တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး BBC မြန်မာပိုင်း နံနက်ခင်းရေဒီယိုအစီအစဉ် (၁၈ – ၆ – ၂၀၁၇) အတွက် မေးမြန်းမှုအပေါ် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ Founder & Executive Director ဒေါက်တာနိုင်ဆွေဦး (Naing Swe Oo)၏ ဖြေကြားချက်
မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်နဲ့ မော်စကိုမြို့ကို ရောက်ရှိနေပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ ချုပ်ဆိုထားခဲ့တဲ့ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေး ပူးပေါင်းမှုစာချုပ်အရ ဒုတိယအကြိမ်မြောက် သူသွားရောက်တာပါ။ အဲဒီခရီးစဉ်ကနေ စစ်ဘက်ရေးရာတွေမှာ ဘာတွေတိုးတက်ဖို့ရှိပါလဲ။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဒေါက်တာနိုင်ဆွေဦးကို ကိုကျော်ဇေယျက ဆက်သွယ်မေးကြည့်ထားပါတယ်။
ဖြေ။ ရုရှားနဲ့ မြန်မာနိုင်ငံဆိုတာကတော့ အခုမှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှာ ရုရှား – မြန်မာ အစိုးရချင်းဆက်ဆံရေးရော စစ်ဘက်ဆက်ဆံရေးရော အဆင်ပြေတာကို တွေ့ရပါတယ်။ အရင်တုန်းကလည်း အဆင်ပြေခဲ့တယ်။ အခုလည်း အဆင်ပြေတယ်။ ပြီးခဲ့တဲ့နှစ်မှာပဲ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ရုရှား – မြန်မာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုဖို့ လွှတ်တော်မှာ တင်ခဲ့တာရှိတယ်။ လွှတ်တော်ကလည်း အတည်ပြုခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်ကတော့ အဲဒီစာချုပ်ချုပ်ဆိုခဲ့တယ်လို့ ကျွန်တော်တို့အနေနဲ့ လေ့လာသိရှိထားပါတယ်။ ရုရှား – မြန်မာစစ်ဘက်ဆက်ဆံရေးဟာ ယခင်ကထက်တော့ ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ကျွန်တော်အနေနဲ့ လေ့လာသုံးသပ်မိပါတယ်။
မေး။ NLD အစိုးရလက်ထက်မှာ ရုရှား – မြန်မာ စစ်ဘက်ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့ စာချုပ်လည်း ချုပ်ခဲ့ပြီးပြီဆိုတော့ ကာချုပ်ကြီးကလည်း ဒုတိယအကြိမ်သွားတာဆိုတော့ အခုခရီးစဉ်မှာ ဘာတွေ ထူးထူးခြားခြား ဖြစ်လာမယ်လို့ ကိုနိုင်ဆွေဦးတို့ သုံးသပ်ထားပါသလဲခင်ဗျ။
ဖြေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံကို ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရသွားတယ်လို့ တရားဝင်သတင်းထုတ်ပြန်ထားတာ ရှိပါတယ်ခင်ဗျ။ ထုတ်ပြန်ချက်မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမယ်၊ တပ်မတော် (၂) ရပ်ကြား ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမယ်ပေါ့၊ ရုရှားနိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာသင်တန်းကျောင်းတွေ၊ ဌာနချုပ်တွေနဲ့ စက်မှုလုပ်ငန်းတွေကို လေ့လာမယ်ဆိုပြီး တရားဝင်ထုတ်ပြန်ထားတာ ရှိပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သွားတာက ဒုတိယအကြိမ်လည်း ဖြစ်တယ်ပေါ့၊ ပိုမိုပြီးတော့ ဆက်ဆံရေးတိုးမြှင့်ဖို့ အလားအလာတွေ မြင်တွေ့နေရပါတယ်။ စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းတွေ သွားမယ်၊ ဌာနချုပ်တွေသွားမယ်ဆိုပြီး ပြောခဲ့တယ်ဆိုတော့ တပ်မတော်အနေနဲ့ ရရင်ရသလို နည်းပညာတွေ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လုပ်ဆောင်သွားမယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်။
မေး။ ကျွန်တော်တို့ သိထားသမျှက တရုတ်နိုင်ငံနဲ့က မြန်မာစစ်တပ်နဲ့က ရေရှည်ခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့တယ်ပေါ့။ အခုရုရှားနဲ့ ပိုပြီးတော့ စစ်ရေးအရပူးပေါင်းဆောင်ရွက်လာတယ်ဆိုတော့ ဒီဘက် ချိန်ခွင်လျှာကို အားညှိတယ်ဆိုတဲ့သဘောမျိုးရော ကိုနိုင်ဆွေဦးတို့ သုံးသပ်ပါသလားခင်ဗျ။
ဖြေ။ ဟိုးအရင်ခေတ်တွေတုန်းကတော့ ကျွန်တော်တို့အနေနဲ့ အနောက်နိုင်ငံက နည်းပညာတွေနဲ့ လက်နက်တွေကို ရယူခဲ့တာတွေရှိတယ်။ နောက်ပိုင်းမှာတော့ ပိတ်ဆို့မှုတွေကြောင့် တရုတ်နိုင်ငံနဲ့ ပိုမိုရင်းနှီးစွာဆက်ဆံခဲ့ကြတယ်။ တရုတ်တပ်မတော်နဲ့ စစ်ဘက်ဆိုင်ရာ ပိုမိုရင်းနှီးမှုရှိလာတယ်။ ဒါပေမယ့် ရုရှားနဲ့လည်း စစ်ဘက်ဆက်ဆံရေး မရှိဘူးမဟုတ်ဘူး ရှိတယ်။ အဲဒီအချိန်တည်းကလည်း ရုရှားနိုင်ငံကို လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်တန်းတွေစေလွှတ်ပြီး တက်ရောက်စေခဲ့တာတွေရှိတယ်။ ကျွန်တော့်အနေနဲ့ အပြန်အလှန် Balance လုပ်တယ်လို့တော့ မမြင်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အပြန်အလှန် ရင်းနှီးစွာဆက်ဆံတယ်လို့ပဲ သုံးသပ်ပါတယ်ခင်ဗျ။
မေး။ ကာချုပ်ကြီးက တရားဝင် ထုတ်ဖော်ပြောကြားထားတာလည်း ရှိတယ်ပေါ့၊ အိမ်နီးချင်းနိုင်ငံတွေမှာ ဆိုရင်လည်း စစ်လက်နက်ပစ္စည်းတွေက တိုးတက်နေပြီ။ မြန်မာ့တပ်မတော်မှာရော အခုလို စစ်လက်နက်ပစ္စည်းတွေ တိုးတက်လာဖို့အတွက် ဒီရုရှားခရီးစဉ်က ပိုမိုအရေးပါတယ်လို့ ကိုနိုင်ဆွေဦးတို့ အနေနဲ့ သုံးသပ်ပါသလားခင်ဗျ။
ဖြေ။ တရားဝင်ပြောကြားချက်မှာတော့ ပါပေမယ့်လို့ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်လာရင်တော့ လုပ်ဆောင်ရမယ့် အပိုင်းတွေတော့ ရှိတယ်ပေါ့ဗျာ။ ဘယ်လိုလက်နက်မျိုးတွေ၊ ဘာတွေလုပ်မယ် ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ မသိရှိရပါဘူး။ ဖြစ်လာမယ့်အလားအလာအများကြီးရှိနိုင်တယ်လို့ပဲ သုံးသပ်ပါရစေ။