectly Arming the Taliban by Austin Bodetti, The Dilpomat, June 13, 2018

Share.

About Author

Leave A Reply