၂၀၁၇အတွင်း ပိုမိုဆိုးရွားလာဦးမည့် ဘင်ဂါလီတို့၏ အကြမ်းဖက်မှုများ
ရေးသားသူ – ဒေါက်တာ နိုင်ဆွေဦး
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်ကာ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပိတ်ဆို့ကာ စစ်ဆင်ရေးဆောင်ရွက်နေဆဲ ဖြစ်သော်လည်း အတွေ့အကြုံနည်းသော ဒေသခံမူဆလင် စစ်သွေးကြွများ၏ သောင်းကျန်းမှုကို ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ (ယခုအခါ တပ်မတော်အနေဖြင့် စစ်ဆင်ရေးများ ရပ်ဆိုင်းထားပြီဖြစ်ကြောင်း သိရှိရပါသည်။) အစိုးရအနေဖြင့် ပဋိပက္ခ ဖြစ်ပွားရာဒေသသို့ စောင့်ကြည့်လေ့လာသူများ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားဆဲ ဖြစ်ပါသော်လည်း တရားဝင်ထုတ်ပြန်ချက်များနှင့် မီဒီယာများတွင် ဖော်ပြချက်များအရ ပဋိပက္ခ ဖြစ်ပွားမှု အရှိန်မသေသေးကြောင်း သိရှိနိုင်ပါသည်။ ၂၀၁၇ နှစ်ဦးပိုင်းတွင် IHS Jane’s ကို ရန်ကုန်ရှိ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများ၏ ပြောကြားချက်များအရ လာမည့် (၆)လ အတွင်း ပဋိပက္ခ ဖြစ်ပွားမှုသည် တဖြည်းဖြည်း များပြားလာနိုင်ချေရှိကြောင်း ခန့်မှန်းသိရှိရပါသည်။
အကြမ်းဖက်သမားတို့ ကျင့်သုံးခဲ့သော နည်းဗျူဟာများ
၂၀၁၆ ဒီဇင်ဘာနှင့် ၂၀၁၇ ဇန်နဝါရီလများအတွင်း ဘင်္ဂါလီအကြမ်းဖက်သမားများက နည်းဗျူဟာ (၃) မျိုးအား အသုံးပြုကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည်။
ပထမနည်းလမ်းမှာ ပစ် – ပြေး နည်းဗျူဟာဖြစ်ပြီး လက်နက်ငယ်များဖြင့် လုံခြုံရေး စခန်းငယ်များကို တိုက်ခိုက်ခြင်း၊ လှည့်ကင်းများအား အသေးစား ခြုံခိုတိုက်ခိုက်ခြင်းတို့ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလလယ်အထိ ထိုကဲ့သို့သော တိုက်ခိုက်မှုလေးပေါင်း ၁၀ မှ အကြိမ် ၂၀ ထိရှိခဲ့ကြောင်းနှင့် ဆက်လက်ပြီးလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ ထိုတိုက်ခိုက်မှုမျိုးသည် လွန်ခဲ့သည့်နှစ် အောက်တိုဘာမတိုင်ခင်အထိ ပြည်နယ်တွင်း တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဘူးခြင်း မရှိကြောင်း သိရှိရပါသည်။
ဇန်နရီဝါလဆန်းက ပဋိပက္ခအပြင်းထန်ဆုံးဖြစ်ပွားခဲ့သော မောင်တော မြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါသည်။ မော်တော်ဆိုင်ကယ် စီးနင်းလာသော အကြမ်းဖက်သမား (၆)ဦးက မောင်တောမြို့နယ် နောရူလရွာအနီးရှိ ရဲကင်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပါသည်။ အကြမ်းဖက်သမားများထံမှ ပစ္စတိုတစ်လက်နှင့် မော်တော်ဆိုင်ကယ် (၃)စီး သိမ်းဆည်းရမိခဲ့ပါသည်။ အကြမ်းဖက်သမားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးသွင်းလာသော လက်လုပ်သေနတ်များကို အသုံးပြုတိုက်ခိုက်ကြောင်း လေ့လာသိရှိရပါသည်။ ဇန်နဝါရီလတွင်းက လက်လုပ်သေနတ် (၁၄)လက်ကို သိမ်းဆည်းရမိခဲ့ပါသည်။
ဒုတိယနည်းလမ်းမှာ – ကင်းလှည့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်လုပ်ဗုံးများ (Improvised Explosive Devices – IEDs) များဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ ၂၀၁၆ အောက်တိုဘာမှ ယခုအချိန်ထိ IED များဖြင့် တိုက်ခိုက်မှုဖြစ်စဉ် (၅)ကြိမ်ခန့် ဖြစ်ပွားခဲ့ပါသည်။ ဝါယာကြိုးဖြင့် ဆက်သွယ်ဖောက်ခွဲခြင်း ဖြစ်ပြီး အဝေးထိန်းခလုပ်ဖြင့် တိုက်ခိုက်သော ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်းမရှိပါ။
တစ်ချိန်တည်းမှာပင် ပိုမိုဆန်းပြား ရှုပ်ထွေးသော IEDs တိုက်ခိုက်မှုများ ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ဖြစ်ပွားလာခဲ့ပါသည်။ ဇန်နဝါရီ (၁)ရက်နေ့က ရန်ကုန် – စစ်တွေ ကားလမ်းပေါ်ရှိ မင်းပြားမြို့နယ်တွင်း ၁.၂ မီတာအရှည်ရှိ ပိုက်လုံးဖြင့် ပြုလုပ်ထားသောဗုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အသက်မဲ့အောင် ပြုလုပ်နိုင်ခဲ့ပါသည်။ ထိုနေ့မှာပင် ပုဏားကျွန်းမြို့နယ်တွင်း အကြမ်းဖက်သမားများက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါ။
မြန်မာ့သတင်းစဉ်အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များသည် မည်သည့်အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခြင်းမရှိသော်လည်း ဘင်္ဂါလီ အကြမ်းဖက်မှု တစိတ်တဒေသ ဖြစ်ကြောင်း ပိုမို သေချာလာခဲ့ပါသည်။ ဖြစ်စဉ် ဖြစ်ပွားခဲ့သော ဒေသများသည် ဘင်္ဂါလီတို့နေထိုင်ရာ ဒေသများတွင် ဖြစ်သော်လည်း အသုံးပြုခဲ့သော IEDs များမှာ Arakan Army (AA) မှ ထုတ်လုပ်ပြီး ၎င်းအဖွဲ့ဝင်များ ထောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း လေ့လာသိရှိရပါသည်။
AA သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အဓိကလှုပ်ရှားနေသော်လည်း တခါတရံ ရခိုင်ပြည်နယ် အလယ်ပိုင်းတွင်လည်း သောင်းကျန်းမှုဖြစ်စဉ်များကို တပြိုင်နက်တည်း လုပ်ဆောင်လေ့ရှိပါသည်။ ၂၀၁၅ခုနှစ်တွင်းမှ စတင်ကာ AA အဖွဲ့ငယ်လေးများအနေဖြင့် ရခိုင်၊ ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့်ရှ် သုံးနေရာဆုံသောနယ်စပ်အနီးရှိ ပလက်ဝမှ တောင်ဘက်သို့ တိုးချဲ့ကာ ကျောက်တော်နှင့် စစ်တွေမြို့များ အနီးတွင်ပါ တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့ပါသည်။ ယခင်က လုံခြုံရေးစိတ်ချရသော ရန်ကုန် – စစ်တွေကားလမ်းကြီးသည် အကြမ်းဖက်သမားများက ဖြတ်တောက်ရန် ကြိုးပမ်းခြင်းကြောင့် ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ထုတ်ဝန်ပိုးတစ်ရပ် ဖြစ်လာခဲ့ပါသည်။
တတိယနည်းလမ်းမှာ – လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နေသော ဘင်ဂါလီလူမျိုးများကို အကြမ်းဖက်သမားများက သုတ်သင်ခြင်း ဖြစ်ပါသည်။ ထိုဖြစ်စဉ်မျိုးသည် အောက်တိုဘာ ၉ မတိုင်မီကလည်း ဖြစ်ပွားခဲ့ပါသည်။ ၂၀၁၆ခုနှစ် ဒီဇင်ဘာအတွင်း ထုတ်ပြန်ခဲ့သော International Crisis Group – ICG ၏ အစီရင်ခံစာတွင်လည်း ဖော်ပြပါရှိခဲ့ပါသည်။ ဤနည်းဗျူဟာသည် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသော ဒေသခံရွာသားများအား စိတ်ဓာတ်ကျဆင်းစေရန်နှင့် ထောက်လှမ်းရေး သတင်းပေးများအား နှုတ်ပိတ်ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ချက်အရ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး နှစ်ပတ်အတွင်း အနည်းဆုံး ရွာသား ၃ ဦးသည် အကြမ်းသမားများ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရပါသည်။ ထိုထဲမှ တစ်ဦးမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များတွင် အစိုးရအား အကူအညီပေးနေသော ဆယ်အိမ်စုမှူးဖြစ်ပြီး ၂၀၁၆ ဒီဇင်ဘာ ၂၆ ရက်တွင် အလောင်းအား မောင်တောမြို့နယ်တွင်း တွေ့ရှိခဲ့ရပါသည်။ အခြားသူတစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့နှိပ်စက်သတ်ဖြတ်ခြင်းများကို ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သတင်းသမားများအား အင်တာဗျူးဖြေကြားခဲ့သူ ဖြစ်ပါသည်။ ထိုသူသည်လည်း ခေါင်းဖြတ် သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။
မြင့်တက်လာသော အကြမ်းဖက်မှုများနှင့် တပ်မတော်၏ အခန်းကဏ္ဍ
မြန်မာနိုင်ငံရှိ သံတမန်များနှင့် လုံခြုံရေးဆိုင်ရာ သုတေသီများ ရှုမြင်သကဲ့သို့ပင် ၂၀၁၇ခုနှစ်တွင်း ပြင်းထန်မှုနိမ့် ပဋိပက္ခများ တဖြည်းဖြည်းများပြားလာနိုင်ချေရှိပါသည်။ နိုင်ငံရေးအရ အထိခိုက်မခံသောနယ်မြေတွင် စစ်ဆင်ရေးလုပ်ဆောင်ရန် ကန့်သတ်ချက်များရှိခြင်းနှင့် အင်အားကို လိုအပ်သလောက်သာ ထိန်းညှိသုံးစွဲပြီး သောင်းကျန်းမှုနှိမ်နင်းရေး ဆောင်ရွက်နေရခြင်းများက အခြေအနေကို ထိန်းချုပ်ရန် အခက်အခဲများ ဖြစ်ပေါ်စေပါသည်။
အခြေအနေတစ်ခုတွင် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ဘက်ရှိ သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများ၌ တပ်မတော်အနေဖြင့် လက်နက်နှင့် ယူနီဖောင်း ပြည့်စုံစွာ တပ်ဆင်ထားသော တပ်စု၊ တပ်ခွဲ သို့မဟုတ် တပ်ရင်းအဆင့် သောင်းကျန်းသူများနှင့် သမားရိုးကျ စစ်ဆင်ရေးကဲ့သို့ ဆင်နွှဲတိုက်ခိုက်နေရခြင်း ဖြစ်ပါသည်။ အခြားတစ်ခုမှာ သောင်းကျန်းသူများနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသော ကျေးရွာများကို ဖြတ်တောက်ပစ်ခြင်း ဖြစ်ပါသည်။ ၎င်းကို “ဖြတ်လေးဖြတ်” မဟာဗျူဟာဟုခေါ်ပြီး သောင်းကျန်းသူများအား ရိက္ခာ၊ သတင်း၊ ဆတ်ကြေှးနှင့် လူသစ်စုဆောင်းခြင်း မရှိနိုင်စေရန် ဖြတ်တောက်ပစ်ခြင်းပင် ဖြစ်ပါသည်။ သို့သော် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ဖြစ်စဉ်များသည် ထိုမဟာဗျူဟာကို အသုံးပြုရန် ဖြစ်နိုင်ခြင်း မရှိပါ။
အောက်တိုဘာ ၉ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးဆောင်ရွက်ရာတွင် ကြည်းတပ်အနေဖြင့် ရေတပ် ကမ်းတက်တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်မှာ ထူးခြားချက်တစ်ရပ်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့်ရှ်အစိုးရဘက်မှ အဆိုအရ အောက်တိုဘာ ဖြစ်စဉ်နောက်ပိုင်းတွင် ဘင်ဂါလီ ၆၅၀၀၀ ခန့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့ကြသည်ဟုဆိုပါသည်။ သို့သော်အဆိုပါ ကိန်းဂဏန်းများ မည်မျှ တိကျမှန်ကန်သည်ဆိုသည်ကို အတည်ပြုနိုင်ခြင်း မရှိပါ။
အရပ်သားများကဲ့သို့ ဝတ်ဆင်ထားပြီး ကျေးရွာအဆင့်တွင် လူနည်းစုဖြင့် လှုပ်ရှားနေသော အကြမ်းဖက်သမားတို့၏ ဖွဲ့စည်းပုံနှင့် ထောက်ပံ့ရေးကွန်ယက်ကို သေချာစွာ နားလည် သဘောပေါက်နိုင်ရန်မှာ စစ်ဆင်ရေးသတင်းစုဆောင်းမှုသည် အရေးပါသော အချက်တစ်ခုဖြစ်ပါသည်။
အကြမ်းဖက်သမားများ စနစ်တကျ လေ့ကျင့်လာခြင်း
အောက်တိုဘာ (၉) ရက် တိုက်ခိုက်မှု ဖြစ်စဉ်အား အစိုးရအနေဖြင့် RSO ကုလားဆိုးများ၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ ICG က အရှေ့အလယ်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင်းရှိ ဘင်ဂါလီ အကြမ်းဖက်သမားများထံမှ စုံစမ်းမေးမြန်း သိရှိချက်များအရ အသစ်ဖွဲ့စည်းထားသော Harakah al-Yaqin (HaY) သို့မဟုတ် Movement of Faith ဆိုသည့် အဖွဲ့ ဖြစ်နိုင်ကြောင်း ၂၀၁၆ ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ထိုအဖွဲ့၏ ခေါင်းဆောင် ကောင်စီသည် ဆော်ဒီအာရေဗီးယားနိုင်ငံတွင် အခြေစိုက်သည်ဟု သိရှိရပါသည်။ အဆိုပါ ကောင်စီသည် အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့အခြေချ နေထိုင်နေကြသော ဘင်ဂါလီလူမျိုးတို့ထံမှ ထောက်ပံ့ငွေအမြောက်အမြားရယူကာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ ဘင်ဂါလီလူမျိုးများနှင့် ဆက်သွယ်ပြီးနောက် အမှန်တကယ် လှုပ်ရှားဆောင်ရွက်မည့် အကြမ်းဖက်သမား ခေါင်းဆောင်အချို့ကို ပါကစ္စတန်နိုင်ငံတွင်း လေ့ကျင့်ပေးခဲ့ဖွယ် ရှိကြောင်း လေ့လာ သိရှိရပါသည်။
အစိုးရဘက်မှ တရားဝင်ထုတ်ပြန်ချက်အရနှင့် ICG ၏ ထုတ်ပြန်ချက်များအရပါ ၂၀၁၄ ခုနှစ်ခန့် ကတည်းကပင် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအဆင့်တွင် သောင်းကျန်းမှု အခြေခံအဆောက်အဦးကို လျှို့ဝှက်စွာ စိမ့်ဝင်ထိုးဖောက် တည်ဆောက်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၂ ခုနှစ်တွင်း ရခိုင်ဒေသ မတည်ငြိမ်မှု ဖြစ်ပွားနောက်ပိုင်း ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များအတွင်း ဤလုပ်ဆောင်မှုသည် ပိုမို ထင်ရှား မြန်ဆန်လာခဲ့ပါသည်။ ဒေသအာဏာပိုင်များအနေဖြင့်လည်း သောင်းကျန်းမှုလုပ်ဆောင်ရန် လျှို့ဝှက်စွာ ပြင်ဆင်နေမှုများကို စတင်သတိပြုမိလာပါသည်။
တရားဝင်သတင်းများအရ အကြမ်းဖက်သမားများ၏ ပြင်ဆင်မှုများတွင် အဖွဲ့ဝင်သစ် ရွာသားများကို လျှို့ဝှက် လေ့ကျင့်သင်တန်းပေးခြင်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရသည်။ ပါကစ္စတန် – အာဖဂန်နစ္စတန် နယ်စပ်ဒေသနှင့် ဘင်္ဂလားဒေ့်ရှိနိုင်ငံတွင်းမှ သင်တန်းဆင်းလာခဲ့သော သင်တန်းဆရာများက လူသစ်များကို ၎င်းတို့ကျေးရွာများအနီးရှိ ဥယျာဉ်ခြံများနှင့် စိုက်ခင်းများတွင်း သင်တန်းပေးခဲ့ခြင်း ဖြစ်ပါသည်။ သင်ခန်းစာများတွင် အခြေခံ စစ်မြေပြင် ကျွမ်းကျင်မှု၊ လက်နက်မဲ့တိုက်ခိုက်ခြင်းနှင့် လက်နက်နှင့် ကျွမ်းဝင်မှုရှိစေရန် လေ့ကျင့်သင်ကြားပေးခြင်းများ ပါဝင်ပါသည်။ အချို့သင်တန်းများတွင် လက်လုပ်ဗုံး (IED) များ တပ်ဆင်ပြုလုပ်ခြင်းကို သင်ကြားပါသည်။ တရားဝင် သတင်းထုတ်ပြန်ချက်ကို ကိုးကားထားသော ဒေသသတင်းတစ်ရပ်အရ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း ရွာသား (၃၀)ဦးခန့်ကို အိမ်နီးချင်းနိုင်ငံသား (၂)ဦး (ဘင်္ဂလားဒေ့်ရှ်ကို ဆိုလိုဟန်ရှိသည်) နှင့် ဒေသခံ ဘာသာရေးခေါင်းဆောင် မော်လဝီဆရာတစ်ဦးတို့က အကြမ်းဖက် သင်တန်းများ ပို့ချပေးခဲ့ကြောင်း လေ့လာသိရှိရပါသည်။
သင်တန်းသားအရေအတွက် အတိအကျကို ခန့်မှန်းရန် ခက်ခဲသော်လည်း အနည်းဆုံး ရွာသား ၁၀၀၀ ခန့်သည် အကြမ်းဖက်မှု အခြေခံသင်တန်းများကို တက်ရောက်ခဲ့ကြဖွယ် ရှိပါသည်။ ဇန်နဝါရီလဆန်းပိုင်းတွင် အစိုးရသတင်းဌာနတစ်ခုက ထုတ်ပြန်သော မြေပုံတစ်ခုတွင် ဖော်ပြထားချက်အရ ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်သမားများကို လေ့ကျင့်ပေးသော နေရာ ၁၄ နေရာရှိကြောင်း လေ့လာသိရှိရပါသည်။ ဤသည်မှာ ဖမ်းဆီးရမိသော အကြမ်းဖက်သမားများကို စစ်ဆေးမေးမြန်းရာမှ ဖော်ထုတ်သိရှိရခြင်း ဖြစ်ပါသည်။
ထိုင်းနိုင်ငံတောင်ပိုင်းမှ သောင်းကျန်းမှုနှင့် အပြိုင်လား
မြန်မာနိုင်ငံမှ ဘင်ဂါလီတို့၏ အကြမ်းဖက်မှုနှင့် ထိုင်းနိုင်ငံတောင်ပိုင်းမှ ပတာနီ – မူဆလင်တို့၏ အကြမ်းဖက်မှုများသည် နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ဆက်စပ်နေသည်ဟူသော အထောက်အထားကို ယခုချိန်ထိ တွေ့ရှိရခြင်း မရှိသေးပါ။ ထိုသို့ ဆက်စပ်ရန်လည်း ဖြစ်နိုင်ချေ နည်းပါးပါသည်။ သို့သော် တူညီသော အချက်များစွာရှိပါသည်။ ၎င်းတို့မှာ မြေအောက်တွင် နှစ်ကာလ ကြာရှည်စွာ ကြိုတင်ပြင်ဆင်ခဲ့ကြခြင်း၊ ဒေသအာဏာပိုင်များ သိရှိခြင်းမရှိဘဲ ဒေသခံများအား လူသစ်စုဆောင်းပြီး လျှို့ဝှက်စွာ လေ့ကျင့် သင်ကြားပေးခြင်း၊ ကျေးရွာတွင်းရှိ အမာခံများကို အသုံးပြုကာ ဖွဲ့စည်းလုပ်ဆောင်သွားခြင်းတို့ ဖြစ်ပါသည်။
အမှန်တကယ်ဆိုလျှင် ဘင်ဂါလီအကြမ်းဖက်မှုသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် နေ့စဉ်နီးပါး အသုံးပြုနေသော နည်းဗျူဟာများကို ထပ်တူထပ်မျှအသုံးချသွားခြင်းသာ ဖြစ်သည်။ လှည့်ကင်းများနှင့် တာဝန်ချိန်ပြင်ပ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ငယ်များဖြင့် ပစ် – ပြေးခြင်း၊ IED ဖြင့် တိုက်ခိုက်ခြင်း၊ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသော ရွာသားများအား သုတ်သင်ခြင်းတို့ ဖြစ်ပါသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဒေသခံ ဗုဒ္ဓဘာသာလူမျိုးများနှင့် ကျောင်းဆရာ/ ဆရာမများအား သတ်ဖြတ်ခြင်းများကိုလည်း ကျူးလွန်ခဲ့ကြပါသည်။ ထိုင်းအစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ ၂၀၀၄ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူပေါင်း ၇၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင်လည်း အကြမ်းဖက်မှုစတင် ဖြစ်ပွားချိန်မှ စတင်ကာ ဒေသခံရခိုင်လူမျိုး ၃၀၀၀ ခန့်သည် ကျေးရွာများမှ မြို့ပေါ်သို့ ထွက်ပြေးခိုလှုံခဲ့ရပါသည်။
သုံးသပ်ချက်
ရေတိုအားဖြင့် သုံးသပ်ရမည် ဆိုလျှင် အောက်တိုဘာ တိုက်ခိုက်မှုအား တပ်မတော်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်း၊ နယ်စပ်ဒေသရှိ ရွာများအား ပြောင်းရွေ့ခြင်းနှင့် ဒေသတွင်း အကြမ်းဖက်မှု ကွန်ယက်အချို့ ပျက်စီးသွားခြင်းတို့ကြောင့် ဘင်ဂါလီတို့၏ အကြမ်းဖက်လုပ်ငန်းများ နှေးကွေးသွားဖွယ် ရှိပါသည်။ ထိုင်းနိုင်ငံတောင်ပိုင်းမှ အကြမ်းဖက်မှုများနှင့် နှိုင်းယှဉ်ပါက ဘင်ဂါလီတို့အနေဖြင့် ခေတ်မီလက်နက်များ တပ်ဆင်မှု မရှိခြင်းကလည်း အကြမ်းဖက်လုပ်ရပ်ကို နှေးကွေးစေသော အချက်တစ်ခု ဖြစ်သည်။
ရေရှည်တွင်မူ အစိုးရဘက်မှ ပေါ်လစီပိုင်းဆိုင်ရာ လိုအပ်ချက်များကြောင့် အကြမ်းဖက်မှုများ ပြန်လည်မြင့်တက်လာဖွယ်ရှိပါသည်။ အကြမ်းဖက်မှုများသည် ပြင်ပမှ ဘာသာရေး အစွန်းရောက်များ၏ လွှမ်းမိုးမှုများကြောင့်လည်း ပိုမိုဆိုးရွားလာဖွယ်ရှိပါသည်။ ICG ၏ အစီရင်ခံစာအရ Harakah al-Yaqin (HaY) သည် နိုင်ငံတကာမှ အစ္စလာမ်စစ်သွေးကြွများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် နိုင်ငံမှ ခွဲထွက်ရန် ကြိုးပမ်းခြင်း မရှိဘဲ ဘင်ဂါလီတို့၏ အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်ခြင်းဟု ဆိုပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ဘင်္ဂလားဒေ့်ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ဘာသာရေး အစွန်းရောက် အစ္စလာမ်စစ်သွေးကြွများနှင့် ဆက်သွယ်ကာ အထောက်အပံ့ရယူခြင်းသည် ပြင်ပလွှမ်းမိုးမှု ပိုမိုအားကောင်းလာခြင်း ဖြစ်သည်။ Harakah al-Yaqin (HaY) အနေဖြင့် နိုင်ငံတကာ ဂျီဟတ်ဒ်အဖွဲ့အစည်းများ၏ မြှောက်ပင့်ထောက်ပံ့ပေးမှုကို ရှောင်ရှားကာ သီးခြားရပ်တည်နိုင်မည်လား သို့မဟုတ် ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်အဖြစ် လုပ်ဆောင်မည်လား ဆိုသည်ကိုတော့ ယခုတိုင် ရှင်းလင်းစွာ သိရှိနိုင်ခြင်း မရှိသေးပါ။
ဒေါက်တာ နိုင်ဆွေဦး
(မူရင်းစာရေးသူ Anthony Davis က ရိုဟင်ဂျာဟု သုံးစွဲသော်လည်း လက်ခံနိုင်ခြင်း မရှိသောကြောင့် ဘင်ဂါလီဟုသာ ပြန်ဆိုသုံးစွဲပါသည်။)
Ref; JTIC Brief: Rohingya militancy in Myanmar’s Rakhine likely to escalate in 2017 by Anthony Davis (January 20, 2017)