နယ်စပ်ဒေလုံခြုံရေးနှင့် ပြောင်းလဲတိုးတက်လာသော နည်းပညာများ၏ အခန်းကဏ္ဍ

0

နယ်စပ်ဒေလုံခြုံရေးနှင့် ပြောင်းလဲတိုးတက်လာသော နည်းပညာများ၏ အခန်းကဏ္ဍ

 

ဒေါက်တာနိုင်ဆွေဦး

ယခုအချိန်ကာလသည် အမိမြေလုံခြုံရေး အေဂျင်စီများ၊ အကောက်ခွန်၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအတွက် နယ်စပ်ဒေသစောင့်ကြပ်ကြည့်ရှုခြင်းသည် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အာဏာပိုင်များအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များကို တားဆီးနိုင်ရန်အတွက် ပိုမိုထိရောက်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ယုံကြည်အားထားနိုင်မည့် စောင့်ကြပ်ကြည့်ရှုခြင်း နည်းပညာနှင့် အရင်းအမြစ်များ လိုအပ်လျှက်ရှိပါသည်။

နယ်စပ်ဒေသလုံခြုံရေးဈေးကွက်သည် ၂၀၂၄ ခုနှစ်အရောက်တွင် ဒေါ်လာ ၂၃.၇ဘီလျံအထိ တိုးတက်များပြား လာမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ လေ့လာသိရှိရပါသည်။ ယနေ့ကာလတွင် နယ်စပ်ဒေသလုံခြုံရေးသည် အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အကျိုးအမြတ်ဖြစ်ထွန်းနိုင်သော ဈေးကွက်ဖြစ်သော်လည်း တိတိကျကျ ပြောဆိုရန် ခက်ခဲပါသည်။ မောင်းသူမဲ့လေယာဉ်များ၊ မြေပြင်အခြေစိုက် အာရုံခံကိရိယာမျး၊ မိုးပျံပူဖောင်းများ၊ ဂြိုလ်တု များစသော နည်းပညာအသစ်များသည် ဈေးနှုန်းအားဖြင့်လည်း သက်သာလာပြီး စောင့်ကြပ်မှုစွမ်းဆောင်ရည် (အထူးသဖြင့် ကြမ်းတမ်းခက်ခဲသော မြေမျက်နှာသွင်ပြင်များတွင်)အား ခုန်ပျံကျော်လွှား တိုးတက်လာစေခဲ့ပါသည်။

နယ်စပ်ဒေသစောင့်ကြပ်ကြည့်ရှုခြင်းအတွက် အဖြေမှာ လေကြောင်းမှ အမြဲတမ်းစောင့်ကြပ်ကြည့်ရှုခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ စောင့်ကြည့်ရာတွင် စိတ်ချပြီး ကုန်ကျစရိတ်သက်သာသော မိုးပျံပူဖောင်းစနစ်ကို အသုံးပြုခြင်း ကြောင့် အာဏာပိုင်များအား တိကျသော ထောက်လှမ်းရေးသတင်းများကို ရရှိစေခြင်းဖြင့် နယ်စပ်ဒေသလုံခြုံရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တစ်ကြိမ်လွှတ်တင်လျှင် လေထဲတွင် ရက်သတ္တပေါင်းများစွာနေနိုင်သော မိုးပျံပူဖောင်းစနစ်သည် အာဏာပိုင်များအတွက် ကောင်းကင်မှ မျက်လုံးသဖွယ် ကျယ်ပြန့်သော ဧရိယာတစ်ခုလုံးအား စဉ်ဆက်မပြတ် ထောက်လှမ်းကြည့်ရှုနိုင်ပါသည်။

ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် ဆိုးရွားသော ရာသီဥတုသည် နယ်စပ်ဒေသလုံခြုံရေးတာဝန်အား ခက်ခဲစေပါသည်။ နယ်စပ်ဒေသများတွင် တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများနှင့် အကြမ်းဖက် သောင်းကျန်းသူများ၏ စိမ့်ဝင်ထိုးဖောက်မှုများသည် မကြာခဏဆိုသလို ဖြစ်ပေါ်လျှက်ရှိပါသည်။ ပုံမှန်အားဖြင့်ဆိုလျှင် နိုင်ငံအခြေအနေပေါ်မူတည်ပြီး နယ်စပ်ဒေသအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများဖြင့် ပေါင်းစပ် ကာကွယ်လေ့ရှိကြပါသည်။ သို့သော် နယ်စပ်ဒေသလေပိုင်နက်ကျူးကျော်ခြင်းကဲ့သို့သော ကိစ္စများတွင် ပြဿနာဖြစ်လာပါသည်။ (ဥပမာအားဖြင့် တရားမ၀င်လေကြောင်းမှ လက်နက်မှောင်ခိုပြုလုပ်ခြင်း)

နယ်စပ်တွင် ကာရန်ထားသော ခြံစည်းရိုးများသည် သဘာဝဘေးအန္တရာယ်၊ လူတို့ဖျက်စီးခြင်းနှင့် အောက်ခြေမှ လှိုဏ်ခေါင်းတူးကာ ခိုးဝင်မှုများကြောင့် အလွယ်တကူပင်ပျက်စီးနိုင်သည်ဖြစ်ရာ မကြာခဏ ခိုးဝင်သည့် နေရာ ဒေသများတွင် တည်ဆောက်ကာရန်ထားရန် အဆင်ပြေခြင်းမရှိပေ။

သို့သော် နယ်စပ်ခြံစည်းရိုးတစ်လျှောက်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ပေးခြင်းဖြင့် ဆိုးရွားပြီး မြင်ကွင်း ကန့်သတ်ချက်ရှိနေသော ရာသီဥတု အခြေအနေတွင်ပင် သက်ဆိုင်ရာ တပ်မှူးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်သည်။ ထို့အပြင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအား ညကြည့်မှန်ပြောင်းများ၊ ညကြည့်ကိရိယာများနှင့် လက်ကိုင်အပူရိပ်ဖော်ကိရိယာများ တပ်ဆင်ပေးထားခြင်းဖြင့် နယ်စပ်ဒေသလုံခြုံမှုအား ပိုမိုအားဖြည့်ပေးနိုင်မည်ဖြစ် သော်လည်း လူတိုင်းအား တပ်ဆင်ပေးနိုင်မည်မဟုတ်ပေ။ အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်တွင် ခိုးဝင်လာသူများအား ထောက်လှမ်းနိုင်ရန် တပ်ဆင်ထားသော ရေဒါများကြောင့် ရန်သူများထံမှ ထွက်ပေါ်နေသော Electronic Signature များ ထုတ်လွှင့်မှုအား ဖုံးကွယ်နေစေပါသည်။ ထို့အပြင်ရေဒါဖမ်းယူနိုင်ခြင်းမရှိသော နေရာများ လည်း ရှိနေပါသေးသည်။ သို့သော် အီလက်ထရောနစ်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကင်းလှည့်ခွေးများကို ပေါင်းစပ် အသုံးပြုခြင်းသည် သိသာထင်ရှားသော အောင်မြင်မှုတစ်ခုဖြစ်ပါသည်။

ယခုအချိန်ထိ ခေတ်ဟောင်း တိုက်ကြိုး (Tripwires)များကို ဆက်လက်သုံးစွဲနေဆဲဖြစ်သော်လည်း ခေတ်မှီ အီလက်ထရောနစ် စောင့်ကြည့်ရေးစနစ်များကို စတင်အသုံးပြုနေပြီဖြစ်ပါသည်။ ထိုနည်းပညာတွင် လှုပ်ရှားမှုအား စောင့်ကြည့်ရေး နည်းပညာ (Detection of Movement) ပါဝင်ပြီး Seismic, Acoustic, Inductive, Sensors နှင့် IR Sensors ကို အသုံးချထားပါသည်။ Seismic Sensors များသည် မြေပြင်တုန်ခါနေမှုများအား ထောက်လှမ်းသိရှိနိုင်သည့် အပြင် လူသားနှင့် ယာဉ်များကိုပါ ခွဲခြားပေးနိုင်စွမ်းရှိပါသည်။ Inductive Sensors များသည် သတ္တုပါဝင်သည့် ရွှေ့လျားနေသော အရာများကို အာရုံခံနိုင်စွမ်းရှိပါသည်။ IR Sensors များသည် မီတာ ၁၀၀ အကွာအဝေးရှိ လူမှထွက်ပေါ်နေသော အပူငွေ့အား အာရုံခံနိုင်ပါသည်။ သမရိုးကျ အာရုံခံနည်းပညာများသည် အမျိုးအစားအားဖြင့် များပြားစွာရှိပြီး အကျိုး/အပြစ်များလည်း ရှိပါသည်။ မြေပြင်အာရုံခံကိရိယာအများစုသည် ပြည်ပမှ တင်သွင်းခြင်းဖြစ်ပြီး နေအိမ်ပတ်ဝန်းကျင်ကို ကာကွယ်ရန်သာဖြစ်ပြီး နှင်းထု ဖုံးလွှမ်းနေသော မြေပြင်တွင် ထိရောက်ခြင်းမရှိပေ။

ဥပမာအားဖြင့် Microflown Aviasa Company ထုတ် AMMS (Acoustic Multi-Mission Sensors)သည် မြေပြင်ပေါ်တွင်လည်းကောင်း၊ အိမ်ခေါင်မိုးပေါ်တွင်လည်းကောင်း တပ်ဆင်ထားနိုင်ပြီး နယ်စပ်လုံခြုံရေးတွင်သာမက အရေးကြီး အခြေခံအဆောက်အအုံများနှင့် မြို့ပြပတ်ဝန်းကျင်များဖြစ်သည့် သံရုံးများ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ နှင့် တပ်နယ်မြေများတွင်ပါတပ်ဆင်နိုင်ပါသည်။

ဤနည်းအားဖြင့် Passive System ကိုအသုံးပြုပြီး အသံထွက်ပေါ်ရာ အရင်းအမြစ်များဖြစ်သည့် ရန်သူ၏ မော်တော်ယာဉ်များ၊ လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ အသံများ၊ လက်နက်ငယ်များ၊ ဒုံးကျည်၊ စိန်ပြောင်းနှင့် အမြောက်များ၏ ပစ်ခတ်သံများကို ထောက်လှမ်းခြင်း၊ အမျိုးအစာခွဲခြင်းနှင့် တည်နေရာရှာဖွေခြင်းတို့ကို ပြုလုပ်ပေးပါသည်။ များစွာသော အာရုံခံစနစ် ယူနစ်များကို အဆောက်အဦများ၏ အဆောက်အဦ၀င်းများတွင် တပ်ဆင်ထားခြင်းဖြင့် ကာကွယ်မှုပေးထားနိုင်ပါသည်။ AMMS Sensor တစ်ခုသည် (၇)ကီလိုမီတာအကွာအဝေးမှ ရန်သူကို ထောက်လှမ်းခြင်းနှင့် တည်နေရာရှာဖွေခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။ ရရှိလာသော အချက်အလက်များကို ရေဒီယိုလှိုင်းများမှတဆင့် အမိန့်ပေးထိန်းချုပ်မှုဌာန (C2)သို့ အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးပါသည်။ မီလီစက္ကန့် အတွင်းမှာပင် ခြိမ်းခြောက်မှုပေးသောအရာ၏ တည်နေရာနှင့် လားရာကို တွက်ချက်ကာ ဖော်ပြပေးနိုင်ပါသည်။ အသံထုတ်လွှင့်မှုသင်္ကေတကို ကြည့်ခြင်းဖြင့်လည်း မည်သည့်အရာဖြစ်ကြောင်းကိုလည်း ဖော်ပြပေးနိုင်ပါသည်။ ခြိမ်းခြောက်မှုပေးသောအရာ၏ သတင်းအချက်အလက်များကို ရှိပြီးဖြစ်သော အမိန့်ပေးထိန်းချုပ်မှု၊ဌာန (C2)ဖြင့် ပေါင်းစပ်လိုက်ခြင်းဖြင့် တစ်နိုင်ငံလုံး သို့မဟုတ် နေရာဒေသတစ်ခုအတွက် ပြည့်စုံသော စစ်ဆင်ရေး သတင်းအချက်အလက်များကို ရရှိစေပါသည်။

 

နယ်စပ်ဒေသလုံခြုံရေးတွင် မောင်းသူမဲ့လေကြောင်းထောက်လှမ်းရေး၏ အရေးပါမှု

လူမဲ့လေကြောင်းမှ စောင့်ကြပ်ကြည့်ရှုခြင်းသည် မောင်းသူမဲ့လေယာဉ် (Unmanned Aerial Vehicles – UAVs) အများအပြားအား မြို့ပြလေကြောင်း နယ်နိမိတ်အတွင်းရှိ ဇုန်နယ်မြေတစ်ခုအတွင်းတွင် တပြိုင်နက်တည်း အသုံးပြုရန် ခက်ခဲခြင်းနှင့် ရရှိနိုင်သော အရင်းအမြစ်နည်းပါးခြင်းတို့ကြောင့် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကာလအတွင်း ဒီဂျစ်တယ် ပုံရိပ်ဖော်နည်းပညာ၊ သေးငယ်သော ကွန်ပျူတာများနှင့် မရေမတွက်နိုင်သော နည်းပညာသစ်များပေါ်ထွန်းလာမှုကြောင့် လေကြောင်းစောင့်ကြပ်ကြည့်ရှုခြင်းနယ်ပယ်တွင်လည်း လျှင်မြန်စွာ တိုးတက်လာခဲ့ပါသည်။ ဥပမာအားဖြင့် Micro-aerial Vehicles, FLIR (Forward Looking Infrared)နှင့် ပြတ်သားသော ပုံရိပ်ဖော် နည်းပညာများသည် အလွန်ဝေးကွာသောနေရာမှ အရာဝတ္ထုများကို ထောက်လှမ်းနိုင်စွမ်း ရှိလာပါသည်။ အမေရိကန် လေတပ်သုံး General Atomics Company ထုတ် MQ 9 Reaper တွင် အမြင့်ပေ (၆၀၀၀)မှ နေ၍ မြေပြင်ပေါ်ရှိ နွားနို့ဘူးအား မြင်တွေ့နိုင်စွမ်းရှိသော ကင်မရာများတပ်ဆင်ထားပြီး ကီလိုမီတာ (၆၀) အကွာအဝေးရှိ လူမှထွက်သော အပူရှိန်ကို ထောက်လှမ်းနိုင်သည့် FLIR ကိရိယာကို တပ်ဆင်ထားပါသည်။ ဗြိတိန်နိုင်ငံအနေဖြင့် အသေးစားမောင်းသူမဲ့လေယာဉ်မှသည် အကြီးစားမောင်းသူမဲ့လေယာဉ်အထိ အရွယ်အစားစုံလင်သော ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်အုပ်ဖွဲ့ကြီးတစ်ခုကို တည်ထောင်ရန် ကြိုးပမ်းနေပါသည်။ အမေရိကန်စစ်ဖက် သည်လည်း အလွန်တရာသေးငယ်ပြီး လက်နက်တပ်ဆင်ထားခြင်းမရှိသော ဒရုန်းများကို တည်ဆောက်လျှက်ရှိရာ ၎င်းတို့သည် လေထဲတွင် ရပ်တန့်နေနိုင်ခြင်း (Hover)? မြေပြင်ပေါ်တွင် တွားသွားနိုင်ခြင်း (Crawl)နှင့် ပစ်မှတ်အား တိုက်ခိုက် သတ်ဖြတ်နိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ အလွန်သေးငယ်သော မောင်းသူမဲ့လေယာဉ်များသည် အုပ်စုဖွဲ့ကာ တာဝန်ထမ်းဆောင်ပြီး နယ်စပ်ဒေသနှင့် စစ်မြေပြင်တွင် ထောက်လှမ်းပေးနိုင်သည်။ အဆိုပါ မောင်းသူမဲ့လေယာဉ်ငယ်များတွင် လေဆာလက်နက် တပ်ဆင်နိုင်သည့်အပြင် လူကို မသန်မစွမ်းဖြစ်စေနိုင်သော ဓာတုပစ္စည်းများ၊ ပေါက်ကွဲစေနိုင်သော ပစ္စည်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို တပ်ဆင်ကာ ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်ချေမှုန်းနိုင်ပါသည်။

 

နယ်စပ်ဒေသလုံခြုံရေးတွင် နည်းပညာသစ်များ၏ အရေးပါမှု

Aselsan Company သည် နယ်စပ်ဒေသ လုံခြုံရေးအတွက် ထိရောက်ပြီး စွမ်းရည်ပြည့်ဝသော နည်းပညာများကို ထောက်ပံ့နိုင်သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ Automatic Border Crossing Detection (Smart Surveillance) နည်းပညာကြောင့် တာဝန်ရှိသူများသည် နယ်စပ်မျဉ်းပေါ်မှ တရားမ၀င်လုပ်ဆောင်ချက်များကို စုံစမ်းထောက်လှမ်းရန် နယ်စပ်ဒေသတွင် စခန်းချနေထိုင်ရန် မလိုအပ်တော့ပါ။ ASLIR-Land (Aselsan Land Border Surveillance Systems)

သည် နယ်စပ်ဒေသရှိ မှောင်ခိုများ၊ ကျူးကျော်သူများ၊ တရားမ၀င်ခိုးဝင်လာသူများနှင့် အခြားခြိမ်းခြောက်မှု အန္တရာယ်များ၏ သတင်းအချက်အလက်များကို တစ်ပါတ်လျှင် (၇)ရက်၊ တစ်ရက်လျှင် (၂၄)နာရီပတ်လုံး ထောက်ပံ့ပေးနိုင်ပါသည်။ အဆိုပါစနစ်သည် သက်ဆိုင်ရာဒေသရှိ ခြိမ်းခြောက်မှုပေးသောအရာ၏ တည်နေရာ၊ အမြန်နှုန်းနှင့် လားရာတို့ကို အချက်ပေးစနစ်များနှင့် ဗီဒီယိုပုံရိပ်တို့ဖြင့် အဆင့်ဆင့်သော ကွပ်ကဲမှုဌာနချုပ်တိုင်းရှိ ဒီဂျစ်တယ်မြေပုံပေါ်တွင် တွက်ချက်ဖော်ပြပေးခြင်းဖြင့် စောင့်ကြပ်ကြည့်ရှုမှုအား ပိုမိုတိကျလာစေပါသည်။ အထက်ပါ ကုမ္ပဏီသည် Mobile Border Surveillance System အား ဆက်လက်အကောင်အထည်ဖော်နေပါသည်။ မြေမျက်နှာသွင်ပြင် ကန့်သတ်ချက်အရသော်လည်းကောင်း၊ အသုံးမပြုနိုင်သည့်အခါတွင် အဆိုပါ ရွေ့လျားစောင့်ကြပ်ကြည့်ရှုမှုစနစ်ကို သုံးစွဲနိုင်မည်ဖြစ်သည်။

The Telephonics Mobile Surveillance Capability (MSC)သည် အလွယ်တကူ တပ်ဖြန့်ချထားနိုင်သော ရွေ့လျား စောင့်ကြပ်ကြည့်ရှုမှုစနစ်တစ်ခုဖြစ်ပြီး စနစ်တစ်ခုတည်းအနေဖြင့် သတ်မှတ်ထားသော ဒေသတစ်ခုအတွက် သတင်းအချက်အလက်စုဆောင်းနိုင်သည့်အပြင်၊ အခြားစနစ်များဖြင့် ကွန်ယက်ချိတ်ဆက်နိုင်ကာ Virtual Fence တစ်ခု အဖြစ်ဖန်တီးနိုင်ပါသည်။ ပြောင်းလွယ်ပြင်လွယ်ရှိသော ထိုစနစ်သည် နေရာဒေသနှင့် ပတ်ဝန်းကျင်အခြေအနေမရွေး တူညီသော ထိရောက်မှုကို ပေးစွမ်းနိုင်ပါသည်။ Telephonics သည် နောက်ဆုံးပေါ်အဆင့်မြင့် C2 (Command & Control) Software ကိုအသုံးပြုပြီး လိုအပ်သော သတင်းအချက်အလက်များကို ပေါင်းစပ်ဖော်ပြပေးပါသည်။ ထိုအတွက်ကြောင့် အသုံးပြုသူများအနေဖြင့် မောက်စ်တစ်ချက်နှိပ်ရုံမျှဖြင့် မိမိတို့ တာဝန်ယူထားသော ကျယ်ပြန့်သော ဒေသအတွင်းရှိ ပစ်မှတ်များအား အလွယ်တကူပင် စီမံဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤ Proactive Surveillance စနစ်သည် ပစ်မှတ်၏ လားရာလမ်းကြောင်းနှင့် ဦးတည်ရာ လမ်းကြောင်းတို့ကို တွက်ချက်နိုင်သဖြင့် အသုံးပြုသူတို့အား များစွာ အကျိုးရှိစေပါသည်။

STARA Technologies ၏ LYNX ISR System သည် အသုံးပြုသော အာရုံခံစနစ်မျိုးစုံကို မော်တော်ယာဉ်ပေါ် တွင် တပ်ဆင်နိုင်ခြင်းကြောင့် အလျင်အမြန်တုံ့ပြန်မှုစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ပါသည်။ ၎င်းစနစ်သည် L 3 WESCAM Company ထုတ် MX-RSTA အာရုံခံစနစ်အား EO/IR (Electro-optical/Infra-red) Imaging Sensor အဖြစ် အသုံးပြုထားပါသည်။ ထိုစနစ်တွင်

(က)    HD Daylight Imager,

( ခ )   Mid-wave Infrared (MWIR) Imager,

( ဂ )   Eyesafe Laser Range Finder (ELRF) {low-light TV (LLTV) တပ်ဆင်နိုင်သည်။}

(ဃ)    Eyesafe Laser Illuminator/Pointer နှင့်

( င )   Long Range Electro-Optical Spotter များပါဝင်သည်။

ခေတ်ရှေ့ပြေးနည်းပညာကြောင့် ထိုစနစ်တပ်ဆင်ထားသော မော်တော်ယာဉ်မောင်းနှင်နေစဉ်ပင် လုပ်ငန်း ဆောင်ရွက်နိုင်ပြီး ( ၁ )ကီလိုမီတာ အကွာအဝေးရှိ ပစ်မှတ်ယာဉ်တွင် တပ်ဆင်ထားသော လိုင်စင်နံပါတ်များကိုပင် ဖတ်နိုင်စွမ်းရှိပါသည်။

FLIR Systems သည် နယ်စပ်စောင့်ကြပ်ကြည့်ရှုရေးအတွက် အပူရိပ်ပုံဖော်ကင်မရာမျိုးစုံနှင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ လုပ်ငန်းသုံးပရိုဂရမ်များကို ရောင်းချနေသော ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အသုံးပြုသူ၏ လိုအပ်ချက်ပေါ်မူတည်ပြီး အပူရိပ်ပုံဖော်ကင်မရာအား Indium Antimonide (InSb) သို့မဟုတ် Mercury Cadmium Telluride (MCT) detector ဖြင့်ရွေးချယ်တပ်ဆင်နိုင်ပါသည်။ ထို့အပြင် Quantum Well Infrared Photodetector တပ်ဆင်ထားသော အပူရိပ်ပုံဖော်ကင်မရာအားလည်း ၀ယ်ယူနိုင်ပါသည်။

အစ္စရေးနိုင်ငံ Israel Aerospace Industries (IAI) ထုတ် ELI-3302 ထောက်လှမ်းရေး၊ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကင်းထောက်ယာဉ် (ISRV)သည် အာရုံခံကိရိယာများကို အလွယ်တကူ ပေါင်းစပ် တပ်ဆင်နိုင်ပြီး နေ့/ည ISR စစ်ဆင်ရေးတာဝန်များကို ကြမ်းတမ်းသောမြေမျက်နှာသွင်ပြင်တွင် ရာသီဥတုမရွေး ထမ်းဆောင်နိုင်ပါသည်။ အဆက်မပြတ်စောင့်ကြည့်နေခြင်းအားဖြင့် သက်ဆိုင်ရာဒေသရှိ ပစ်မှတ်များ၏ လှုပ်ရှားမှုကို အချိန်နှင့်တပြေးညီ ပုံဖော်ပေးနိုင်ပါသည်။ ISRV တွင် အဓိက အပိုင်းကြီး (၃)ပိုင်းပါဝင်သည်။ ၎င်းတို့မှာ-

(က)    ISR Suite

( ခ )   Mobile Platform

( ဂ )   C2 Station တို့ဖြစ်သည်။

Elbit Systems ၏ အဆင့်မြင့်ပြီး ရှုပ်ထွေးသော နယ်စပ်ဒေသ လုံခြုံရေးစနစ်သည် အလွှာအဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားသော စီမံထိန်းချုပ်မှုစနစ်ဖြစ်ပြီး နယ်စပ်ဒေသ စောင့်ကြပ်ကြည့်ရှုရေး အထူးစခန်းများတွင် တပ်ဖြန့်ချထား ပါသည်။ မဟာဗျူဟာအရ အရေးပါသောနေရာများတွင် တည်ဆောက်ထားသော အဆိုပါအလိုအလျောက် စနစ်သုံး နယ်စပ်စခန်းများရှိ မျှော်စင်များပေါ်တွင် စောင့်ကြည့်ရေးစနစ်များဖြစ်သည့် (LORROS, LORROS MK-II)များ တပ်ဆင်ထားပါသည်။ အဆိုပါစခန်းများတွင် ကိုယ်ပိုင်လျှပ်စစ်ဓါတ်အားပေးစက်များ၊ ဆက်သွယ်ရေးစနစ်များနှင့် စခန်းလုံခြုံရေးစနစ်များ သီးခြားစီထားရှိပါသည်။ ဤကဲ့သို့ တည်ဆောက်ထားခြင်းအားဖြင့် အဆင့်လိုက် စစ်ဆင်ရေးတာဝန် ဆောင်ရွက်ရာတွင် စခန်းတစ်ခုစီသည် သီးခြားအစိတ်အပိုင်းတစ်ခုအနေဖြင့် လုပ်နိုင်စွမ်း ရှိလာပါသည်။ ထိုစနစ်သည် ဗဟိုကွပ်ကဲရေးဌာနမှ တဆင့် အဝေးထိန်းစနစ်ဖြင့် အပြည့်အ၀ ထိန်းချုပ်နိုင်သော စနစ်ဖြစ်ပါသည်။ နယ်စပ်စောင့်ကြပ်ကြည့်ရှုရေးစခန်းများမှ သတင်းအချက်အလက်များသည် ကြိုးမဲ့၊ ဖန်နန်းမျှင်ကြိုး (Fibre-Optic) သို့မဟုတ် အခြား ဆက်သွယ်ရေးစနစ်များမှတဆင့် ဗဟိုကွပ်ကဲရေးဌာနသို့ ပို့ဆောင်စီးဆင်းစေသည်။ အဆိုပါစနစ်တွင် ကွပ်ကဲရေးဌာနများအား ဒေသဆိုင်ရာ နိုင်ငံတော်အဆင့်ထိ အဆင့်လိုက်များပြားစွာ ဖွဲ့စည်းထားရှိ ပါသည်။

အစ္စရေးနိုင်ငံ Controp Company ထုတ် SPIDER နှင့် CEDAR စနစ်များသည် ကျယ်ဝန်းသည့် နေရာတစ်ခုအား နေ့ညမပြတ်အချိန်နှင့်တပြေးညီ စောင့်ကြည့်ကာ ပစ်မှတ်များအား အလိုအလျောက်ထောက်လှမ်း သိရှိနိုင်သည့်အတွက် ပြိုင်ဖက်ကင်းစနစ်များဟုဆိုရလျှင် မှားမည်မဟုတ်ပေ။ လေ့ကျင့်ခန်းများတွင် ဖော်ထုတ်ချက်အရ လူသားများ ကိုင်တွယ် ထိန်းချုပ်သည့် မည်သည့်စနစ်မဆို အလိုအလျောက် အချက်ပြကိရိယာများ (ဗီဒီယိုနှင့်အသံ)၏ အကူအညီရယူခြင်း မရှိဘဲ ပစ်မှတ်များကို ၂၄ နာရီပတ်လုံး ထိရောက်စွာ ထောက်လှမ်းသိရှိနိုင်ခြင်းမရှိပါ။ သို့သော် Controp Company ၏ စနစ်များက ထိုပြဿနာကို ဖြေရှင်းပေးနိုင်ပါသည်။ SPIDER နှင့် CEDAR စနစ်များအား ကမ္ဘာတစ်ဝှမ်း မတူညီသော မြေမျက်နှာသွင်ပြင်အသီးသီးရှိ နယ်စပ်ဒေသများတွင် တပ်ဆင်ထားပြီး ယုံကြည်အားထားရသော “နယ်စပ်ခြံစည်းရိုးတု” သဖွယ် ဆောင်ရွက်လျှက်ရှိပါသည်။

အစ္စရေးနိုင်ငံ Seraphim Optronics Company ထုတ် အလိုအလျောက်မြေပြင်ပုံရိပ်ဖော်စနစ်ဖြစ်သည့် ROSS (Remote Observation Surveillance System)သည် အလွယ်တကူ ရွှေ့ပြောင်းနိုင်ခြင်း၊ စွမ်းအင်ချွေတာသုံးစွဲနိုင်ခြင်း၊ ဒဏ်ခံနိုင်ခြင်းနှင့် ယနေ့ခေတ်၏ အဆင့်မြင့်ဆုံးဆက်သွယ်ရေးစနစ်များ တပ်ဆင်ထားခြင်းတို့ကြောင့် နည်းပညာဆိုင်ရာ ကျော်လွှားထိုးဖောက်မှုတစ်ခု ဖြစ်လာပါသည်။ ROSS သည် ကြိုးမဲ့ဘတ်စုံသုံးစနစ်တစ်ခုဖြစ်ပြီး ဆက်သွယ်ရေးစနစ် အစုံအလင် (Wifi, Cellular, Wired နှင့် Satellite)၊ အဝေးမှ ထိန်းချုပ်နိုင်သော နေ့/ည စောင့်ကြည့်ရေးကိရိယာ၊ Video Motion Detection (VMD)စနစ်၊ တည်နေရာပြစနစ် (GPS)၊ သံလိုက်အိမ်မြှောင်တို့ပါဝင်ပြီး ကာလတိုနှင့် ကာလရှည် တာဝန်များအတွက် ပြည့်စုံသော စနစ်တစ်ခုဖြစ်ပါသည်။

အစ္စရေးနိုင်ငံ RADA Electronic Industries Co.,Ltd. ထုတ် ရေဒါများသည် အဆင့်မြင့်တပ်ဖွဲ့များနှင့် နယ်စပ်လုံခြုံရေးအတွက် အဖြေပင်ဖြစ်ပါသည်။ အသုံးပြုထားသော Software များ၊ Pulse-Doppler နှင့် ဘက်စုံသုံး ရေဒါများသည် အလွန်တရာကျယ်ပြန့်သော အကွာအဝေးရှိ ပစ်မှတ်၏ အရှိန်အား ထောက်လှမ်းသိရှိနိုင်ခြင်းကြောင့် ရန်သူ၏ ပစ်ခတ်မှုပုံစံအားလုံး (တိုက်ရိုက်ပစ်ခတ်ခြင်းနှင့် သွယ်ဝိုက်ပစ်ခတ်ခြင်း)ကို ထောက်လှမ်းရန် သင့်တော်ခြင်းနှင့် လေကြောင်းနှင့် နေရာဒေသတစ်ခုအား ထောက်လှမ်းခြင်းတို့တွင်လည်း အသုံးပြုနိုင်ပါသည်။ RADA ၏ Multi-mission Hemispheric Radar (MHR)သည် တပ်ဖွဲ့များနှင့် နယ်စပ်ဒေသလုံခြုံရေးတွင် အသုံးပြုရန် ဒီဇိုင်းရေးဆွဲတည်ဆောက် ထားခြင်းဖြစ်ပါသည်။ RHS-44 ရေဒါစနစ်သည် လုံလောက်သော နယ်စပ်ကာကွယ်ရေးကို ပေးစွမ်းနိုင်ရာ ၄၀ ကီလိုမီတာအကွာအဝေးရှိ ဝေဟင်နှင့် မြေပြင်မှ ကျူးကျော်ဝင်ရောက်လာနိုင်သော လေယာဉ်ငယ်များ၊ မော်တော်ယာဉ်များ၊ သင်္ဘောများနှင့် ခိုးဝင်သူများကို ထောက်လှမ်းခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် ခြေရာခံခြင်းများကို ပြုလုပ်နိုင်ပါသည်။

 

မြန်မာနိုင်ငံအတွက်သုံးသပ်ချက်

မြန်မာနိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံတို့ကြားတွင် တည်ရှိခြင်းနှင့် နိုင်ငံငယ်သော်လည်း လူဦးရေ တိုးပွားနှုန်းများသည့် နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိခြင်းတို့ကြောင့် နယ်စပ်ဒေသလုံခြုံရေးသည် လွန်စွာ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်လာပါသည်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အနောက်ဘက်နယ်စပ်မှ ခိုးဝင် ဘင်္ဂါလီများ ပြဿနာနှင့် အရှေ့မြောက်နယ်စပ်မှ ကိုးကန့်သောင်းကျန်းသူများ ကျူးကျော်တိုက်ခိုက်လာမှုတို့ကို သုံးသပ် ခြင်းအားဖြင့် နယ်စပ်ဒေသလုံခြုံရေးအား အဆင့်မြင့်တင်ရေးသည် အဆောတလျင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ထင်ရှားလာပါသည်။ သမရိုးကျ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအား ခေတ်မှီနည်းပညာများနှင့် ပေါင်းစပ်အသုံးပြုခြင်းသည် နယ်စပ်ဒေသလုံခြုံရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် နည်းပညာအရ လက်လှမ်းမီနေပြီဖြစ်သော မောင်းသူမဲ့လေယာဉ်များ တပ်ဖြန့်ချထားနိုင်ခြင်းသည် များစွာသော အကျိုးကျေးဇူးကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

ဒေါက်တာနိုင်ဆွေဦး

(Ref; Military Technology, December 2014)

Share.

About Author

Leave A Reply